စျေးကွက်အခွင့်အလမ်း ပိုကောင်းလာသည့် ဝဥ
လက်ရှိတွင် နှစ်နိုင်ငံသက်ဆိုင်ရာတာဝန်ရှိသူများ၏ ခွင့်ပြုချက်ဖြင့် သစ်သီးဝလံ ကိုးမျိုးလောက်ကို တင်ပို့နေလျက်ရှိပြီး တရားဝင်တင်ပို့ခွင့်ရရန် ဆွေးနွေးနေသော သီးနှံများလည်းရှိကြသည်။ ပြီးခဲ့သော စက်တင်ဘာလကုန်ပိုင်းက ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် လန်ချန်း-မဲခေါင်သစ်သီးပွဲတော်တွင်လည်း တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခွင့်ပြုရန်စီစဉ်နေသော သီးနှံများကို ချပြခဲ့ကြသည်။
လတ်တလောကာလအတွင်း သရက်သီး၊ ဖရဲသီး၊ ရွှေသခွားမွှေး၊ တရုတ်ဆီးသီး(Jujube)၊ သမင်မျက်လုံးသီး(Longan)၊ မင်းဂွတ်သီး၊ ငှက်ပျောသီး အစရှိသည့် သီးနှံများကို တရုတ်စျေးကွက်အတွင်းသို့ တရားဝင်တင်ပို့မှု ရှိနေပြီး နောက်ထပ်သီးနှံငါးမျိုး၊ ခြောက်မျိုးလောက်ကို တင်ပို့ခွင့်ရရန်အတွက် လိုအပ်သော ဆွေးနွေးမှုများကို လုပ်ဆောင်နေကြခြင်းဖြစ်သည်။
ထိုသို့ တင်ပို့ရန်လုပ်ဆောင်နေသော သီးနှံများတွင် နာနတ်သီး၊ ပီလောပီနံ၊ ထောပတ်သီး၊ ဒူး ရင်းသီး၊ မက္ကဒေးမီးယား၊ ကျွဲကော စသည်တို့နှင့်အတူ ၀ဥလည်း အပါအဝင်ဖြစ်သည်ဟု မြန်မာ နိုင်ငံသစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဆိုထားသည်။
ဝဥတင်ပို့မှုသည် ယခင်ကတည်းက တရားဝင်တင်ပို့ခြင်းများရှိပြီး ယခုခွင့်ပြုချက်လုပ်ဆောင်နေသည့် အနေအထားမှာ ဝဥခြောက်အတွက် GACC ရရှိရန် လျှောက်ထားလုပ်ဆောင်နေသည့် အခြေအနေမျိုးဖြစ်သည်။ အဆိုပါ GACC ဆိုသည်မှာ မြန်မာနိုင်ငံဘက်မှ တရုတ်ဘက်သို့ စား သောက်ကုန်နှင့် အသီးနှံများတင်ပို့ရာတွင် တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာ ဏာပိုင်အဖွဲ့၌ တင်ပို့မည့်ပစ္စည်းကို မှတ်ပုံတင်ပြီး ထောက်ခံချက်ပေးထားခြင်းဖြစ်သလို တရုတ်ဘက်သို့ သီးနှံများ တရားဝင်တင်ပို့နိုင်ခွင့်ရသည်ဟု ဆိုကြခြင်းဖြစ်သည်။
ထို GACC မှတ်ပုံတင်စနစ်ဖြင့် တင်ပို့ခြင်းကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီမှ စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး နှစ် နှစ်ဝန်းကျင်အကြာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလလောက်အထိကာလတွင် သီးနှံနှစ်မျိုးလောက်သာ GACC မှတ်ပုံတင် စနစ်အရ တင်ပို့ခွင့်ရရှိခဲ့သည်။ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၏ အချက်အလက် များအရ ယခုအခါ သီးနှံကိုးမျိုးလောက်မှာ ယင်းစနစ်ဖြင့် ခွင့်ပြုချက်ရ၍ တရားဝင်တင်ပို့နေခြင်းဖြစ်သလို ဝဥ အပါအဝင် သီးနှံအချို့မှာလည်း တင်ပို့ခွင့်အတွက် ဆက်လက်လျှောက်ထားကာ ပြင်ဆင်နေသည့် အခြေအနေပင်ဖြစ်သည်။
ဝဥ အစိုနှင့် အေးခဲထားသော ဝဥများမှာ GACC မှတ်ပုံတင်စနစ်ဖြင့် လျှောက်ထားစရာမလိုဘဲ တင်ပို့ ခွင့်ရသော်လည်း ၀ဥအခြောက်အတွက် ယခုလိုလျှောက်ထားပြီး စောင့်ဆိုင်းနေကြရခြင်းလည်းဖြစ်သည်။ ၀ဥခြောက်ဖြင့် ပြုလုပ်သည့် အစားအသောက်များသည် ကျန်းမာရေးအတွက်ကောင်းမွန်ပြီး အသက်ရှည်စေခြင်းကြောင့် စျေးကွက်ဝင်ကာ စားသုံးသူများလာခဲ့ကြသည်။
တရုတ်စျေးကွက်နှင့် ဂျပန်စျေးကွက်တို့တွင် ဝဥများမှာ စားသုံးသူအကြိုက်အခြေအနေမျိုးဖြစ်ကြသည်။ မြန်မာနိုင်ငံမှ ဂျပန်သို့ တင်ပို့နေသည့် ဝဥခြောက်များမှာ နေလှန်းသည့်နည်းဖြင့် အခြောက်ခံကာ တင်ပို့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံသို့ တင်ပို့သည့် ဝဥခြောက်များမှာ ဖိုများတွင် မီးတငွေ့ငွေ့ဖြင့် အခြောက်ပြုလုပ်ခြင်းလည်းဖြစ်သည်။ နေလှန်း၍ အခြောက်ခံခြင်းနည်းလမ်းမှာ အရောင်အသွေးသိပ်မလှဘဲ ယခုလို ဖိုများတွင် မီးတင်၍ အခြောက်ပြုလုပ်ခြင်းမှာ အရောင်အသွေးလှကာ စျေးကွက်အကြိုက်အခြေအနေမျိုးဖြစ်စေခဲ့သည်။
မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌဖြစ်သူ ဦးစိုးသန်းမင်းဒင်က “ကျွန်တော်တို့ဆီက သစ်သီးဝလံ ၉ မျိုးလောက်က တရုတ်ပြည်ကိုရပြီးပြီပေါ့နော်၊ နောက်ထပ်သီးနှံတွေ အများကြီး ပို့ဖို့ရှိတယ်၊ ဥပမာဆိုရင် ထောပတ်သီး၊ ဒူးရင်းသီး၊ မက္ကဒေးမီးယား၊ ဝဥ လိုဟာမျိုးတွေ”ဟုလည်း လန်ချန်း- မဲခေါင်သစ်သီးပွဲတော် (မြန်မာ)ကျင်းပသည့်ပွဲတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ၀ဥသည် တစ်နိုင်ငံလုံးအတိုင်းအတာအရ အလေ့ကျပေါက်ခြင်းလည်းဖြစ် သည်။ ထိုအလေ့ကျပေါက်သည့် အပင်မှ ဝဥကိုတူးယူပြီးရောင်းချကြသလို ပြည်ပစျေးကွက်ဝင်သည့် အခြေအနေမျိုးကြုံလာခြင်းကြောင့် လွန်ခဲ့သော လေး၊ ငါး၊ ဆယ်နှစ်ဝန်းကျင်လောက်က စတင်စိုက်ပျိုးမှုများကို လုပ်ဆောင်ခဲ့ကြသည်။ စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ မြန်မာနိုင်ငံတွင် ၀ဥစိုက်ဧကမှာ ပျမ်းမျှဧကပေါင်း ၁၃၀၀၀ ကျော်ရှိကြသည်။ အများစုမှာ ချင်း ပြည်နယ်တွင် စိုက်ပျိုးခြင်းဖြစ်ပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင်လည်း စိုက်ပျိုးလျက်ရှိကြသည်။ အချိုရည်၊ စား သောက်ကုန်၊ အလှကုန်၊ စက်မှုကုန်ကြမ်း၊ တိုင်ရင်းဆေးဝါးများနှင့် ခေတ်မီဆေးဝါးများကို ခေတ်မီနည်းစနစ်များ အသုံးပြုထုတ်လုပ်ရာတွင် ဝဥကို ကုန်ကြမ်းအဖြစ် အသုံးပြုလေ့ရှိကြသည်။
ဝဥများကို ဇူလိုင်လမှ အောက်တိုဘာလအတွင်း တူးဖော်ရရှိပြီး ယင်းကာလကို ၀ဥပြုလုပ်ရာ ရာသီကာလများဟု ပြောဆိုလေ့ရှိကြသည်။ ထိုကာလများတွင် မိုးကောင်းသော အခြေအနေမျိုးကြုံရခြင်းကြောင့် ဒေသခံများသည် ဝဥများကို တောတောင်များအတွင်းမှ တူးဖော်ယူလာပြီး ဒိုင်များ၌ လာရောက်ရောင်းချလေ့ရှိကြသည်။ စျေးကွက်အလားအလာကောင်းများ ပိုင်ဆိုင်နေခြင်းကြောင့်လည်း ၀ဥကိုသဘာ၀အလျောက် တူးဖော်ခြင်းအပါအဝင် စိုက်ပျိုးထားရာမှ ရိတ်သိမ်းလုပ်ဆောင်သည့်အခါမျိုးတွင် ထိခိုက်မှုမဖြစ်အောင် လုပ်ဆောင်တတ်ရန် စိုက်ပျိုးရေးပညာရှင်များနှင့် စျေးကွက်ဆိုင်ရာ ကျွမ်းကျင်သူများက အကြံပြုထားခြင်းများလည်းရှိသည်။
ရိတ်သိမ်းရာတွင် အပြင်ခွံထိခိုက်မိသည့် ၀ဥသည် ယင်းအစိတ်အပိုင်းမှစ၍ အပင်ပုပ်ရောများ ဝင်ရောက်လာတတ်ပြီး သိုလှောင်ထားစဉ်တွင်လည်း အရည်အသွေးသိသာစွာကျဆင်းသွားနိုင်သည့် အခြေအနေမျိုးဖြစ်သည်။ စျေးကွက်အကြိုက် အရည်အသွေးကောင်းမွန်သော ၀ဥများရရှိစေရန်အတွက်လည်း စတင်တူးဖော်လုပ်ဆောင်ချိန်မှ သိုလှောင်ကာ စျေးကွက်သို့ တင်ပို့ချိန်အထိ လုပ်ငန်းအဆင့်ဆင့်တိုင်းတွင် စနစ်တကျဖြစ်စေရန် အသိပညာပေးခြင်းများလည်းရှိလာခဲ့သည်။
ထို့အပြင် တန်ဖိုးမြှင့်စားသောက်ကုန်အဖြစ် ထုတ်လုပ်၍ ပြည်ပစျေးကွက်များသို့ တင်ပို့ရန်လည်း ပြင်ဆင်နေခြင်းများရှိသည်။ ထိုသို့ပြင်ဆင်ရာတွင် လိုအပ်သော စက်ပစ္စည်းများ၊ နည်းပညာများနှင့် အရင်းအနှီးများအတွက်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများထံတင်ပြ၍ ကြိုးပမ်းလုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံ ဝဥစိုက်ပျိုး၊ ထုတ်လုပ်၊ ရောင်းချသူများအသင်းမှ ဆိုထားသည်။
