မတ်ပဲ အသေအပျောက်နည်းအောင် ထယ်နက်နက်ထိုးပါ
လွန်ခဲ့သော တစ်ပတ်က ပျဉ်းမနား စိုက်ပျိုး ရေးသိပ္ပံ စိန်ရတု ပွဲတော်နှင့် နဝမအကြိမ် အငြိမ်းစားဆရာ ဆရာမကြီးများ ကန်တော့ပွဲ အစည်အဝေး သို့သွားစဉ် သစ်လေးလုံးမှ လယ်လုပ်နေသော ကျောင်းသား ကိုစိုးမြင့် သန်းနှင့် တွေ့ရာ၊ သူက “ဆရာကြီး မတ်ပဲတွေ အသေ အပျောက် များတာ ပဲထယ်ရေး တိမ်လွန်းပြီး အပြင်အဆင်နည်းလို့ ဖြစ်မှာဘဲ။ အခု လယ်သမား တွေမှာ နွား မရှိကြတော့ဘူး ထွန်ထယ်ပင်မစုံကြတော့ဘူး။ Rototiller ခေါ်သည့် အပေါ်ယံ နှစ်လက်မ သုံးလက်မလောက်ဆွပေးတဲ့ စက်ထွန် ဖြင့်ထွန်ပြီး ကုလားပဲ၊ မတ်ပဲကြဲကြတယ်။
ပျဉ်းမနား နယ်မှာတော့ မတ်ပဲ ကြဲတာ များပါတယ်။ ဆောင်းနှောင်း နွေပိုင်း ရောက်တော့ မတ်ပဲပင်က အမြစ် နက်စွာ မဆင်းနိုင်တော့ အပေါ်ယံမှာသာ အမြစ်တွေ ဖြာထွက်ပြီး အပင် အာဟာရ မရလို့သေတာဖြစ်နိုင်တယ်”ဟု ပြောပါသည်။ သူပြောနေစဉ်မှာပင် အစည်းအဝေးကစနေလို့ စကားဖြတ် လိုက်ကြရသည်။
စဉ်းစားကြည့်တော့ သူ့ပြောစကား များစွာ ယုတ္တိရှိသည်။ အခြားဒေသများတွင် မည်သည့်အခြေအနေရှိသည် မသိရသော်လည်း၊ပျဉ်းမနားနယ်မှာတော့ စပါးကို သမန်းနက်နက် ညက်ညက် မထွန်တော့တာ ကြာခဲ့ပါပြီ။ အကြောင်းမှာ စပါးကို ပျိုးထောင်စိုက်တဲ့အလေ့အထကို ၁၀ စုနှစ် သုံးလေးခုလောက်ရှိသွားပြီ။ ပျိုးပင်ကို ပျိုးခင်းကနုတ်ပြီး စိုက်ခင်းသမန်းပြင်မှာ ကောက်စိုက်သူမက လက်ဖြင့်ကောက်ပင် ကို ထိုးစိုက်ရစဉ် သမန်းသားနက်ပြီး ညက်ဖို့လိုသည်။
သို့မှသာ ပျိုးပင်သမန်း ထဲမှာ ခိုင်ခိုင်မြဲမြဲစွဲပြီး ဆက်လက်ရှင်သန် မည်ဖြစ်သည်။ ထိုစိုက်သား(လက်ဖြင့် ကောက်ပင်ထိုးစိုက်ထားသော လယ်ကွက် က သမန်းသား)သမန်းအတွင်း၌ ကောက်ပင် ရိတ်ပြီးသောအခါ စပါးပင်၏အမြစ်များအနည်းဆုံး ခြောက်လက်မ၊ ရှစ်လက်မမှာ ကျန်နေပြီး မြေသားတွင် အော်ဂဲနစ်ဒြပ် (သစ်ဆွေးဓာတ်)ရှိနေ၍ မြေသားက ပွနေသည်။ ထို့ပြင် နောက်စိုက်မည့်မတ်ပဲ၊ ကုလားပဲအတွက် ထယ်ထွန်ဝင်ထယ်ရေးပြင် စိုက်သောအခါ မတ်ပဲ၊ ကုလားပဲပင်တို့သည်၊ မြေတွင်းအနက် နှစ်လက်မ၊ လေးလက်မခန့်ရောက်သွားရာ အမြစ်နက်စွာ ဆင်းနိုင်၍ မြေအောက်ကရေကို စုပ်ယူနိုင် စွမ်းရှိပါသည်။
