ကွမ်းရွက်နှင့် ကျန်းမာရေး
ရင်သွေးငယ်များအတွက် ကွမ်းပင်၏ ဆေးဖက်ဝင်ပုံ
(၁) ကွမ်းရွက်ဟာ အညှော်မိသူများ အတွက် လွန်စွာကောင်းမွန်လှတာကြောင့်၊ ၄င်းကိုလက်ဖြင့် လုံးချေ၍ ရှူပေးရုံဖြင့် အညှော်များ ထွက်စေပါတယ်။ အညှော်မိ၊ အညှော်ငုပ်သော ကလေးများအတွက် ကွမ်းရွက်စိမ်း သတ္တုရည်ဖြင့် လိမ်းပေးပါ၊ တိုက်ကျွေးပါ၊ အနံ့ရှူခိုင်းပေးပါ။
(၂) ကလေးများ လေပွခြင်း၊ အစာမကြေဖြစ်ခြင်း၊ ဝမ်းသွားခြင်းနှင့် ဖျားနာခြင်းများ အတွက် ကွမ်းရွက်စိမ်းညှစ်ရည်(သတ္တုရည်)ကို ပျားရည်နဲ့ရော၍ တိုက်ကျွေးပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။
(၃) ဝမ်းချုပ်၊ ဆီးချုပ်ဖြစ်ပါက ကွမ်းရိုးတွင် အုန်းဆီ(သို့) ကြက်ဆူဆီ သုတ်ပြီးနောက်၊ ကလေးစအိုပေါက်မှ ဝမ်းချူသကဲ့သို့ထည့်ပြီး လှည့်ပေးခြင်းဖြင့် ဆီးရော၊ ဝမ်းပါ သွားစေနိုင်ပါတယ်။
(၄) မွေးရာပါ မျက်ခုံးမွှေးမသန်သော ကလေးငယ်များအား မျက်ခုံးနှစ်ဖက်ကို ကွမ်းရိုးဖြင့် အသာအယာဆွဲပေးပါ။ မျက်ခုံးမွှေးသန် လာစေပါတယ်။ (မျက်စိကို မထိုးမိအောင် သတိပြုပါ)
(၅) နှာစေး၊ နှာပိတ်ခြင်းအတွက် ကွမ်းရွက်ကိုမီးကင်၍ ကလေးငယ်များ၏ ငယ်ထိပ်ပေါ် အုန်းဆီဖြင့်စွတ်ပြီး ကပ်ထားပေးပါ (သို့)ကွမ်းရွက်အဝိုင်းငယ်ကို ကလေး၏ ငယ်ထိပ်တွင် ကပ်ပေးပါ။
(၆) အပူကြီး၍ ဖျားနာသော ရင်ခွင်ပိုက် ကလေးငယ်များအတွက် ကွမ်းရွက်စိမ်းကို အရည်ညှစ်၍ ချိုင်းကြား၊ ပေါင်ခြံကြားတို့မှာ လိမ်းပေးနိုင်ပါတယ်။
(၇) ချွဲထ၊ ရင်ကျပ်ပါက ကွမ်းရွက်ကို မီးကင်၍ ကလေးရင်အုံတွင် ကပ်ပေးပါ။
(၈) အိန္ဒိယနိုင်ငံတွင် ကလေးငယ်များ ချောင်းဆိုးခြင်းအတွက် ဤကုထုံးဖြင့် ကုသလျက်ရှိပါတယ်။ ကွမ်းရွက်ငါးရွက်၊ လေးညှင်းပွင့် ၁၁ ပွင့် နှင့် ဖာလာစေ့ ၁၁ စေ့တို့ကို ရေဆေးပြီးနောက်၊ ရေနှစ်ခွက်ဖြင့်ပြုတ်ပါ။ ရေတစ်ခွက်အထိ ကျသွားအောင်တည်ပါ။ ရရှိလာသော ဆေးပြုတ်ရည် တစ်ခွက်စာ ပမာဏအား အသက်တစ်နှစ်မှ သုံးနှစ်ကြား ကလေးကို တစ်နေ့သုံးကြိမ်နှုန်းဖြင့် ဆေးရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစီတိုက်ပါ။ အသက် လေးနှစ်မှ ငါးနှစ်ကြား ကလေးကို တစ်နေ့ သုံးကြိမ်နှုန်းဖြင့် ဆေးရည် လက်ဖက်ရည်ဇွန်း သုံးဇွန်းစီတိုက်ပါ။ အသက်ခြောက်နှစ်မှ ၁၁ နှစ်ကြား ကလေးကို တစ်နေ့ သုံးကြိမ်နှုန်းဖြင့် ဆေးရည် လက်ဖက်ရည်ဇွန်း ငါးဇွန်းစီ တိုက်ပါ။ အရွယ်ရောက်ပြီးသူများ အတွက်ကတော့ တစ်နေ့ သုံးကြိမ်နှုန်းဖြင့် ဆေးတစ် ခွက်စီသောက်ပါ။
သတိပြုရန်။
(က) ကွမ်းပင်စိုက်ရာတွင် အသုံးပြုသော ဖျန်းဆေးများက ဆိုးကျိုးများကိုပေးစေနိုင်ပါတယ်။ သို့ပါ၍ ကွမ်းရွက်များကို သေချာရေဖြင့် ဆေးကြောပြီးမှ အသုံးပြုပါ။ (ခ) ကွမ်းရွက်တစ်မျိုးတည်းက လူကို ဘေး အန္တရာယ်မဖြစ်စေပါဘူး။ သို့သော် ကွမ်းယာကို မကြာခဏ ဝါးစားသည်ဖြစ်စေ၊ ပါးစောင်မှာ ငုံထားသည်ဖြစ်စေ ခံတွင်းမှာ ကင်ဆာဖြစ်နိုင်ခြေရှိပါတယ်။ အကြောင်းကတော့ ကွမ်းယာထဲမှာထည့်သုံးတဲ့ ကွမ်းသီး၊ ထုံးရည်၊ ရှားစေး၊ ဆေးရွက်ကြီးနဲ့ တခြား ပါဝင်ပစ္စည်းတွေကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် ကွမ်းစားတတ်သူတွေအနေ နဲ့ ကွမ်းယာကိုတော့ တတ်နိုင်သမျှ လျှော့စားသင့်ပါတယ်။
-ပေါက်ပေါက်
မြန်မာတောင်သူကြီးများ ဂျာနယ် မှ ထုတ်နုတ်ဖေါ်ပြပါသည်။
........
သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe