ငှက်ပျောစိုက်ပျိုးနည်း
ငှက်ပျောမျိုးများ
သီးမွှေးခွံဝါ၊သီးမွှေးခွံစိမ်း၊ရွှေနီ၊နံ့သာပု၊ဖီးကြမ်း၊ဝက်မလွတ်၊ဗျပ်ပြည့်(သို့မဟုတ်)လင်ပန်းပြည့်၊ရခိုင်ငှက်ပျော၊အစ္စရေးငှက်ပျောမျိုးများသည်လက်ရှိစိုက်ပျိုးနေသောမျိုးများဖြစ်ပါသည်။
မြေအမျိုးအစား
မြေသားနက်ရှိုင်း၍ ရေစိမ့်စီးမှုကောင်းသော နုန်းမြေဖြစ်ပြီး မြေဆီသြဇာ ပြည့်စုံသောမြေသည်အကောင်းဆုံးဖြစ်သည်။pH(၅.၅‒၆.၅)တွင်ဖြစ်ထွန်းသည်။မြေအချဉ်အငံဓါတ်အနည်းငယ်မြင့်သောမြေတွင်စိုက်ပျိုးဖြစ်ထွန်းနိုင်သော်လည်းဆားဓါတ်ပါဝင်မှု(၀.၀၅%)ထက်များသည့် ဆားပေါက်မြေတွင်မစိုက်ပျိုးသင့်ပါ။
ရာသီဉတု
ပူအိုက်စွတ်စို၍တစ်နှစ်မိုးရေချိန်(၈၀‒၁၀၀)လက်မရရှိသောဒေသတွင်ကောင်းစွာဖြစ်ထွန်းသည်။အပူချိန်(၃၀)ဒီဂရီစင်တီဂရိတ်ပတ်ဝန်းကျင်ကိုကြိုက်နှစ်သက်သည်။တောင်မြောက် လတ္တီတွဒ်(၃၀)ဒီဂရီအတွင်းဖြစ်ထွန်းသည်။ဆီးနှင်းကျခြင်းသည်အပင်ကြီးထွားမှုကိုထိခိုက် စေသည်။လေပြင်းထန်စွာတိုက်ခတ်ပါကငှက်ပျောပင်များအနာတရဖြစ်စေသည်။
မျိုးပွားခြင်း
သားတက်ဖြင့်မျိုးပွားကြသည်။ယခုအခါအပင်တစ်သျှူးမျိုးပွားနည်းဖြင့်လည်းမျိုးပွားလာကြပြီဖြစ်သည်။သားတက်တွင်လှံစို့သားတက်နှင့်ရေစို့သားတက်ဟူ၍ရှိပါသည်။လှံစို့သားတက်သည်ပင်ခြေပိုင်းတွင်ကောင်းစွာကြီးထွားဖွံ့ဖြိုးပြီးအစောပိုင်းကာလတွင်အရွက်မှာလှံသွားပုံသေးရှည်သောရွက်ပြားပါရှိသည်။ရေစို့သားတက်မှာရွက်ပြားကြီးသည်။လှံစို့သားတက်သည်(၁၁)လနှင့်အခိုင်ကျပြီးရေစို့သားတက်မှာ (၁၅)လကြာမှသာအခိုင်ကျသည်။ရွေးချယ်ထားသောသားတက်၏အမြစ်များနှင့်အသားပိုများအားပြောင်စင်အောင်ဖယ်ရှားပါ။ထို့နောက်မြေအောင်းပိုးသတ်ဆေးကိုသားတက်တစ်ခုလျှင်(၂၀‒၄၀)ဂရမ်နှုန်းထည့်ပေးခြင်းဖြင့်မြေတွင်းအောင်းပိုးနှင့်နီမတုတ်ကိုကာကွယ်ပါ။
မြေပြုပြင်ခြင်း
