မိုးစပါးစိုက်ရန် အချိန်မှီသေးလား (စိုက်မလား? နားမလား?)
ယခုအချိန်တွင် နွေစပါး(မိုးကြို)အား နောက်ကျမှ ရိတ်သိမ်းရသူများအနေဖြင့် မိုးစပါးစိုက်သင့်သေးလား၊ မစိုက်သင့်တော့ဘူးလား ဆိုပြီး ဒွိဟဖြစ်နေကြတဲ့ အချိန်ဖြစ်သဖြင့် ယခုဆောင်းပါးအား ရေးသားရခြင်း ဖြစ်ရာ လိုက်နာဆောင်ရွက်ခြင်း ပြု၊မပြု ကတော့ မိမိတို့သဘောဆန္ဒအတိုင်းသာ ဖြစ်ပါတယ်။
အဲဒီအခါမှာ
နောင်ခါလာမှ နောင်ခါစျေး ဘယ်လိုဖြစ်ဖြစ် မိုးစပါးတော့ စိုက်မယ် မနားဘူး။
မိုးစပါး ထပ်မစိုက်တော့ဘဲ ဆောင်းသီးနှံအချိန်အခါမှီ စိုက်ပျိုးနိူင်ရန် မိုးစပါး စိုက်ပျိုးခြင်းကို နားမယ်။
ဆိုသူများလည်း ရှိလာမှာပါ။
နောင်ခါလာမှ နောင်ခါစျေး ဘယ်လိုဖြစ်ဖြစ် မိုးစပါးတော့ စိုက်မယ် မနားဘူး။
ဆိုသူများတွင်ပင် လူအမျိုးမျိုး ပါဝင်နေပါသေးတယ်
~ ပထမတစ်မျိုးက အိမ်က အာဏာရမင်း(မိန်းမ)က စိုက်ခိုင်းလို့ စိုက်ရတာ၊ လယ်ကွက်ထဲဘာဖြစ်နေတာ၊ စိုက်ချိန်နောက်ကျနေတာ သူတို့မသိ၊ သူများစိုက်တယ်ဆို စိုက်စေခြင်တဲ့ စိတ်ရှိနေကြလေတော့ အိမ်ကယောကျာ်းကို နားပူတိုက်တော့ နားအေးပြီးရော စိုက်ကြရတာလေ။
~ ဒုတိယတစ်မျိုးကတော့ မဖြစ်မနေစိုက်ရမယ့် အခြေအနေဖြစ်နေတာလေ၊ သီးနှံစိုက်ထားမှ ဒါကိုဗန်းပြပြီး ယူရငင်ရ လွယ်ကူမှာလေ။
~ တတိယတစ်မျိုးကတော့ ဘယ်လောက်ကုန်မယ်ဆိုရင်၊ ဘယ်လောက်ရမှ အရင်းရမယ်၊ အမြတ်ရမယ် ဆိုပြီး တွက်တာချက်တာ မှတ်သားတာမရှိ၊ သူများလုပ်ရင် ကိုယ်လုပ်မယ်၊ ထွက်သလောက်ပေါ့ ဆိုတဲ့ လူမျိုးတွေလေ။
ထိုကဲ့သို့သော လူမျိုးကတော့
နောင်ခါလာမှ နောင်ခါစျေး ဘယ်လိုဖြစ်ဖြစ် မိုးစပါးတော့ စိုက်မယ် မနားဘူး ဆိုတဲ့လူမျိုးတွေလေ။
မိုးစပါး ထပ်မစိုက်တော့ဘဲ ဆောင်းသီးနှံအချိန်အခါမှီ စိုက်ပျိုးနိူင်ရန် မိုးစပါး စိုက်ပျိုးခြင်းကို နားမယ်။
ဆိုတဲ့လူကတော့ နည်းနေမှာပါ။
မိမိကတော့ မှန်ကန်သော ထိုလုပ်ရပ်အတွက် အားပေး ကြိုဆိုပါတယ်။
ယခုအချိန်ရောက်မှ မိုးစပါးကို မစိုက်စေခြင်တော့ပါဘူး၊ အပင်သက်တမ်းဝင်နိူင်မည့် မျိုးအား ကြိုတင် ပျိုးထောင်ထားတယ် ဆိုလျင်တော့ မကန့်ကွက်လိုပါဘူး။
မိမိအနေဖြင့် ယခုအချိန်ရောက်မှ မိုးစပါးထပ်စိုက်မယ်
ဆိုတာနဲ့ ပါတ်သက်ပြီး အဓိက ရေးသားခြင်းဖြစ်ပါတယ်။
လူအချို့ကတော့ ပြောလာနိူင်ပါတယ်။
နွေစပါးပြီးလျင် မိုးစပါးစိုက်ဘို့ အချိန်မှီနေတာဘဲ၊ ဘာကြောင့် ရေးကြီးခွင်ကျယ်လုပ်ပြီး ရေးနေတယ် ဆိုပြီးတော့ပါ။
အဲဒီလို ပြောလာမည့် လူအများစုကတော့
~ စိုက်ပျိုးရေး အလုပ်အတွက် မဖြစ်မနေ လိုက်နာဆောင်ရွက်ရမည့် အချက်များ။
~ သီးနှံများ စိုက်ပျိုးရာတွင် အဓိက တွက်ချက်ရန် လိုအပ်သည့် မိမိစိုက်ပျိုးသည့် စပါးမျိုး၏ အပင်သက်တမ်း။
~ သီးနှံ သက်တမ်းတလျောက်မှာ ဘာတွေ လုပ်ဆောင်ရန် လိုအပ်တယ်။
~ စပါးပင် အသက်ဘယ်လောက်(အပင်အခြေအနေ)မှာ မြေဩဇာ ဘယ်လောက်ကြွေးရမယ်၊ ဘယ်လိုမြေဩဇာ ကြွေးရမည်။
~ စပါးပင် အသက်ဘယ်လောက်မှာ မှို့ကပ်မယ်၊ အနှံထွက်မယ်၊ ရိတ်သိမ်းရမည်။
ဆိုတာကိုပင် သိထားခြင်းပင် မရှိကြဘဲ ထစ်ကနဲရှိ လိုင်းပေါ်တက်ပြီး စိုက်ပျိုးရေး အဖွဲ့များ၊ လူပုဂ္ဂိုလ်များကို မေးနေကြတာကိုသာတွေ့နေရပြီး ဒါကိုက လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို လုပ်ဆောင်နေရသူများ အနေဖြင့် မိမိတို့ အသက်မွေးဝမ်းကျောင်း ပြုနေရသည့် လုပ်ငန်းတွင် လေ့လာမှတ်သားမှု၊ အားနည်းနေတာကို ပြနေကြတာပါ။
