မိုးရာသီတွင် ငါး၊ ပုစွန်မွေးမြူရေးကန်များအပေါ် ထိခိုက်စေသောအချက်များ
မြန်မာနိုင်ငံရှိ ငါးမွေးတောင်သူများ၏ လုပ်ငန်းခွင် ရာသီအလိုက်ဆောင်ရွက်ရာတွင် မိုးဦးကာလ ဇွန်လတွင် ငါး၊ပုစွန်သားပေါက်များ ထည့်သွင်းမွေးမြူ ကြပါသည်။ မြန်မာနိုင်ငံ၏ မုတ်သုန်ရာသီအရ ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာလများသည် မိုးများသောကာလဖြစ်ပါသည်။ ပုံမှန်မိုးထက် ရာသီဥတုဖောက်ပြန်ခြင်းကြောင့် မိုးပိုမိုရွာသွန်းပါက ငါးမွေးကန်၊ ပုစွန်မွေးကန်များတွင် ရူပ ဓါတု ဆိုင်ရာပြောင်းလဲခြင်းများကို ခံစားရပါသည်။ ရူပဆိုင်ရာ ခံစားချက်များမှာ မိုးများစွာ ရွာသွန်းခြင်းကြောင့် ငါး၊ ပုစွန်မွေးကန်များ ရေလျှံခြင်းနှင့်အတူ ရေကြီးနစ်မြှုပ်ခြင်းများ ရှိနိုင်ပါသည်။ ထို့အတူ ငါး၊ပုစွန် ကန်ဘောင်များသည် မိုးများသဖြင့် မြေပျော့ခြင်း၊ ကျိုးပေါက်ခြင်းများ ရှိတတ်ပါသည်။ ကန်ဘောင်နှင့် ကန်အတွင်း မြက်ရိုင်းများ ထူးထပ်စွာ ပေါက်တတ်ပါသည်။ မိုးများသဖြင့် ကန်ဘောင်မှ ရွှံ့ရေများ ကန်အတွင်းကျရောက်စေပြီး ကန်ရေကိုနောက် ကျစေခြင်းအပြင် ကန်အတွင်းနှုန်းကျဆင်းမှု များပြားပါသည်။
ဓါတုဆိုင်ရာ ထိခိုက်စေခြင်းများမှာ ကန်အတွင်းမိုးရေများ များပြားစွာကျရောက်သဖြင့် ရေ၏ချဉ် ဖန်နှုန်းကို ကျဆင်းစေပါသည်။ မိုးသည် အဆက်မပြတ်ရွာသွန်းပြီး နေရောင်ခြည် မရသည်ကများသဖြင့် ကန်ရေတွင် အပူချိန်ကျဆင်းခြင်းများလည်း ရှိလာတတ်ပါသည်။ မိုးရေများလာသဖြင့် ရေကြည်နှုန်းသည် လက်မ(၂ဝ)ကျော်အထိ ရှိလာတတ်ပါသည်။ တနည်းအားဖြင့် ရေဩဇာများ ပျက်စီးခြင်းကို ကြုံတွေ့ရပါသည်။ အထက်ဖော်ပြပါ အခြေအနေမျိုးသည် မွေးမြူထားသော ငါး၊ ပုစွန်များကို တိုက်ရိုက်သော်လည်း၊ သွယ်ဝိုက်သော်လည်း ထိခိုက်စေပါသည်။ ကန်အတွင်းရှိ မွေးမြူထားသောငါးသည် ငါးသန်အရွယ်၊ ငါးဖျန်းအရွယ်သာ ရှိသေးသဖြင့် ခံနိုင်ရည်လည်းနည်းပါသောကြောင့် ငါးကြီးထွားနှုန်းကျစေခြင်းနှင့် အသေ၊ အပျောက်ဖြစ်စေခြင်းကို ကြုံတွေ့ရတတ်ပါသည်။
အဆိုပါ ရူပ၊ ဓါတုဆိုင်ရာ ဖြစ်ရပ်များသည် ငါးမွေးကန်များအတွက် ကြီးမားသော ပြသနာမဟုတ် သော်လည်း ကုန်ထုတ်လုပ်မှုကို ကျဆင်းစေပါသည်။ ကန်ဘောင် နှင့် ကန်အတွင်း မြက်ရိုင်းများပေါက်ရောက်ပါက မြွေများ ခိုအောင်ပြီး ကန်အတွင်း ငါးသန်အရွယ်များကို စားသောက်စေပါသည်။ ရေပိုးများပေါက်ဖွားခြင်းကို ဖြစ်စေပြီး၊ မြက်များရှိပါက ကန်အတွင်းသို့ ကာလီမက် ရေပိုးသတ်ဆေးဖြင့် သတ်ပါက ပိုးများသည် မြက်များအတွင်း တိမ်းရှောင်ပြီး ရေပိုးများကင်းစင်မှု မရှိပါ။ ထို့ကြောင့် မြက်များရှင်းလင်းပေးရန် လိုအပ်ပါသည်။ ကန်ဘောင်ပေါ်ရှိ ရွှံ့များကြောင့် ကန်ရေသည် နောက်ကျိနေပါက ရေဩဇာ ဖြစ်စေမှုကို အနှောက်အယှက်ဖြစ်စေပြီး၊ ငါး များ၏ပါးဟက်တွင် ရွှံ့များဝင်ရောက်နိုင်ပါသည်။ ကန်ရေပြန်လည်ကြည်လင်စေရန်အတွက် တစ်ဧကလျှင် ထုံး(၁၅)ပိသာခန့် ပက်ပေးရန်လိုအပ်ပါသည်။
ဓါတုဆိုင်ရာ ထိခိုက်မှုများအတွက် မိုးအဆက်မပြတ်ရွာသောအချိန် နှင့် နေရောင်ခြည်ကောင်း စွာမရသောနေ့များတွင် ကန်ရေအပူချိန်ကျဆင်းပြီး ကန်ရေသည် (၂၅)ဒီဂရီစင်တီဂရိတ်အောက်ကျနေပါက အစာကျွေးခြင်းကို ရပ်ဆိုင်းထားပါရန်အကြံပြု အပ်ပါသည်။ ရေအပူချိန်သည် (၂၅)စင်တီဂရိတ်ကျော်ပြီး ၂၆၊ ၂၇၊၂၈ ဖြစ်နေပါကလည်း မိုးရွာနေသောအချိန် နှင့် နေမပွင့်သောအချိန်များတွင် အစာကျွေးခြင်းကို ရှောင်ရှားစေလိုပါသည်။ ရေ၏ချဉ်ဖန်နှုန်းသည် (၇)အောက်ရောက်နေပါက တဧကလျှင် ထုံး (၁၅)ပိသာမှ (၂ဝ)ပိသာအထိ ရေဖျော်ပြီး နေပူသောအချိန်တွင် ကန်အတွင်း အနှံ့ပက်ပေးပါရန်အကြံပြုပါသည်။
ဦးဆန်းအောင်
ထွက်တိုး
--------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက
ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။