ထယ်နက်နက်ထိုးပြီးထွန်မွှေကာမြေညှိပါ။စိုက်ကျင်းကို(၂'×၂'×၂')တူးပါ။နွားချေး၊မြေဆွေး(၂၀-၃၀)ကီလိုဂရမ်ကိုအပေါ်ယံမြေနှင့်ရော၍စိုက်ကျင်းတွင်ထည့်ပါ။
စိုက်ပျိုးခြင်း
အပင်မြင့်မျိုးများကိုပင်ကြား×တန်ကြား(၇'×၉')နှင့်အပင်ပုမျိုးများကို(၅'×၅')ထား၍စိုက်ပျိုးပါ။အအေးလွန်ကဲသည့်ဆောင်းရာသီနှင့်မိုးများစွာရွာသည့်ကာလမှလွဲ၍ကျန်အချိန်များတွင်စိုက်ပျိုးပါ။
ရေပေးသွင်းခြင်း
မြေအမျိုးအစားနှင့်ရာသီဥတုပေါ်မူတည်၍ရေသွင်းသည့်အကြိမ်ကွဲပြားပါသည်။ပုံမှန်အားဖြင့်ဒီဇင်ဘာလမှဇွန်လအထိ(၁၀)ရက်တစ်ကြိမ်ရေပေးသွင်းပါ။
မြေသြဇာကျွေးခြင်း
စိုက်ကျင်းတစ်ကျင်းလျှင်နွားချေးဆွေး(၂၀)ကီလိုဂရမ်၊ဒိုလိုမိုဒ်ထုံးကျောက်မှုန့်(၀.၅)ကီလိုဂရမ်၊တီစူပါ(၇၅)ဂရမ်ကိုအပေါ်ယံမြေနှင့်ရောပြီးအပင်မစိုက်ပျိုးမီကျင်းတွင်ထည့်ပါ။စိုက်ပျိုးထားသောအပင်များအမြစ်စွဲလျှင်တစ်ပင်တွင်ယူရီးယား(၄၃၅)ဂရမ်၊တီစူပါ(၂၁၀)ဂရမ်၊ပိုတက်ရှ်(၃၂၀)ဂရမ်ထည့်သွင်းပေးပါ။ပထမနှစ်လမိုင်းခင်းတွင်တစ်ပင်ကိုယူရီးယား(၂၂၀) ဂရမ်၊တီစူပါ(၁၀၀)ဂရမ်နှင့်ပိုတက်ရှ်(၃၀၂)ဂရမ်နှုန်းထည့်သွင်း ပေးပါ။ဒုတိယနှစ်လမိုင်းခင်း တွင်တစ်ပင်ကိုယူရီးယား(၁၁၀)ဂရမ်နှုန်းထည့်သွင်းပေးပါ။ယူရီးယားကို(၃၀)ရက်၊(၇၅)ရက်၊(၁၂၀)ရက်နှင့်(၁၆၅)ရက်ခြား၍အကြိမ်ကြိမ်ခွဲ၍ထည့်ပါ။ပိုတက်ရှ်ကို(၇၅)ရက်နှင့်(၁၆၅) ရက်ခြား၍နှစ်ကြိမ်ခွဲထည့်ပေးပါ။ဓါတ်မြေသြဇာထည့်သွင်းခြင်းကိုငှက်ပျောဖူးမထွက်မှီ(စိုက်ပြီး၅-၆လအကြာ)အပြီးဆောင်ရွက်ပါ။
သားတက်များမွေးမြူခြင်း
သားတက်(၂)တက်သာထား၍ကျန်သားတက်များကိုဖယ်ရှားပါ။
အပင်ပြုစုရာတွင်သတိပြုရမည့်အချက်များ
- ပေါင်းမြက်ရှင်းလင်းရာတွင်အမြစ်ထိခိုက်မှုမရှိစေရန်ဂရုစိုက်ဆောင်ရွက်ပါ။
- မိုးရာသီတွင်ရေစိမ့်ဆင်းမှုကောင်းရန်နှင့်အပင်ခြေရေမဝပ်စေရန်အပင်ခြေကိုမြေဖို့ပေးပါ။သို့ရာတွင်နွေနှင့်ဆောင်းရာသီတွင်အပင်များကိုရေပေးသွင်းနိုင်ရန်ဆောင်ရွက်ပါ။