သာမန်အားဖြင့် သီးနှံများကို တင်ပို့ခြင်းများထက် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြုလုပ်တင်ပို့သည့်အခါ စျေးကွက်အလားအလာ သာမကဘဲ စျေးနှုန်းအပိုင်းတွင်လည်း ပိုမိုရရှိစေသည့် အခြေအနေမျိုးကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ ဝဥစိုက်ပျိုး၊ ထုတ်လုပ်၊ ရောင်းချသူများအသင်း၏ စီစဉ်မှုဖြင့် ဝဥ စားသောက်ကုန်ပြုလုပ်နည်း အခြေခံသင်တန်းများနှင့် ဝဥဟင်းလျာအမျိုးမျိုးဖန်တီးချက်ပြုတ်ပြိုင်ပွဲတို့ကို ယခု ၂၀၂၄ ခုနှစ်အတွင်း လုပ်ဆောင်ခဲ့ပြီး ပြည်တွင်းတွင် ၀ဥစျေးကွက်နှင့်ပတ်သက်၍ စိတ်ဝင်စားမှုပိုမိုစေရန်လည်း ဖန်တီးလာနိုင်ခဲ့သည်။
“ဝဥစားသောက်ကုန်တော့ ထုတ်တတ်ပါပြီ၊ စီးပွားဖြစ် စားသောက်ကုန်ထုတ်မယ်ဆို ဘာတွေသိသင့်သလဲ၊ ဘာတွေ ဓာတ်ခွဲစမ်းသပ်ရမလဲ၊ မှိုမတက်အောင်၊ တာရှည်ခံအောင် ဘာတွေလုပ်ရမလဲ၊ ထုပ်ပိုးပစ္စည်း၊ အညွှန်း စတာတွေအတွက် မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ပညာရှင်တွေကလည်း စာတွေ့ ဆွေးနွေးပို့ချပေးတာတွေကို လုပ် ဆောင်ခဲ့ပါတယ်”ဟုလည်း အသင်းတာဝန်ရှိသူက ပြောကြားသည်။
သတ်သတ်လွန်သမားများအတွက် စားသောက်ဖွယ်ရာများဖန်တီးရာတွင် ရေခူအတု၊ အသားတု၊ ပင်လယ်စာတု အမျိုးမျိုးကိုလည်း ဝဥအမှုန့်မှာ လုပ်ဆောင်နိုင်ပြီဖြစ်သည်။ ဝဥပန်းရောင်ကို စင်ကာပူနိုင်ငံမှ ဓာတ်ခွဲခန်းတွင် စစ်ဆေးရာတွင် အစေးဓာတ် ၂၀၀၀၀ ကျော်အထိရှိနေပြီး ယင်းအစေးဓာတ်သည် ခေါက်ဆွဲကဲ့သို့ နန်းမျှင်ဆွဲရန် အကောင်းဆုံးသော အခြေအနေမျိုးကို ဖန်တီးနိုင်စွမ်းရှိနေခြင်းဖြစ်သည်။ ၀ဥအမှုန့်ဖြင့် ပြုလုပ်သည့် ရေခူအတု၊ အသားတု၊ ပင်လယ်စာအတု အမျိုးမျိုးမှာ အစေးဓာတ် ၈၅၀၀ ခန့်သာရှိသည့် အမှုန့်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။
နောက်ပိုင်းတွင် ၀ဥသည် ကျန်းမာရေးစားသောက်ကုန် (Heathly Food) အတွက် အရေးပါသော အဓိကကုန်ကြမ်းမျိုး ဖြစ်လာစေမည်ဖြစ်သည်။ ယခုအခါတွင် တရုတ်၊ ဂျပန် စျေးကွက်များအပြင် အခြားသော ပြည်ပနိုင်ငံစျေးကွက်များအထိ ခြေဆန့်နိုင်ရန်လည်း တစ်ဖက်မှကြိုးပမ်းနေခြင်းများရှိရာ စျေးကွက်အခွင့်အလမ်းကောင်းများကို ပိုင်ဆိုင်နေကြောင်း ရေးသားလိုက်ရပါသည်။
ဧပရယ်လ်
Opinion Leaders မှ ကူးယူဖော်ပြပါသည်။
------
သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe