စိုက်ပျိုးဖို့ သင့်တော်တဲ့ ကုလားပဲမျိုးစေ့တွေကို ဘယ်လိုရွေးချယ်လို့ရလဲ။
မျိုးညှောင့်ပေါက်နိုင်စွမ်းကို စမ်းသပ်ခြင်း
မျိုးစေ့အညှောင့်ဖောက်ခြင်း လုပ်ငန်းကို မိမိတို့အိမ်တွင် အလွယ်တကူ နှင့် အချိန်မရွေး စမ်းသပ် နိုင်ပါသည်။
ပထမနည်းလမ်း
- သန့်ပြန့်သော အဝတ်စ (သို့မဟုတ်) တစ်သျှုးစထဲတွင် မျိုးစေ့ ၁၀၀ ခန့်ထား၍ အဆုံးထိလိပ် ပြီး ရေထဲတွင် နာရီဝက်ခန့် စိမ်ထားရန် လိုအပ်ပါသည်။
-မျိုးစေ့ထည့်လိပ်ထားသော အဝတ်စ (သို့မဟုတ်) တစ်သျှုးစကို အေး၍ ခြောက်သွေ့သော နေရာတွင် ထားပြီး ရေမခြောက်စေရန် သတိပြုရမည်။ ၃၊ ၄၊ ၅ ရက်ကြာသည့်အခါ ၄င်းကို ဖြည်ပြီး မျိုးညှောင့်ပေါက်သော အပင်ကိုဖယ်၍ မှတ်သား ထားရပါမည်။
-ထို့နောက် ပြန်လိပ်ထားပါ။
-၅ ရက် ကြာပြီးနောက် မျိုးညှောင့် မပေါက်သောအပင်နှင့် မှိုစွဲနေသော အပင်ကို ရေတွက်ခြင်းဖြင့် အပင်ပေါက်မှုကို စမ်းသပ်နိုင်သည်။
ဒုတိယနည်းလမ်း
-မျိုးစေ့ ပျိုးထောင်သော ဗန်းထဲသို့ သန့်ရှင်းသော သဲများကို (၂- ၂.၅) လက်မ အနက်လောက် ထည့်ပြီး ရေစီးရေလာ ကောင်းသော မြေဖြစ်အောင် လုပ်ဆောင်ပေးရမည်။
-မြေကြီးထဲတွင် အတန်းလိုက် ၁၀ ကြောင်းဆွဲကာ မျိုးစေ့ ၁၀၀ ခန့်ကို (၁ -၁.၅ လက်မ) အနက်တွင် အတန်းလိုက် ထား၍ စိုက်ပျိုးရမည်။
-မျိုးစေ့ပေါ်တွင် မြေကြီးပါးပါး ဖုံး၍ ရေနည်းနည်း ဖျန်းပေးရမည်။ မြေကြီးကို သတင်းစာ စက္ကူ ( သို့မဟုတ်) အဝတ်ပါးစဖြင့် ဖုံး၍ အစိုဓါတ်ရှိအောင် ထိန်းထားပေးရမည်။ ရေလောင်းများပါက မျိုးစေ့သည် အလွယ်တကူ ပုပ်လွယ်၍ မှိုရောဂါ ကျရောက်လွယ်သည်။
-(၅) ရက်ခန့် ရှိပါက မျိုးညှောင့်ပေါက်နှုန်း စမ်းသည့်အခါ ၇၅% မှ ၈၀% လောက်ရရှိသော မျိုးကို ရွေးချယ်သင့်ပါသည်။
-မျိုးစေ့ဆောင်ရောဂါဖြစ်သည့် အက်စကိုခိုင်တာ ရွက်ခြောက်ရောဂါသည် ကုလားပဲတွင် ကျရောက်မှု များ၍ ကြိုတင် ကာကွယ်ရန် လိုအပ်ပါသည်။
-မှိုရောဂါကျရောက်မှု ကြိုတင် ကာကွယ်ရန် မျိုးစေ့ မချမှီ ၂-၃ရက် အလိုတွင် သီရမ်ဖြင့် လူးနယ်၍ စိုက်ပျိုးပါ။
-ခြများနှင့် မြေအောင်းပိုးများကို ကာကွယ်ရန် ဖီပရိုနေး အသုံးပြုနိုုင်သည်။
-ကုလားပဲ စိုက်ခင်းတွင် မှိုသတ်ဆေး အသုံးပြုသည့်အခါ ထိရောက်မှုရှိစေရန် မည့်သည့်ရောဂါ ကျရောက်နေသည်ကို ခွဲခြားသိရှိရန် အရေးကြီးပါသည်။
-မှိုသတ်ဆေး အသုံးပြုသည့်အခါ ဆေးထုပ်ပေါ်တွင် မြန်မာဘာသာဖြင့် ရေးထားသော ဆေးညွှန်းကို သေချာဖတ်၍ စနစ်တကျ လိုက်နာ ဆောင်ရွက်ရန် လိုအပ်ပါသည်။
-ဆေးလူးနယ်ထားသော မျိုးစေ့ကို အရိပ်ထဲတွင်သာ အခြောက်ခံသင့်သည် (သို့မဟုတ်) ချက်ချင်း စိုက်ပျိုးသင့်ပါသည်။
ကုလားပဲ သီးနှံ ပုံစံ
ကုလားပဲ သီးနှံကို မိုးသီးနှံများဖြစ်သည့် စပါး၊ နှမ်း၊ ဝါ နှင့် အစေ့ထုတ်ပြောင်းများ ရိတ်သိမ်းပြီးချိန်တွင် လည်းကောင်း၊ မိုးရာသီ ကွက်လပ်ထားသည့် အကွက်တွင် လည်းကောင်း ဆောင်းသီးထပ် အဖြစ် စိုက်ပျိုးကြပါသည်။
----
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။