- သီးခိုင်ထွက်လာလျှင်ဝါးဖြင့်ကျားကန်ထောက်ပေးပါ။
- ခြောက်သွေ့ဆွေးမြေ့နေသောအရွက်များနှင့်အပင်အစိတ်အပိုင်းများအားဖယ်ရှားပေးပါ။
- အသီးကြီးထွားရန်ငှက်ပျောဖူး(အဖိုဖူး)အားဖြတ်ပေးပါ။
- နေလောင်ခြင်း၊ဖုန်တင်ခြင်းမရှိစေရန်နှင့်အသီးအရောင်လှပစေရန်အသီးခိုင်ကို အပြာရောင်ပလပ်စတစ်အိတ်ဖြင့်စွပ်ပေးပါ။
- စီးပွားရေးတွက်ချေကိုက်ရန်ငှက်ပျောခင်းအား(၃)နှစ်အထိသာထားပြီးအသစ်ပြန်စိုက်ပါ။
အများဆုံးကျရောက်သည့်ရောဂါများ
ပနားမားပင်ညှိုးရောဂါ
အမြစ်ဒဏ်ရာများမှ တစ်ဆင့်မှိုများဝင်ရောက်ပြီး အစာရေကြောဆီသို့ တိုက်ခိုက်ခြင်း ကြောင့်အပင်ညှိုးရခြင်းဖြစ်သည်။အပြင်ဘက်ဆုံးအရွက်များစတင်ဝါလာခြင်း၊ရွက်ညှာမှငိုက်ကျခြင်းများစတင်ဖြစ်ပေါ်၍မကြာမှီအရွက်များအားလုံးငိုက်ကျပြီးအပင်သေသွားသည်။ခံနိုင်ရည်ရှိသောမျိုးကိုရွေးချယ်စိုက်ပျိုးပါ။ရောဂါရအပင်ကိုထုတ်၍မီးရှို့ပါ။ငှက်ပျောခင်းအားရေလွှမ်းပေးပါ။ ရောဂါရမြေတွင်(၃-၄)နှစ်အတွင်းငှက်ပျောမစိုက်သင့်ပါ။ရောဂါကျရောက်ခဲ့ သောအခင်းတွင်ငှက်ပျောထပ်မံမစိုက်ပျိုးဘဲပဲမျိုးနွယ်ဝင်အပင်များ/ကြံတို့ဖြင့်သီးလှည့်စိုက်ပျိုးပါ။စိုက်ပျိုးပြီး(၅)လအကြာမှစတင်၍ကာဘင်ဒါဇင်(Carbendazim)၀.၂%နှင့်ပရိုပီကိုနိုးဇိုးလ်(Propiconozole)(၁)%ဆေးများကိုအပင်စိုက်ပြီးတစ်လှည့်စီဖြန်းပေးပါ။
အဝါရောင်စီဂါတိုကာရောဂါ
အရွက်ဖက်ပေါ်တွင်အစိမ်းရောင်သန်းသည့်အစင်းကြောင်းများဖြစ်ပေါ်ပြီးတဖြေးဖြေးဘဲဥပုံအညိုရောင်အစက်များဖြစ်လာပြီးအရွက်အနားများထူလာ၍အလယ်ပိုင်းအ ရွက်သည်ခြောက်သွေ့နေသည်။ရောဂါပြင်း ထန်ပါကအသီးများကြီးထွားရင့်မှည့်ခြင်းမရှိတော့ပါ။ရောဂါမပြင်းထန်ပါကအခိုင်၊အဖီးများငယ်သွား၍အသီးမရင့်ဘဲမှည့်သွားတတ်သည်။ရောဂါကျအရွက်များကိုခုတ်ယူမီးရှို့ဖျက်ဆီးပါ။ငှက်ပျောခိုင်ထွက်ချိန်မှခုတ်ချိန်ထိအောင်ဘော်ဒိုးဆေး(၅:၅:၅၀)ပက်ဖျန်းပေးပါ။ရွက်စင်းကြားများစဖြစ်သည်နှင့်ကာဘင်ဒါဇင်(Carbendazim)၀.