ယခုအခါ လယ်သမားတွေသည် အလွန်လျင်မြန်၊လွယ်ကူစွာ သမန်းသားကို ပြင်ရာ၌ စပါးစေ့ကို ရေ နှစ်ညစိမ်၊ အညှောင့်ပြူအောင် တစ်ညသိပ်ပြီး စာပစပ် (အညှောင့်ပြူရုံ)တွင်ကြဲချရာ သမန်းသားမှ Rototiller or Rotovater ပြင်အပေါ်ယံ နှစ်လက်မ၊ သုံးလက်မသာ မွှေထားရာ စပါးပင်ရဲ့ အမြစ်ကလည်း အလွန်ဆုံး သုံးလက်မ- လေးလက်မထက် ဆင်းမှာမဟုတ်ပါ စပါး မှာရေလှောင်ထားသည့်အပြင် ဓာတ်မြေ သြဇာလည်း များများသုံးထားရာ၊ အစာ အာဟာရဖြစ်သော မြေသြဇာနှစ် ရေပါ အထူးရှာဖွေဖို့မလိုတော့၍ အမြစ်လည်း နက်စွာမဆင်းတော့ပေ၊ ထို့ပြင် ယခုအထွက် တိုးစပါးမျိုးအားလုံးလိုလို (Almost all HVV)များသည်ပင်ရပ် နှစ်ပေ၊ သုံးပေ လောက်သာရှိကြရာ အခြေကပ်ရိတ်ခြင်း၊ ကောက်ရိတ်စက်ဖြင့်ရိတ်ခြင်းဖြင့် မြေတွင်း မြေပေါ် စပါးပင် ၏အကြွင်း အကျန်မရှိ တော့ သလောက် နည်းပါးသွားရာ၊ စပါးခင်း ကျွတ်တွင် ရေ(အစိုဓာတ်)နှင့်အာဟာရကို ထိန်းထားနိုင်စွမ်း
နည်းပါးသွားရာ မတ်ပဲပင်များ အမြစ်ဆင်းနိုင်လောက်သော မြေသားပွရွမှုမရှိ၊ အစိုဓာတ်ထိန်းထားနိုင်မှု မရှိဖြစ်သွားတော့သည်။
မတ်ပဲပင်ပေါက်ပြီး လယ်သမားတွေသည် ရွက်ဖျန်းအရည်ဖျော် ဆေးတွေကို အကြိမ်ကြိမ်ဖျန်းကြသည်။မြေတွင်းအစိုဓာတ် လက်ကျန်ကလေး ရှိနေစဉ်မှာ စိမ်းစိုညိုမိုင်းနေသော်လည်း အစို ဓာတ်နည်းလာသောအခါနှင့် မတ်ပဲပင်ရဲ့ အမြစ်က ခြောက်လက်မ၊ တစ်ပေခန့်အထိပင် မဆင်းနိုင်သောအခါ ရွက်ဖျန်းမြေ သြဇာ ကြောင့် အပေါ်အရွက်များ ခဏတာစိမ်းနေ သော်လည်း အမြစ်ကမသန်စွမ်းတော့ အပင်က မခံနိုင်ဘဲဖြစ်လာသည်။
