ငါးကြင်းအုပ်စုဝင်ငါးများ သက်ကြီးကောင်အဆင့်အစာကျွေးခြင်း
ငါးကြင်းအုပ်စုဝင်ငါးများ ငါးဖျန်းအရွယ် အစာကျွေးရမည့်စနစ်ကို ယခင်အပတ်က တင်ပြခဲ့ပြီးဖြစ်ပါသည်။ အဆိုပါငါးဖျန်းသည် အရွယ်ရောက်ပါက (တစ်နည်း) သက်ကြီးကောင် အဆင့်ရောက်ပါက အစာကျွေးရမည်း နှုန်းနှင့် အစာကျွေးရမည့်နည်းစနစ်ကို ဆက်လက်တင်ပြအပ်ပါမည်။
ယခုအချိန်တွင် ငါးစာဈေးနှုန်းကြီးမားနေသဖြင့် ငါးမွေးတောင်သူများသည် အစာအတွက် ကုန်ကျစရိတ် များနေပါသည်။ အစာကို ငါးစားနိုင်သမျှ စနစ်တကျ တွက်ချက်ကျွေးပါက ငါးကြီးထွားနှုန်းလည်း ပုံမှန်တိုးတက်စေပြီး၊ အစာကုန်ကျစရိတ်လည်း သက်သာလာပါမည်။ တောင်သူများအများ ဝယ်ယူကျွေးနေသော အစာများသည် စပ်စာ(အစာတောင့်)ဖြစ်ပါက ပရိုတိန်း အနည်းဆုံး(၂၅)ရာခိုင်နှုန်း) ပါဝင်သဖြင့် ငါးကြင်းအုပ်စုဝင်ငါးများအတွက် အာဟာရလုံလောက်မှုရှိကြောင်း တင်ပြလိုပါသည်။
ငါးမွေးတောင်သူမွေးမြူထားသော ငါးကြင်းအုပ်စုဝင်ငါးသည် (၂၅)ကျပ်သားမှ (၃၇)ကျပ်သားအရွယ် ဆိုလျှင် သက်ကြီးကောင် အဆင့်ရောက်ရှိလာပါသည်။ အဆိုပါအချိန်တွင် ငါးအလေးချိန်စုစုပေါင်း၏(၁.၅) ရာခိုင်နှုန်းမှ (၂)ရာခိုင်နှုန်းသော အစာကိုသာကျွေးပါ၊ တစ်နေ့ကျွေးရမည့် အစာအလေးချိန်ကို မနက်ပိုင်းတစ်ကြိမ်၊ ညနေပိုင်း တစ်ကြိမ်ကျွေးပါ။ အစာကျွေးရာတွင် ယခင်အပတ်က ဖော်ပြခဲ့သည့်အတိုင်း မနက်ပိုင်း(၄၀)ရာခိုင်နှုန်း နှင့် ညနေပိုင်း(၆၀)ရာခိုင်နှုန်း ကျွေးပေးရပါမည်။
ယခင်အပတ်က ဥပမာပေးခဲ့သည့်အတိုင်း ဆက်လက်ဖော်ပြအပ်ပါမည်။ ငါးမွေကန်အတွင်း အကောင်ရေ (၃၀၀၀)ထည့်ထားခဲ့ပါသည်။ ငါးဖျန်းမှ သက်ကြီးကောင်ဖြစ်လာသော ငါး(၁၀)ကောင်ကို (အသေး၊ အလတ်၊ အကြီး)ကို ဖမ်းပြီးချိန်ပါ၊ တစ်ကောင်အလေးချိန် ပျမ်းမျှကိုရှာပါ။ ဥပမာ တစ်ကောင်ပျမ်းမျှ အလေးချိန်သည်(၃၀) ကျပ်သား ရှိပါက၊ ကန်အတွင်းရှိ ကောင်ရေ ၃၀၀၀ ဖြင့်မြှောက်ပါက ငါးအလေးချိန်စုစုစုပေါင်း ရရှိပါမည်။ (၃၀၀၀ × ၃၀) = ၉၀၀၀၀ ကျပ်သား (၉၀၀ပိဿာ)ရရှိပါမည်။ အစာကျွေးရမည့်နှုန်းကို (၁.၅) ရာခိုင်နှုန်းနှင့်တွက်ချက်ပါက (၉၀၀×ဝ.၀၁၅)= ၁၃.၅ပိဿာ ရရှိပါမည်။ တစ်နေ့လျှင် အစာ (၁၃)ပိသာ(၅၀)ကျပ်သားကို ကျွေးပါက ငါးများအတွက် အစာလုံလောက်နိုင်ပါကြောင်း တင်ပြအပ်ပါသည်။ တစ်နေ့လျှင် ၁၃.၅ပိဿာ နှင့်တစ်လအတွက် အစာ၄၀၅ ပိဿာလိုအပ်ပါမည်။
အဆိုပါအစာကိုစနစ်တကျ တွက်ချက်ကျွေးပါက ငါးစာအတွက် လိုအပ်သည်ထက် ပိုမိုကုန်ကျနိုင်ခြင်း မရှိနိုင်ပါ။ ထို့အပြင် ငါးပညာရှင်များ၏ အဆိုအရ အစာ၂ပိဿာကျွေးလျှင် ငါးအသားအလေးချိန် (၁)ပိဿာရရှိပါက မွေးမြူရေးစနစ်နှင့် အစာကျွေးခြင်းစနစ်မှန်ကန်သည်ဟု ဆိုကြပါသည်။ ထို့ကြောင့် တစ်နေ့ (၁၃.၅) ပိဿာ နှင့် တစ်လကျွေးပြီးပါက အစာအလေးသည် (၄၀၅) ပိဿာ ရှိခဲ့လျှင် ကန်အတွင်း ငါးအလေးချိန်သည် (၂၀၂.၅)ပိဿာ တိုးလာပါလိမ့်မည်။ အဆိုပါတွက်ချက်မှု မှန်ကန်မှု ရှိ၊မရှိ ငါးမွေးတောင်သူကိုယ်တိုင် ငါးများနမူနာဖမ်းယူပြီး စစ်ဆေးကြည့်ပါက အဖြေမှန် ရရှိပါလိမ့်မည်။
ဦးဆန်းအောင်
ထွက်တိုး
-------------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက
ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။