စပါးပင်မယိုင်လဲအောင်ဘယ်လိုလုပ်ရမလဲ?
စိုက်ပျိုးထုတ်လုပ်မှု မြင့်မားရေးနှင့် အရည်အသွေးကောင်းမွန်ရေးကို အလေးထားပြီး မိုးရာသီတွင် စပါးသီးနှံကို စိုက်ပျိုးသည်ဟု မြင်မိသည်။ စိုက်ပျိုးထုတ်လုပ်မှု မြင့်မားရေးအတွက် အထွက်ကောင်းစပါးမျိုး (High Yielding Varieties) များဖြစ်သော မနောသုခ၊ ဆင်းသုခ၊ ရွှေဝါထွန်း၊ ဆင်းသွယ်လတ်၊ သီးထပ်ရင်၊ ရတနာတိုး စသည့် စပါးမျိုးပေါင်း ၅၀ ကျော်ကို စိုက်ပျိုးလျက်ရှိသည်။ အရည်အသွေး ကောင်းမွန်ရေး အတွက် အရည်အသွေးမြင့်မားသည့် စပါးမျိုးများ(High Quality Varieties) ဖြစ်သောဧရာမင်း၊ ဆင်းဧကရီ-၃၊ ပေါ်ဆန်းရင်၊ ရွှေဘိုပေါ်ဆန်း၊ မှော်ဘီ-၂ စသည့် စပါးမျိုးပေါင်း ၁၅ မျိုးခန့်ကို စိုက်ပျိုးလျက်ရှိ သည်။ ဖော်ပြပါစပါးမျိုးများကို နှစ်စဉ်အရည်အသွေးမပျက်စေဖို့ သွေးသစ်လောင်းသည့်အနေဖြင့် မျိုးစေ့ထုတ်စိုက်ပျိုးမှုတွေ လည်း ရှိသေးသည်။ ကုမ္ပဏီ^ ပုဂ္ဂလိက၊ အကျိုးတူ၊ အကျိုးဆောင်တောင်သူ၊ အသင်းအဖွဲ့ စသည်တို့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မည်သည့်ရည်ရွယ်ချက်ဖြင့် စိုက်ပျိုးသည်ဖြစ်စေ စိုက်ပျိုးသည့်မိုးစပါးအားလုံး အောင်မြင်ဖို့ လိုသည်။ အဟန့်အတားမျိုးစုံ ရှိနိုင်သော်လည်း အပင်ယိုင်လဲခြင်းကြောင့် အထွက်လျော့နည်းရခြင်း၊ အရည်အသွေးကျဆင်းရခြင်း၊ မျိုးစေ့မဖြစ်ဘဲ ရောင်းစပါး ဖြစ်သွားရခြင်းမျိုး မဖြစ်စေလိုသည်မှာ ကျွန်တော့်ဆန္ဒပင် ဖြစ်ပါသည်။ အခုတစ်လော လေပြင်း တိုက်လို့၊ မိုးကြီးရွာလို့ စပါးပင်တွေ ယိုင်လဲသံကြားရသည်။
ဘာ့ကြောင့် စပါးပင်ယိုင်လဲရသလဲ
ပင်ရပ်ရှည်လျှင် ယိုင်လဲသည်။ကျွန်တော်တို့ ယေဘုယျသိထားသည်။ အလင်းရောင် တုံ့ပြန်မှုရှိသည့် ဒေသစပါးမျိုးများကို စိုက်ချိန်စောစိုက်ပါက အပင်အရပ်သည် မူလထက် ရှည်သွားနိုင်သည်။ထိုမျိုးများသည် ပန်းပွင့်ရက်တိတိကျကျရှိသောမျိုး များဖြစ်လေရာ မည်သည့်အချိန်စိုက်စိုက် သတ်မှတ်ရက်ရောက်မှသာ ပန်းပွင့်သည်။ သို့ဖြစ်၍ အပင်လုပ်ရက်ကြာရှည်ပြီး အပင်အရပ် ပိုမိုရှည်ရခြင်းဖြစ်သည်။ စပါးတိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးလျှင် ယိုင်လဲနိုင်သည်။ ဖြစ်နိုင်ခြေရှိသည်။ ပျိုးထောင်၊ ကောက်စိုက်စနစ်ဖြင့် စိုက်ပျိုးသည့်စပါးပင်အမြစ်သည် တမန်းအတွင်း နစ်ဝင်နေသည်။ ကြဲပက်စိုက်စိုက်၊ အစိုတမန်းပြင်တွင် လူဖြင့်ဖြစ်စေ၊ မျိုးစေ့ချကိရိယာဖြင့်ဖြစ်စေ မျိုးစေ့ပဲချချ၊ မျိုးစေ့သည် တမန်းပြင်ပေါ်တွင်သာ အပင်ပေါက်ကာ ကြီးထွားရသည်။ သို့ဖြစ်ရာ စပါးပင်အမြစ်သည် တမန်းပြင်အပေါ်ပိုင်းတွင်သာ နေရာယူနေရတော့သည်။ ဒါ့ကြောင့် ပိုမိုယိုင်လဲလွယ်ရခြင်း ဖြစ် နိုင်ပါသည်။ မြေသြဇာကြောင့်လည်း ယိုင်လဲနိုင်တာရှိသည်။ တကယ်တော့ စပါးပင်အတွက် လိုအပ်သော နိုက်ထရိုဂျင် (N)၊ ဖော့စ်ဖောရပ်စ် (P) နှင့် ပိုတက်ဆီယမ် (K) တို့ကို အချိုးကျထည့်သွင်းရမှာဖြစ်သည်။ ထိုသို့မဟုတ်ဘဲ အပင်ဖြစ်ထွန်းချိန်တွင် နိုက်ထရိုဂျင်မြေသြဇာကို အလွန်အမင်းကျွေးပါက ယိုင်လဲနိုင်သည်။ နိုက်ထရိုဂျင်များများကျွေးတော့ ပင်ပွားများကာ စပါး အဆစ်နှင့် စပါးအပင်အရပ်များ ပိုရှည်ထွက်လာသည်။ အနှံထွက်ချိန်တွင် နှံစရှည်ပြီး အနှံ၏အလေးချိန်ကို ပင်စည်က တောင့်ခံထိန်းမတ်ထားနိုင်စွမ်းမရှိလေတော့ စပါးပင်များ ယိုင်လဲရလေတော့သည်။
ယိုင်လဲမှုဒဏ်ခံနိုင်သည့် စပါးမျိုးရရှိရေးစပါးမျိုး မွေးမြူရေးပညာရှင်များသည် အထွက်စွမ်းရည်နည်းပါးသည့် ဒေသမျိုးများ နေရာတွင် အထွက်စွမ်းရည်မြင့်မားသည့် စပါးမျိုးများကို အစားထိုးစိုက်ပျိုးနိုင်ရေးအတွက် အထွက်ကောင်းစပါးမျိုးမွေးမြူရွေး ချယ်ရေးသုတေသနကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြသည်။ အထွက်ကောင်းစပါးမျိုးများ ဖော်ထုတ်ရေးကို ကြိုးစားရာတွင် ဓာတ်မြေသြဇာနှုန်းထားမြင့်မြင့်ကျွေးတာကို တုံ့ပြန်မှုကောင်းတဲ့မျိုးရရှိရေး ဦးစားပေးကြောင်း ကျွန်တော် လေ့လာမိသည်။ ယခင်ကလည်းကြိုးစားသည်။ ယခုလည်း ကြိုးစားဆဲဖြစ်သည်။ ဘာ့ကြောင့်လဲ။ မြေသြဇာစားသုံးမှုများလေ စပါးအထွက် ကောင်းလေ ဖြစ်ချင်လို့ ဆိုပါသည်။ စိုက်ပျိုးရေးသုတေသီများ၏ မျိုးမွေးမြူရွေးချယ်ရေးလုပ်ငန်းသည် အထွက်ကောင်းရန် အဓိကထားသည်ဟု ယူဆစရာရှိသည်။ ထိုသို့မဟုတ်ပါ။ အခြားအရည်အချင်းလက္ခဏာများကိုပါ ထည့်သွင်းစဉ်းစားပြီး မျိုးမွေးမြူရွေးချယ်ရတာ ဖြစ်ပါသည်။ အချိန်မရွေးစိုက်နိုင်ရေး တစ်နည်းအားဖြင့် အလင်းရောင်တုံ့ပြန်မှုမရှိရေး (Photoperiod insensitive) မှာ ရည်ရွယ်ချက်တစ်ခုဖြစ်သည်။ အလင်းရောင်တုံ့ပြန်မှုမရှိမှ မိုးရော နွေပါ စိုက်ပျိုးနိုင်မည်ဖြစ်သည်။ ထို့ပြင် သက်တမ်းတိုရေးသည် လိုလားချက်တစ်ရပ်ဖြစ်သည်။ သက်တမ်းတိုစပါးမျိုးကို စိုက်ပျိုးမှသာ တစ်သီးပြီးတစ်သီးစိုက် ကာ စပါးအခြေခံသီးနှံပုံစံများဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားမည်ဖြစ်သည်။ မြေသြဇာကျွေးမှုအပေါ် တုံ့ပြန်မှုကောင်းရေး၊ ရေမြေဒေသမရွေး ဖြစ်ထွန်းရေး၊ ရောဂါပိုးမွှားဒဏ်ခံနိုင်ရေး စသည်စသည် များပြားသော ရည်ရွယ်ချက်များပါဝင်ပါသည်။ ထိုအချက်များအပြင် ပုံမှန်ပြုစုဂရုစိုက် မြေသြဇာသုံးစွဲသောအခြေအနေတွင် ယိုင်လဲမှုမရှိရေးကိုလည်း ရွေးချယ်ရေးအချက် အလက်များတွင် ထည့်သွင်းဆောင်ရွက်သည်။ ထို့ကြောင့် သုတေသနပြု ထုတ်ဝေထားသော စပါးမျိုးများတွင် ယိုင်လဲလွယ် သော စပါးမျိုးများ ပါဝင်ခြင်း မရှိပါဟု ယုံကြည်မိပါသည်။ ရှေးယခင် ကြားဖူးထားတာရှိသည်။ ဂျပန်နိုင်ငံ၊ သူတို့က စဉ်ဆက် မပြတ် စပါးစိုက်ပျိုးရေးအတွက် ရည်ရွယ်သည်။ မြေသြဇာနှုန်းထားများများကျွေးမည်။ စားသုံးပြီး တုံ့ပြန်မှုကောင်းအောင် အပင်ပွားများများထွက်သည့်မျိုး၊ အပင်အရပ်ပုသည့် မျိုးရရှိရေး ဆောင်ရွက်သည်။ အပင်၏ပြင်ပရုပ်သွင်ပြင်နှင့် စပါးအထွက် တို့၏ တုံ့ပြန်မှုကို ထည့်သွင်းစဉ်းစားခဲ့ကြောင်း သိရသည်။ ဂျပန်နိုင်ငံသည် ထိုအချိန်ကပင် အပင်ယိုင်လဲမှုဒဏ်ခံနိုင်သည့် အပင်ပုံစံသစ်မျိုးရရှိရေး ကြိုးစားကြောင်း သိရပါသည်။ အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာန (IRRI) နှင့် အပြည်ပြည် ဆိုင်ရာပြောင်းဖူးနှင့် ဂျုံသီးနှံသုတေသနဌာန (CIMMYT) တို့သည်လည်း ၁၉၆၀ ပြည့်နှစ်များဝန်းကျင် စောစောပိုင်းကာလက ထိုရည်ရွယ်ချက်မျိုးဖြင့် သုတေသနဆောင်ရွက်ကြောင်း ဖတ်ဖူးသည်။ အပင်ပုံစံနှင့်သီးနှံအထွက်စွမ်းရည်ကို ထည့်သွင်းစဉ်း စားခြင်းပင် ဖြစ်သည်။ စပါးသီးနှံနှင့် ဂျုံသီးနှံ မျိုးစပ်မွေးမြူရွေးချယ်ရေးလုပ်ငန်းမှာ အပင်အရပ်ခပ်ပုပုဗီဇ (Semi-dwarf genes) ကို ထည့်သွင်း မျိုးစပ်သည်။ မျိုးစပ်ရရှိသည့်မျိုးများတွင် အပင်ယိုင်လဲမှုဒဏ်ခံနိုင်ပြီး စပါးအထွက်စွမ်းရည်မြင့်မားရေးကို ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရပါသည်။
ယိုင်လဲမှုကြောင့် အထွက်မဆုံးရှုံးသည့် စပါးမျိုး
အပင်ယိုင်လဲမှာကို မစိုးရိမ်ရသည့် စပါးမျိုးများရှိသည်။ မြန်မာစပါးမျိုးများပင်ဖြစ်သည်။ အလင်းရောင်ကို တုံ့ပြန်မှုရှိ (Photoperiod sensitive) သည်။ အထွက်ကတော့ အခုခေတ်ပေါ် အထွက်ကောင်းစပါးမျိုးများ(High Yielding Varieties) လိုအထွက် စွမ်းရည်မြင့်မားခြင်းမရှိပါ။ သို့သော် အထွက်နှုန်းတည်ငြိမ်သောမျိုးများဟုဆိုရပါမည်။ ဤစပါးမျိုးများ၏ ကောင်းသောအချက် မှာ ယိုင်လဲပေမဲ့ တံစဉ်မလွတ်၊သင့်တင့်သော စပါးအထွက်ကို ပေးခြင်းဖြစ်သည်။ ယိုင်လဲမှုသာမက ပြုစုဂရုစိုက်မှုပဲ ညံ့ညံ့၊ မြေသြဇာမကျွေး၊ ပေါင်းမြက်မသုတ်သင်လည်း စပါးအထွက်တော့ရသေးသည်ဟု သိရပါသည်။