တခုသတိထားရမှာက မိမိမေးမြန်းနေရသော စိုက်ပျိုးရေး အဖွဲ့များ၊ လူပုဂ္ဂိုလ်များမှာ မိမိလောက်ပင် စပါးစိုက်ပျိုးခြင်းအတွေ့အကြုံနည်းပါးသူ၊ လက်တွေ့မရှိဘဲ စာတွေသာရှိနေကြသူများ ဆိုလျင် မိမိမေးမြန်းမှုများအတွက် မှန်ကန်သောအဖြေ ဖြစ်နိူင်မှာလား ဆိုတာပါဘဲ။
မိမိ အနေဖြင့် ယခု စိုက်ပျိုးထားသော နွေစပါး(မိုးကြို) စပါးရိတ်ပြီးမှ/ ရိတ်ပြီးသူ မိုးစပါး စိုက်သူ/ ကြဲပက်သူများ
ကို ယခုအချိန်ရောက်မှ မိုးစပါးကို ပြန်မစိုက်စေခြင်တော့ပါဘူးလို့ဆိုခြင်ပါတယ်။
ယခုစိုက်ပျိုးထားသော နွေစပါး(မိုးကြို) စပါးရိတ်ပြီးမှ မိုးစပါး စိုက်မည့်သူများ စဥ်းစားရမည့်အချက်မှာ
~ စပါး သက်တမ်းပြည့်လျင် ရိတ်သိမ်းရသည့် သက်တမ်းစပါး စိုက်မှာလား၊
~ ဘယ်အချိန်စိုက်စိုက် သူ့ရာသီရောက်မှ မှို့ကပ်၊ အနှံထွက်၊ ရင်မှည့်သည့် ရာသီစပါးကို စိုက်ပျိုးရိတ်သိမ်းပြီးမှ ဆောင်းသီးနှံ စိုက်မှာလား၊
ဆိုတာပါဘဲ။
ရာသီစပါးတွင်ပင် အနည်းငယ် အသက်ငယ်သည့်
ရာသီစပါး မျိုးများသည် အစောဆုံး (နိူဝဘ်ာ ပထမဆယ်ရက်ခန့်တွင်ရိတ်) ရိတ်ရသော်လည်း ဆောင်းသီးနှံစိုက်မည့် မိုးစပါးခင်းတွင် မစိုက်သင့်ပါဘူး။
ရာသီစပါးဟူသည် ဘယ်အချိန်စိုက်စိုက် သူ့ရာသီရောက်လျင် ရိတ်သိမ်းနိူင်ပေမယ် အပင်အတွက် လိုအပ်သည့် အပင်လုပ်ချိန်ကာလ မရရှိလျင်တော့ ပုံမှန် ထွက်ရှိနေသည့် အထွက်နှုန်းကို ရရှိနိူင်မှာ မဟုတ်၍ပါ။
(ရာသီစပါးအား အထွက်ကောင်းအောင် စိုက်ပျိုးလိုပါက သက်တမ်း (၅) လ ထက် မကြီးရန် လိုအပ်သလို သက်တမ်း (၃) လ ထက် မငယ်ရန် လိုအပ်ပြီး အကောင်းဆုံး သက်တမ်းမှာ (၁၃၅) ရက် ဖြစ်၍ပါ)
သို့ဖြစ်၍ ယခုအချိန်ရောက်မှ မိုးစပါး စိုက်ရန် ပြင်ဆင်နေပြီလို့ဆိုလာလျင်၊
~ မိမိစပါးခင်းသည် ယခုအချိန် ရိတ်ပြီး၍ တမန်းပြင်ပြီးပြီလား?
~ မိမိစပါးခင်းသည် ယခုအချိန်အထိ မရိတ်ရသေးဘူးလား?
