မြေချဉ်ခြင်းနှင့် နိုက်ထရိုဂျင် မြေသြဇာ
မြေချဉ်တယ်ဆိုတာ မြေဆီလွှာရှိ အငန်ဓာတ် သက်ရောက်စေသော ကယ်လ်စီယံ၊ မဂ္ဂနီစီယံ၊ ဆိုဒီယံတို့သည် အချဉ်ဓာတ်ဖြစ်စေသော ဟိုက်ဒရိုဂျင် (H+) အိုင်းရွန်းများ၏ ဖယ်ထုတ်ခံရပြီး မိုးရေ၊ ဆည်ရေနှင့်အတူ စိမ့်ဆင်းဆုံးရှုံးသွားခြင်းကြောင့် မြေချဉ်ရပါသည်။ မြေချဉ်ရသော အကြောင်းရင်းများတွင် အမိုးနီးယားနှင့် ပုလဲမြေသြဇာ အသုံးများလာခြင်းလည်း ပါဝင်ပါသည်။ဖော်ပြပါ မြေသြဇာများတွင် ပါဝင်သော အမိုနီယံ (NH4+) ကို မြေဆီလွှာရှိ ဘက်တီးရီးယားများက နိုက်ထရိတ် (NO3) သို့ ပြောင်းလဲစေရာတွင် အချဉ်ဓာတ် (H+) ဖြစ်ပေါ်ပါသည်။ NH4+ + 2O2 ဘက်တီးရီးယား NO3+ H2O + 2H+သုံးစွဲသော မြေသြဇာ အမျိုးအစားအလိုက် အချဉ်ဓာတ်သက်ရောက်မှုကို ပျက်ပြယ်စေရန် သုံးစွဲရမည့် ထုံး (Cao) ပမာဏမှာအောက်ပါအတိုင်း ဖြစ်ပါသည်။ ဓာတ်မြေသြဇာ အမျိုးအစားနှင့် မြေသြဇာတွင်ပါရှိသော နိုက်ထရိုဂျင် တစ်ကီလိုသုံးတိုင်း ထည့်ပေးရမည့် ထုံး၏နှုန်းထားမှာ ကယ်လ်စီယံ အမိုနီယံနိုက်ထရိတ်တွင် သုည ဒသမ ၆၀ ကီလို၊ ပုလဲမြေသြဇာတွင် ၁ ဒသမ ၀၀ ကီလို၊ဒိုင်အမိုနီယံဖော့စ်ဖိတ်တွင် ၂ ဒသမ ၀၀ ကီလို၊ အမိုနီယံဆာလ်ဖိတ်တွင် ၃ ဒသမ ၀၀ ကီလို ထည့်သင့်ပါသည်။ အမိုနီယံဆာလ်ဖိတ် သုံးစွဲရာမှ ဖြစ်ပေါ်လာမည့် အချဉ်ဓာတ်ပြယ်စေရန် သုံးစွဲရမည့် ထုံးပမာဏသည် အခြားမြေသြဇာများထက် ထူးကဲစွာ ပိုမိုပါသည်။ လက်ရှိ အသုံးများသော ပုလဲမြေသြဇာ၏ သုံးဆဖြစ်ပါသည်။ မြေချဉ်လွန်းလာပါက အပင်အတွက် လိုအပ်သော ဖော့စ်ဖရပ်၊
ထုံး၊ မဂ္ဂနီစီယံနှင့် မိုလစ်ဒီနံရရှိနိုင်မှု လျော့နည်းသွားပါမည်။ အချဉ်ဓာတ်သက်သောမြေတွင် သံဓာတ်နှင့် မင်းဂနိပျော်ဝင်မှု များလာသောကြောင့် အပင်သီးနှံတွင် အဆိပ်သင့်နိုင်ပါသည်။
ထို့ပြင် မြေတွင်းရှိ အကျိုးပြု ဘက်တီးရီးယားများ၏ လုပ်ဆောင်မှုနှေးကွေးသွားပါသည်။ ယခုကာလတွင် ကုမ္ပဏီအချို့က အမိုနီယံဆာလ်ဖိတ်ကို တင်သွင်းမှုများပြားလာပြီး ဈေးနှုန်းမှာ ပုလဲမြေသြဇာထက် သက်သာသောကြောင့် တောင်သူများကလည်းပိုမိုဝယ်ယူသုံးစွဲမည့်အခြေအနေ၊ သုံးစွဲသည့် အခြေအနေ ရှိပါသည်။ သတိပြုသင့်သည်မှာ မူလသဘာဝအခြေအနေအရ မိုးများသော ဒေသများတွင် အမိုနီယံဆာလ်ဖိတ် သုံးစွဲခြင်းသည် အချဉ်ဓာတ် မြန်ဆန်စွာ တိုးတက်လာမည့်အချက် ဖြစ်ပါသည်။
လက်ရှိ အမိုနီယံဆာလ်ဖိတ် ကီလို ၅၀ တစ်အိတ်၏ ဈေးနှုန်းမှာ ကျပ် ၁၄၄၀၀ ရှိပြီး ပုလဲမြေသြဇာ ကီလို ၅၀ တစ်အိတ်၏ ဈေးနှုန်းမှာ ကျပ် ၂၇၈၀၀ ဖြစ်ပါသည်။ နိုက်ထရိုဂျင်အာဟာရ ပါဝင်မှုနှင့်တွက်ချက်ပါက ၂၁ ရာခိုင်နှုန်း နိုက်ထရိုဂျင်ပါသော ပထမမြေသြဇာ၏ နိုက်ထရိုဂျင်တစ်ယူနစ်၏ မြေသြဇာဈေးနှုန်းမှာ ၆၈၅ ကျပ်ဖြစ်ပြီး ၄၆ ရာခိုင်နှုန်း နိုက်ထရိုဂျင်ပါဝင်သော ဒုတိယမြေသြဇာ၏နိုက်ထရိုဂျင် တစ်ယူနစ် ဈေးနှုန်းမှာ ၆၀၄ ကျပ်သာ ရှိပါသည်။ များစွာမကွာလှပါ။ ရှေ့ကာလများတွင် ဖြစ်ပေါ်နိုင်သည့် အခြေအနေကို ထည့်သွင်းစဉ်းစားပြီး မိမိစိုက်ပျိုးမည့် မြေအခြေအနေကို စစ်ဆေးစမ်းသပ်ကာ သင့်တော်မည့် နိုက်ထရိုဂျင်ဓာတ် မြေသြဇာအမျိုးအစားကို ရွေးချယ်သုံးစွဲသင့်ပါကြောင်း အကြံပြုအပ်ပါသည်။
ကျော်စိုး(မုံရွာ)
မြန်မာတောင်သူကြီးများ ဂျာနယ်
--------
!! ထွက်တိုးစိုက်/မွေး ဆော့ဝဲလ်က VPN မလိုအပ်ပါဘူးနော်။
ထွက်တိုးမှာ မေးခွန်းမေးမြန်းနည်း (သို့) စိုက်ခင်းပြဿနာအဖြေရှာနည်း - https://htwettoe.com/post/42799
ထွက်တိုး Telegram - https://t.me/htwettoe
ထွက်တိုး Viber - https://shorturl.at/hkYFX
ထွက်တိုး Youtube - https://www.youtube.com/@HtwetToe
ထွက်တိုး Tik Tok - https://www.tiktok.com/@htwettoe?_t=8oniiE6uZF4&_r=1