ရိတ်သိမ်းချိန်နောက်ကျခြင်း
ရိတ်သိမ်းချိန်မမှန်လို့ နောက်ကျတာလည်း စပါးအထွက်ဆုံးရှုံးရာမှာ စပါးပင်ယိုင်လဲခြင်း၏ အကြောင်းအချက်တစ်ခုဖြစ်သည်။ အခြားဆုံးရှုံးစေသည့်အကြောင်းတွေလည်း ရှိသည်။ ယိုင်လဲတော့ စပါးစေ့တွေ မြေပေါ်ကြွေကျသည်။ အစေ့တွေကြွေမှတော့ ကြွက်ဖျက်မည်။ ငှက်နှင့် ပိုးမွှားဖျက်ဆီးနိုင်တာတွေလည်း ရှိသည်။ ကျွန်တော်တို့နိုင်ငံလို အပူပိုင်းရာသီဥတုရှိသည့်ဒေသမှာ စပါးကို ရိတ်သိမ်းချိန်မှန်မှာ ရိတ်သိမ်းဖို့ လိုအပ်ပါသည်။မြေဆီလွှာတွင် အော်ဂဲနစ်ပစ္စည်းပါဝင်မှုများခြင်းအော်ဂဲနစ်ပစ္စည်း ကြွယ် ဝသည့်စပါးစိုက်မြေမှာလည်း စပါးပင်ယိုင်လဲတတ်သည်။ အထူးသဖြင့် များစွာ<ကယ်ဝသည့် စပါးစိုက်လယ်မြေကို ဆိုလိုတာပါ။ စပါးသာမက သီးနှံစိုက်ပျိုးရေးအတွက် မြေတွင် အော်ဂဲနစ်ပစ္စည်းပါဝင်မှုသည် အရေးပါသည့်အခန်းကဏ္ဍမှာ ရှိတာပါ။ သို့သော် အပေါ်ယံမြေဆီလွှာမှာ ပါဝင်သင့်သည် ထက်များနေမယ်ဆိုရင် စပါးပင် အမြစ်စွဲမှုကို လျော့နည်းစေနိုင်သည်။ အမြစ်စွဲမှုမခိုင်မာ လို့ စပါးပင်ယိုင်လဲရတာဖြစ်ပါသည်။
လယ်ကွက်အတွင်း သိုလှောင်ရေများခြင်း
မိုးရေသောက်ဒေသမှာ ဖြစ်လေ့ဖြစ်ထရှိသည့် အလေ့အထတစ်ခုရှိသည်။ အပြစ်တော့ မဆိုသာပါ။ ယခုအခါ မိုးလေဝသက မမှန်တော့။ မုတ်သုံက နောက်ကျဝင်သည်၊ စောထွက်သည်။ မိုးရွာရက်ကနည်းလာသည်။ မိုးနည်းပါးရွာသွန်းမှုရှိသလို မိုးကြီး သွန်ချရွာသွန်းတာတွေလည်းရှိသည်။ ထို့ကြောင့် မိုးရွာတုန်း ရသမျှမိုးရေကို လယ်ကွက်ကတွတ်ပေါက်တွေ အသေပိတ်ကာ လှောင်ထားလိုက်တော့သည်။ပျိုးခင်းမှာလည်း လှောင်ရေများသလို စိုက်ခင်းမှာလည်း များပြားစွာ သိုလှောင်ထားသည်။ သို့ ဖြစ်၍ ပျိုးပင်သေပျောက်မှုရှိသည်။ စိုက်ထားခါစ စပါးပင်တွေ သေပျောက်မှုရှိသည်။ ထိုမျှနှင့်မပြီးပါ။ လှောင်ရေများခြင်းဒဏ် ကြောင့် စပါးပင်ကြီးထွားမှုကာလ နောက်ပိုင်းတွင် စပါးပင်ယိုင်လဲမှုတွေ ဖြစ်တော့သည်။ စပါးပင်ယိုင်လဲမှုမရှိစေရေး ဆိုင်ရာ ရေမြေအခြေအနေအလိုက် မျိုးရွေးချယ်မှုမှန်ကန်ရေး၊ လုပ်ကိုင်သင့်သည့် စိုက်ပျိုးနည်းစနစ်များကို ဆောင်ရွက်ရေးအတွက်
စိုက်ပျိုးသုတရရှိကြစေရန် ရည်ရွယ်ရေးသားလိုက်ရပါသည်။
မောင်ဖူးဝေ(တောင်တွင်းကြီး)
မြန်မာတောင်သူကြီးများဂျာနယ်