၁% နှင့်ပရိုပီကိုနိုးဇိုးလ(Propiconozole)(၀.၁)% (သို့)မန်ကိုဇက်ဘ် (Mancozeb) (၀.၂၅%)ကို Teepol(ကပ်စေးသည့်ပစ္စည်း)ဖြင့်ရောစပ်ကာ(၁၀/၁၅)ရက်ခြားတစ်ခါအရွက်များ၏အောက်ဘက်မျက်နှာပြင်တွင်သုံးကြိမ်ပက်ဖျန်းပါ။
ငှက်ပျောရွက်ထိပ်အပြွတ်လိုက်ထွက်ဗိုင်းရပ်စ်ရောဂါ
အပင်ငယ်များတွင်အရွက်များမှာသေးရှည်ရှည်ဖြစ်နေပြီးအပင်ထိပ်တွင်စုပြုံ၍ထွက်နေသည်။အရွက်များကိုလက်ဖြင့်ချိုးချေကြည့်ပါကကြွပ်ဆပ်ဆပ်ဖြစ်နေသည်။ဗိုင်းရပ်(စ်)ရောဂါကင်းသောပျိုးပင်များကိုအသုံး ပြုပါ။ရောဂါရအပင်များကိုတူးထုတ်မီးရှို့ပါ။ငှက်ပျောစိုက်ခင်းအနီးကြံနှင့်သခွားမျိုးနွယ်ဝင်အပင်များစိုက်ပျိုးခြင်းကိုရှောင်ကြဉ်ပါ။
အများဆုံးကျရောက်သည့်ပိုးမွှားများ
ငှက်ပျောပင်အမြစ်စားကျိုင်း
ငှက်ပျောပင်၏ခေါင်းနှင့်ပင်စည်ကိုထိုးဖောက်စားသောက်ကြသဖြင့်ဒဏ်ရာရကာငှက်ပျောပင်များကျိုးကျသည်။ပင်ခြေရင်းသာမကခြံတစ်ခြံလုံးသန့်ရှင်းရေးပြုလုပ်ပါ။မြေအောင်းပိုးသတ်ဆေးကိုစတင်စိုက်ပျိုးချိန်တွင်ထည့်ပေးပါ။ဆိုးဝါးစွာကျရောက်ပါကဒိုင်မီသိုအိတ် (Dimethoate)ကိုမြစ်ဆုံနှင့်ပင်စည်အဆက်ကြားပက်ဖျန်းပေးပါ။
သံချေးရောင်အသီးသရစ်ပိုး
အရွက်များဝါသွားပြီးအသီးပေါ်တွင်သံချေးရောင်ဖြစ်ပေါ်လာသည်။ကျန်းမာပြီးဖျက်ပိုးကင်းသောသားတက်များကိုစိုက်ပါ။သီးခိုင်များ၊ပင်စည်များနှင့်သားတက်များကိုကလိုပိုင်ရီဖော့စ်(Chlorpyirfos)ဖြင့်ပက်ဖျန်းပါ။
ငှက်ပျောခိုင်ခုတ်ခြင်း
အဖူးထွက်ပြီး(၆)လခန့်ငှက်ပျောသီးဇောင်းပျောက်ပြီးလုံးဝန်းသောအချိန်တွင်ခုတ်ပါ။သားတက်သန်မာစေရန်ငှက်ပျောခိုင်ခုတ်ပြီးသောအပင်ကိုအောက်ခြေမှ(၅)ပေချန်ပြီးဖြတ်ပါ။
စိုက်ပျိုးရေးဦးစီးဌာန