စျေးကွက်သုံးသပ်ချက် (၅.၈.၂၀၂၄ မှ ၉.၈.၂၀၂၄)
မတ်ပဲ
မတ်ပဲကတော့ ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးမြင့်တက်လာတာ ဖြစ်ပါတယ်။ ပြင်ပငွေကြေးလဲလှယ် ဈေးနှုန်းမြင့်တက်လာတဲ့အတွက် ပြည်တွင်းပို့ကုန်ပဲ ဈေးနှုန်းတွေ ဈေးမြင့်တက်လာပေမယ့် FOB ဈေးနှုန်းကတော့ ကျဆင်းနေဆဲ ဖြစ်ပါတယ်။ ဗဟိုဘဏ်ကတော့ ပို့ကုန်ရငွေရဲ့ ၂၅ ရာခိုင်နှုန်းကိုသာ မြန်မာကျပ် ငွေဖြင့် လဲလှယ်ဖို့ ၈ ရက်နေ့က ထုတ်ပြန် အပြီးမှာတော့ ပဲဈေးတွေက ထပ်ပြီး မြင့်တက်လာတဲ့အခြေအနေလည်း ဖြစ်ပါတယ်။ ပို့ကုန်ပဲတွေကတော့ တင်ပို့မှု ရှိနေဆဲဖြစ်လို့ ဈေးကွက် အခြေအနေကြည့်ပြီး အရောင်းအဝယ်ရှိနေတယ်လို့ ကုန်သည်အချို့ကတော့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံတွင်းမှာတော့ မုတ်သုံမိုးကောင်းတဲ့အတွက် ပဲ စိုက်ပျိုးမှုနှုန်းတွေကတိုးလာတဲ့အခြေအနေလို့ သိရပါတယ်။ ဈေးကွက်အတွင်းမှာလည်း ပဲအသစ်တွေက ပေါ်တော့မှာဖြစ်လို့ ပဲ အသစ်တွေ ဝယ်ဖို့ရာ စောင့်ဆိုင်းနေကြလို့ မတ်ပဲဈေးက အကျဈေးနဲ့ ရှိနေတယ်လို့လည်း အိန္ဒိယဈေးကွက် သတင်းတွေအရ သိရပါတယ်။
အိန္ဒိယနိုင်ငံ ချန်နိုင်းဈေးကွက်မှာ မြန်မာ မတ်ပဲ FAQ က တစ်တန်ကို ရူပီး ၈၆၅၀ ရှိပြီး ပြီးခဲ့တဲ့ အပတ်ယှဉ်ရင် တစ်တန်ကို ၁၀၀ ရူပီး ဈေးကျဆင်းပါတယ်။
ပြီးခဲ့တဲ့ အပတ်က သောကြာနေ့က ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၃၉၀၀၀၀ ရှိ ခဲ့ပါတယ်။ တနင်္လာနေ့မှာတော့ တစ်တန်ကို ၃၄၂၄၀၀၀၊ အင်္ဂါနေ့မှာတော့ တစ်တန်ကို ၃၄၂၀၀၀၀ကျပ်၊ ဗုဒ္ဓဟူးနေ့ မှာတော့ တစ်တန်ကို ၃၄၂၅၀၀၀၊ ကြာသပတေးနေမှာတော့ တစ်တန်ကို ၃၄၈၄၀၀၀၊ သောကြာနေ့မှာတော့ တစ်တန်ကို ၃၅၉၁၀၀၀ ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၂၀၀၀၀၀ ကျော်ဈေးမြင့်တက်လာပါတယ်။
(SQ/RC) ကတော့ တစ်တန်ကို ၃၉၂၆၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၂၁၆၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၅၈၅၅ မှ ၅၈၉၅ ပေါက် ဈေးရှိပြီး တစ်ပိဿာကို ၂၄၅ ကျပ်ဈေးမြင့်တက်လာပါတယ်။
မတ်ပဲ FOB ဈေးနှုန်းကတော့ တစ်တန်ကို ၉၂၅ မှ ၉၃၅ ဒေါ်လာ ပေါက်ဈေးရှိပြီး ၁၀ ဒေါ်လာ ဈေးကျဆင်းပါတယ်။ လက်ရှိ ပြည်တွင်း ငွေလဲလှယ်နှုန်းဈေးက ပြင်ပပေါက်ဈေး ငွေကျပ် ၅၆၀၀ မှ ၅၇၀၀ ထိ ရောက်ရှိနေတယ်လို့ ဈေးကွက်အတွင်း စုံစမ်းသိရှိရပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဈေးကွက်အတွင်း အသစ်တွေ အဝင်ရှိနေပါတယ်။ အဟောင်းတွေကလည်း လက်ရှိမှာ အခြား ပို့ကုန်ပဲ တွေ နဲ့ အတူ ဈေးမြင့်တက်နေတဲ့အခြေအနေ ဖြစ်ပါတယ်။ ဈေးမြင့်တက်နေပေမယ့်လည်း ပဲအသစ်တွေ ဈေးကွက်ထဲ အဝင်ရှိနေတာကြောင့် အခြား ပဲတွေလို ခုန်တက်သွားတာမျိုး မရှိတာကို တွေ့ရပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၄၂၅၀ ကျပ်၊ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၄၀၀၀ ကျပ်၊ ပဲတီစိမ်း ဝါးခယ်မကတော့ တစ်ပိဿာကို ၃၄၅၀ မှ ၄၇၅၀ ကျပ် နဲ့ ဈေးငြိမ်နေပြီး၊ ပဲတီစိမ်း (ပခုက္ကူ)ကတော့ တစ်ပိဿာကို ၃၁၆၅ မှ ၃၉၂၀ ပေါက်ဈေးရှိပြီး ၅၈၅ ကျပ်ဈေးတက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ) အသစ်က က သုံးတင်းဝင်တစ်အိတ်ကို ၁၉၈၀၀၀ မှ ၂၃၅၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်အိတ်ကို ၁၅၀၀၀ လောက်ဈေးမြင့်တက်လာပါတယ်။
ပဲတီစိမ်း(အညာ) FOB ဈေးနှုန်းကတော့ တစ်တန်ကို ၇၀၀ မှ ၇၁၀ ကြား ရှိပြီး ဈေးငြိမ်ပါတယ်။
ပဲပုပ်
ပဲပုပ်ဈေးကတော့ လက်ရှိမှာ အဝယ်သွက်နေတာရော ငွေကြေးဈေးနှုန်းကြောင့်ပါ စံချိန်တင် ဈေးမြင့်တက်နေပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲပုပ်(ဆီတိုး)က တစ်ပိဿာကို ၆၀၀၀ မှ ၆၃၃၅ ရှိပြီး တစ်ပိဿာကို ၈၃၅ ကျပ်ဈေးတက်လာပါတယ်။ အထွက်တိုးကတော့ တစ်ပိဿာကို ၅၅၀၀ မှ ၅၈၃၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၃၅ ကျပ်ဈေးတက်လာပါတယ်။ ၂ပတ် အတွင်း တစ်ပိဿာကို ၂၀၀၀ နီးပါးဈေးမြင့်တက်လာတာ ဖြစ်ပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပဲပုပ်(ဗမာ)က တစ်အိတ်ကို ၃၀၀၀၀၀ မှ ၃၀၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပဲပုပ်(ရှမ်း)ကတော့ တစ်အိတ်ကို ၃၄၅၀၀၀ မှ ၃၅၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။ ၂ ပတ်အတွင်း တစ်အိတ်ကို ၁ သိန်းနီးပါး ဈေးမြင့်တက်လာခြင်း ဖြစ်ပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ ဈေးကွက်အတွင်း အနည်းငယ်ပြန်ကျဆင်းသွားပေမယ့် အတက် ဈေးနဲ့ ရှိနေတဲ့အခြေအနေ ပါ။ ရှမ်းဈေးကလည်း ဈေးကွက်အတွင်း သယ်ယူပို့စရိတ် မြင့်တက်တာ တွေကြောင့် အနည်းငယ်မြင့်တက်ပေမယ့် ဈေးကွက်အတွင်း အရောင်းအဝယ်အေး တယ်လို့သိရ ပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ကြက်သွန်ဖြူရှမ်းက တစ်ပိဿာကို ၉၅၀၀ မှ ၁၁၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။
ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ တစ်ပိဿာကို ၁၄၃၀၀ မှ ၁၄၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးပြန်ကျဆင်းပါတယ်။
အာလူး
အာလူးဈေးကတော့ လက်ရှိ ဆက်တိုက်ဈေးမြင့်တက်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ သယ်ယူပို့ဆောင်စရိတ် နဲ့ ဈေးကွက်ထဲ အဝင်နည်းတဲ့အတွက် ဆက်တိုက်ဈေးမြင့်တက်လာတာ ဖြစ်ပါတယ်။
ရှမ်း အာလူးတွေကတော့ ရန်ကုန်ဈေးကွက်ထဲ အဝင်ရှိပေမယ့် ဈေးအဖွင့်တော့ မရှိပါဘူး။ အောင်ပန်းဘက်မှာတော့ အာလူးအသစ် တစ်ပိဿာကို အနိမ့်ဆုံးဈေး ၁၀၀၀ ကနေ ၃၅၀၀ ကြားရှိပြီး အဟောင်းတစ်ပိဿာကတော့ ၅၀၀၀ ထိ ဈေးရှိနေပါတယ်။
တရုတ်အာလူးတွေကတော့ တစ်ပိဿာကို ၅၃၀၀ မှ ၅၅၀၀ ရှိပြီး တစ်ပိဿာကို ၈၀၀ ကျပ်ဈေးတက်လာပါတယ်။
AMIA
-----