မရိတ်ရသေးဘူးဆိုလျင်တော့ ရိတ်ရမည့် ကြာမည့်ရက်ကို ထပ်ပေါင်းရမည်ဖြစ်ပါတယ်။
၁၃၀-၁၃၅ ရက် သက်တမ်းရှိသည့် စပါးမျိုးအား စိုက်ပျိုးသူသည် သမန်းပြင်ပြီးဖြစ်လျင်
~ ရိတ်သိမ်းရက် ၇ ရက်
~ နိူဝဘ်ာ ၁၅ ရက်
~ အောက်တိုဘာ ၃၁ ရက်
~ စက်တင်ဘာ ၃၀ ရက်
~ ဩဂုတ်လ ၃၁ ရက်
~ ဇူလိုင် ၁၀ ရက်
ပျိုးထောင်ထားပြီး ယခုအချိန် ပျိုးသက် (၂၀-၂၅) ရက်သားခန့် ရနေလျင်တော့ နိူဝဘ်ာ တတိယပါတ်တွင်မှ ဆောင်းသီးနှံ စိုက်ရန် အဆင်ပြေပါလိမ့်မည်။
စိုက်ပျိုးသူအနေဖြင့်
မိုးပြတ် ရေပြတ်ခြင်းကာလ၊ ပျိုးထောင်စိုက်ပျိုးလျင် ကောက်ပင်လှန်ခြင်း ကာလ (၇)ရက်ခန့်ကိုတော့ ထည့်သွင်းတွက်ချက် ထားရပါလိမ့်မယ်။
(၁၂၀) ရက်သက်တမ်း စပါးအား စိုက်ပျိုးမည့်သူသည် သမန်းပြင်ပြီးဖြစ်လျင်
ရိတ်သိမ်းရက် ၇ ရက်
နိူဝဘ်ာ ၇/၂၀ ရက်
အောက်တိုဘာ ၃၁ ရက်
စက်တင်ဘာ ၃၀ ရက်
ဩဂုတ်လ ၃၁ ရက်
ဇူလိုင် ၁၀ ရက်
ဖြစ်သဖြင့် ပျိုးထောင်းထားပါက နိူဝဘ်ာ ပထမပါတ်တွင် စိုက်ပျိုးနိူင်ပြီး သမန်းကြဲပက်ခင်းဖြစ်လျင်တော့
နိူဝဘ်ာ တတိယပါတ်ခန့်တွင်မှ ဆောင်းသီးနှံ စိုက်ရန် အဆင်ပြေပါလိမ့်မည်။
(၉၅-၁၀၅) ရက်သက်တမ်း စပါးအား စိုက်ပျိုးမည့်သူသည် သမန်းပြင်ပြီးဖြစ်လျင်
ရိတ်သိမ်းရက် ၇ ရက်
နိူဝဘ်ာ ၅ ရက်
အောက်တိုဘာ ၃၁ ရက်
စက်တင်ဘာ ၃၀ ရက်
ဩဂုတ်လ ၃၁ ရက်
ဇူလိုင် ၁၀ ရက်
ဖြစ်သဖြင့်
သမန်းကြဲပက်ခင်းဖြစ်၍ နိူဝဘ်ာ တတိယပါတ်ခန့်တွင်မှ ဆောင်းသီးနှံ စိုက်ရန် အဆင်ပြေပါလိမ့်မည်။
စိုက်ပျိုးသူအနေဖြင့် စပါးစိုက်ပျိုးရာတွင်
မိုးပြတ် ရေပြတ်ခြင်းကာလအတွက် သက်တမ်းပိုရှည်လာတတ်သည့် သက်တမ်း (၇)ရက်ခန့်ကိုတော့ မဖြစ်မနေ ထည့်သွင်းတွက်ချက် ထားရန်လိုပါလိမ့်မည်။
မိုးစပါး စိုက်ပျိုးမည့်သူ အနေဖြင့် မိမိ၏ နွေစပါး(မိုးကြိုစပါး) ကွက်သည် အထက်တွင် ဖော်ပြထားသည့် အခြေအနေမျိုး နှင့် မကိုက်ညီလျင်တော့
~ မိုးစပါးစိုက်ပြီး ဆောင်းသီးနှံ စိုက်ချိန်မမှီဘဲ နောက်ကျစိုက်မလား။
~ မိုးစပါး မစိုက်ပျိုးတော့ဘဲ ဆောင်းသီးနှံကို ဦးစားပေးမလား။
မိုးစပါး စိုက်မလား? နားမလား? ဆိုတာကတော့
~ မိုးစပါးစိုက်တောင်သူများနှင့်
~ ဆောင်းသီးနှံ ပဲမျိုးစုံ
စိုက်ပျိုးသူများ စဥ်းစား ဆုံးဖြတ်ရမည့် ကိစ္စပါ။
မိမိ၏ တသီးပုဂ္ဂလိက အမြင်အရ ပြောရပါလျင် ပုံမှန်ရာသီဥတု အခြေအနေတွင် နိူဝဘ်ာ (၁၅) ရက်မတိုင်ခင် ဆောင်းသီးနှံ စိုက်ပျိုးခြင်းပြီးစီးအောင် လုပ်ဆောင်ရန် လိုအပ်ပါလိမ့်မယ်။
ဒါဆိုလျင် မိုးစပါးအား အောက်တိုဘာလ အတွင်း ပြီးစီးအောင်၊ နိူဝဘ်ာပထမပါတ် အပြီး ရိတ်သိမ်းပြီးစီးအောင် ဆောင်ရွက်ရပေလိမ့်မည်
မိုးစပါးအပြီး ဆောင်းသီးနှံ ပဲမျိုးစုံ စိုက်ပျိုးကြမည့် တောင်သူတွေအနေဖြင့်
~ ယခုနှစ်တွင် နောက်အကျဆုံး ဘယ်အချိန်မှာ ဆောင်းသီးနှံ စ၍ စိုက်ပျိုးသင့်သလဲ။
~ မိမိစိုက်ကွက်သည် နှစ်စဥ် ဘယ်အချိန်မှာ ဆောင်းသီးနှံ စိုက်ပျိုးရန် အကောင်းဆုံးလဲ။
~ ယခုနှစ်တွင် ဘယ်အချိန်မှာ စိုက်သင့်သလဲ။
ဆိုတာကို
ပထမ စဥ်းစား ဆုံးဖြတ်ရမှာဖြစ်ပြီး
ဒုတိယ ကတော့ မိုးစပါးအား မိမိအနေဖြင့် ဘယ်အချိန် နောက်ဆုံးထား စိုက်ပျိုးပြီး ဘယ်အချိန် ရိတ်သိမ်းရအောင် စိုက်ပျိုးသင့်သလဲ ဆိုတာကို ပါဘဲ။
တောင်သူလယ်သမားများ အနေဖြင့် ဆောင်းသီးနှံ ပဲမျိုးစုံ စိုက်ရမည့် နောက်ဆုံးရက်ကို ယခုအချိန်ထဲက သတ်မှတ်ပြီး လက်ရှိ မိမိစိုက်ပျိုးမည့် မိုးစပါး သက်တမ်းနှင့် ချိန်ဆကာ မိုးစပါးကို စိုက်ပျိုးခြင်း၊ ကြဲပက်ခြင်းပြုဘို့ လိုအပ်လာပါပြီ။
ဒီတော့
မိုးစပါးရိတ်သိမ်းမည့် ရက်ကို ပုံသေထားပြီး မိုးစပါး ကြဲပက်ခြင်း၊ စိုက်ပျိုးခြင်း ပြုရပါမည်။
မည်သို့ပင် ဆိုစေကာမူ မိမိအနေဖြင့် ဖြစ်နိူင်ခြေကို သုံးသပ် တင်ပြခြင်းဖြစ်ပြီး ကျိန်းသေပေါက် ဖြစ်နိူင်တယ်လို့ ဆိုလိုခြင်းမဟုတ်၍ လိုက်နာခြင်း၊ မလိုက်နာခြင်း၊လက်ခံခြင်း၊ လက်မခံခြင်း ကတော့ မိမိတို့၏ ရွေးချယ်မှုပင် ဖြစ်ပါတယ်။
ချမ်းမြေ့ပါစေ
ဦးသက်လွင်(ထန်းညီနောင်)
၂၁.၇.၂၀၂၄
မှ ကူးယူဖော်ပြအပ်ပါသည်။
✦✦✦✦
VPN မလိုဘဲ စိုက်/မွေးအချက်အလက်များ ရယူရန်
ထွက်တိုးဝက်ဆိုက်သို့ သွားရန် -
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
Tik Tok သို့ သွားရန် - https://www.tiktok.com/@htwettoe?is_from_webapp=1...


