ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့နိုင်သည့် ကာလပြီးဆုံးကာနီး ပြောင်းက အတက်စျေးဖြင့် ငြိမ်နေ
ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့နိုင်သည့် ကာလပြီးဆုံးကာနီး ပြောင်းက အတက်စျေးဖြင့် ပုံမှန်စျေးတန်းတစ်ခုတွင် ငြိမ်နေကြောင်း ပြောင်းကုန်သည်များထံမှ သိရသည်။
ထိုင်းနိုင်ငံအနေဖြင့် ပြည်ပပြောင်းများ ကို တစ်နှစ်ပတ်လုံးဝယ်ယူခြင်း မရှိပဲ အကောက်ခွန်ကင်းလွတ်ကာလ ဖြစ်သည့် နှစ်စဉ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ အထိ၊ ၇ လပဲ ဝယ်ယူလျက်ရှိ၍ အခွန် ကင်းလွတ်ခွင့်ကာလမှာလည်း နီးနေပြီ ဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် ပြောင်းစိုက်သည့်ကာလဖြစ်သည့်အတွက် စျေးကွက်တွင် ပြောင်း လက်ကျန်သာ ရှိတော့ကြောင်း သိရသည်။
“ထိုင်းနိုင်ငံကို အခွန် ကင်းလွတ်ခွင့်က လက်ရှိ ပြောင်းက ပေါ်တဲ့ အချိန် မဟုတ်ဘူး စိုက်တုန်းရှိသေးတယ်။ ပြည်တွင်း လက်ကျန်နဲ့ ပြည်တွင်း အစာချက်စက်ရုံ နဲ့ တခြား နိုင်ငံတွေ တင်ပို့နေတာလဲ ရှိနေသေးတဲ့အတွက် ပုံမှန်တိုင်းတော့ သွားနေတယ်။ မိုးတွင်းဆိုတော့ သင်္ဘောတင်ရတဲ့အခါ အခက်ခဲတွေရှိတယ်။ ပြောင်းကလဲ ပြည်တွင်းမှာ ကျန်တာနဲ့ ပြည်တွင်း အစာချက်စက်ရုံတွေ ဝယ်ယူမှု နဲ့ ပုံမှန် လည်ပတ်နေတဲ့ အခြေအနေ ရှိပါတယ်။ “ ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ရန်ကုန်စျေး အနေဖြင့် ပြောင်း တစ်ပိဿာလျှင် ၁၄၅၀ မှ ၁၅၀၀ ကြားတွင် ပေါက်စျေးရှိနေပြီး အရည်အသွေး ကောင်းပါက ၁၅၀၀ အထက်တွင် အရောင်းအဝယ်ရှိနေကြောင်း သိရသည်။
“သွင်းအားစျေးတွေ သက်သာမယ်ဆိုရင် ဒီစျေး အရဆို တောင်သူတွေ စိုက်ချင်ရင် စိုက်သင့်တဲ့ အနေထားပါ။ စထွက်ခါစက ၁၀၀၀ ကျော်ကျော်လေး နဲ့ သွားတာဆိုတော့ တောင်သူတွေ အတွက်ကိုက်တယ်။ ဒါပေမဲ့ ဒီနှစ် ကုန်စျေးနှုန်းနဲ့ ဆိုရင်တော့ အရမ်း အကျိုးဖြစ်တဲ့ သီးနှံထဲမှာ မပါဘူးပေါ့နော်။ ထိုက်သင့်တဲ့ ဝင်ငွေရတဲ့ သီးနှံထဲ မှာ ပါတာပေါ့ “ ဟု ပြောင်း ကုန်သည်တစ်ဦးက ပြောသည်။
လက်ရှိ ပြောင်း FOB စျေးနှုန်း မှာ ၂၅၀ မှ ၂၇၀ ဒေါ်လာအထိ ပေါက်စျေး ရှိနေပြီး အတက်အကျ ရှိပါက ၅ ဒေါ်လာ ခန့် သာ အတက်အကျ ရှိကြောင်း သိရသည်။
ထို့ကြောင့် အခွန် ကင်းလွတ်ခွင့် ပြီးသွားပါက ဗီယမ်နမ် နိုင်ငံအပြင် အခြားနိုင်ငံ အနည်းငယ် နှင့် ပြည်တွင်း အစာချက်စက်ရုံများသို့ အဓိက အရောင်းအဝယ်ပြုလုပ်ရမည်ဖြစ်ကြောင်းသိရသည်။ နောက်ပိုင်း ပြောင်းမှာ မြန်မာစက်မှုသီးနှံ ဖြစ်သည့်အတွက် ပုံမှန် အရောင်းဝယ်တော့ရှိနေဦးမည် ဖြစ်ကြောင်း သုံးသပ်ကြသည်။
လက်ရှိ ပြည်တွင်း အခြေအနေ တည်ငြိမ်မှုမရှိခြင်းကြောင့် နယ်စပ် လမ်းကြောင်းများတွင် အချိန် ကြန့်ကြာမှုများလည်းရှိပြီး ပင်လယ်ရေကြောင်းလမ်းကိုသာ အဓိကအားထား တင်ပို့ရကြောင်းသိရသည်။ နှစ်စဉ် ပြည်တွင်း၌ တစ်နှစ်လျှင် ပြောင်း တန်ချိန် နှစ် ဒသမ သုံး သန်း နှင့် နှစ် ဒသမ ခြောက်သန်း ကြားတွင် ထွက်ရှိပြီး ယခုနှစ်တွင် အထွက်နှုန်း တိုးနိုင်ကြောင်းလည်း သိရသည်။
ပြောင်းစျေးမှာ လက်ရှိ ဈေးကောင်းရရှိနိုင်သော်လည်း ထိုင်း နိုင်ငံတွင်းမှာ ဩဂုတ်လတွင် ပြောင်းများ စတင် ပေါ်လာချိန်တွင် ဈေးပြန်လည် ကျဆင်းနိုင်ကြောင်းလည်း ခန့်မှန်းကြသည်။
ဖိုးချဲ(AMIA)
------
သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။
ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download