အရွက်တွေ စိမ်းလာလေ၊ ပိုးမွှားတွေကလာလေ၊ ပိုးကျလာလေပိုးသတ်ဆေးတွေ ဖျန်းကြပြန်ရော၊ ထိုအခါတွင် သဘာဝမိတ်ဆွေ ပိုးတွေလည်း သေကုန် ကြပြန်ရော၊ မတ်ပဲပင်ကတော့ အမြစ်ပုပ်သလိုလို၊ ပင်စည်အရင်းနာ သလိုလိုနှင့် နောက်ဆုံးအရွက်များမှာလည်း နီညိုညိုမှ ညှိုး၍သေဆုံးကြတော့သည်။ဤတွင် တချို့ကကွက်၍ ဖြစ်သည်ဟုဆိုသည်။ မှန်သည်၊ မြေတွင်းအစိုဓာတ်နှင့် သစ်ဆွေးဓာတ် လုံလောက်သောနေရာမှ မထိခိုက်သော်လည်း သဲပူကြောနှင့် မြေကျစ်လွှာပေါ်ကျသော မတ်ပဲပင်များအသေမြန် တတ်သည်။
စာရေးသူ ရေဆင်းသုတေသနတွင် တာဝန်ထမ်းဆောင်စဉ်က အိန္ဒိယ ပညာရှင် Dr.Samthanam ဆိုသူနှင့်တွေ့ဖူးသည်။ ပျော်ဘွယ်၊ ရမည်းသင်းဘက်က စပါးရိုးပြတ် မိုးကြိုဝါခင်းများတွင်ရွက်နီရောဂါ (သံချေးတက်)များ ကြုံရ ကြောင်းပြောပြရာ၊ အိန္ဒိယတွင်လည်း နှစ်ပေါင်းရာချီပြီး၊ စပါးသမန်းပြင် ကောက်စိုက်လယ်ကွက်များ တွင် ဝါစိုက်ရာ အလားတူ ပြဿနာများ ပေါ်ခဲ့ဘူး၍စစ်ဆေးကြည့်ရာ၌ လယ်သမန်း လွှာသည် (ခြောက်လက်မ- ရှစ်လက်မ)သာရှိပြီး ယင်းအောက်ကအလွှာမှာ Plow-pan ခေါ်ထယ်သွားပြင်လျှောတိုက်ပွတ်တိုက် ထားသော မြေကျစ်လွှာဖြစ်နေကြောင်း၊
အထူးသဖြင့် ပျော်ဘွယ်၊ရမည်းသင်းဒေသရှိ Montmorrilonite ခေါ်သည့် 2: 1 clay လွှာတွေမှာ ဝါပင်သည် Plow-pan ကို မဖောက်နိုင်ဘဲ အမြစ်ဖုပြီး အောက်အထိ အမြစ်မဆင်း၍ မကြာခဏ ရေပြတ်ရေငတ်တတ် ကြောင်း၊
ထိုအခြေအနေတွင် Red spider mite ဟုခေါ်သော မွှားပင့်ကူတွေအရွက် အောက်ဘက် မှာလာပြီး သစ်ရည်လုစုပ်ချိန် နှင့်ကြုံပြီး ဝါပင်အရွက်တွေနီလာကြောင်း၊ ကြာသောအခါ ပိုးမွှားမရှိသော်
လည်း အရွက်တွေ သံချေးရောင်ဖြစ်ကာ၊ အစာမချက်နိုင်ဘဲ ဝါပင်အပွင့်အဖူးမဝင်၊ အသီးအကင်းမရှိ မသေလျှင်လည်း ဝါကမထွက်တော့ကြောင်း ရှင်းပြပါသည်။ ရမည်းသင်း၊ ပျော်ဘွယ်ဘက်တွင် ၁၉၈၀ ဝန်းကျင်က လယ်သမားတွေက “ဝါသံချေးတက်လျှင် မယားဆန်ချေးထွက်ရမယ်”ဟုပြောကြသည်။
ဝါကတော့မရတော့ဘူး။ ဆန်မဝယ်နိုင်သေး။ ချေးပြီးသာ ချက်ဟူသတည်း။ ယခုမတ်ပဲပင်များလည်း အလားတူူပြဿနာ ဖြစ်နိုင်သည်။ မတ်ပဲအမြစ် (ခြောက်လက်မ- ရှစ်လက်မ) လောက်နှင့် မလုံလောက်ပါ။ ထိုထက်နက်စွာ ဆင်းနိုင်အောင် ထယ်နက်နက်
ထိုး၍ စိုက်ပျိုးကြည့် ကြစေချင်ပါသည်။
- သုတကျော်