နွေစပါးအထွက်တိုးစေလိုလျှင် လယ်သမားကြီးများ သတိပြုစေချင်
မြန်မာနိုင်ငံတွင် နွေစပါးကို ၁၉၉၀ ပြည့်နှစ်ကစ၍ သန္ဓေတည်ခဲ့သည်။ ယခင်က မိုးစပါး စိုက်ဧက ၁၅ သန်းကျော်သာ စိုက်ပျိုးခဲ့သည်မှာ နှစ်ရာချီ၍ ကြာခဲ့ပြီဖြစ်သည်။ မိုးစပါးတွင်နိုဝင်ဘာလကျော်မှ စိုက်ပျိုး၍ရသော ရေကြီးကွင်း၊ ရေနက်ကွင်း၊ ရေကျနောက် စိုက်စပါးများကို မိုးစပါးအဖြစ်သာ သတ်မှတ်ခဲ့သည်။ မိုးစပါးစိုက်ပျိုးချိန်ကို မေလ ၁ ရက်နေ့မှအောက်တိုဘာလ ၃၁ ရက်အထိ သတ်မှတ်ခဲ့ပြီး နွေစပါး စိုက်ပျိုးချိန်ကို နိုဝင်ဘာလ ၁ ရက်နေ့မှ ဧပြီလ ၃၀ ရက် အထိ သတ်မှတ်လိုက်သဖြင့် ရေကြီးကွင်း၊ရေနက်ကွင်းများတွင် ရေကျမှ စိုက်ပျိုးရသော ရေကျနောက်စိုက်စပါး (ဒေသအခေါ် စကမုယင်း၊ မုယင်းစပါး) များသည် နွေစပါးအဖြစ်ကင်ပွန်းတပ်ခံလိုက်ရသည်။ နွေရာသီစိုက်ပျိုးရသော နွေစပါးစစ်စစ်မှာ ၁၉၉၀ ပြည့်နှစ်မှသာ စတင်ခဲ့ခြင်းဖြစ်သည်။
နွေစပါးကို အရှိန်အဟုန်ဖြင့် စိုက်ပျိုးလာခဲ့ရာ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် နွေစပါးစိုက်ဧက သုံးသန်းကျော်ထိ မြင့်တက်လာခဲ့သည်။ နွေစပါးစတင်စိုက်ပျိုးသည်မှစ၍နွေစပါးအထွက်နှုန်းသည် တရိပ်ရိပ်တိုးတက်ထွက်ရှိခဲ့ပြီး စတင်စိုက်ပျိုးသည်မှ နှစ်၂၀ နောက်ပိုင်းကြာသော် စပါးအထွက်နှုန်းရပ်တန့်စပြုလာခဲ့သည်။ နွေစပါးသည် စိုက်ပျိုးနည်း စနစ်လည်း မှန်မည်။ မျိုးကောင်းမျိုးသန့်လည်း စိုက်မည်။ ဓာတ်မြေသြဇာလည်းအလုံအလောက်ထည့်မည်။ စနစ်တကျပြုစုစောင့်ရှောက် ရိတ်သိမ်းချွေလှေ့မည်ဆိုပါက နေရောင်ခြည်စွမ်းအင် ကောင်းစွာရရှိသဖြင့် စပါးအထွက်တင်းရာကျော်သည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်သည်။ သို့သော် မြေပြင်လက်တွေ့တွင် နွေစပါးအထွက်နှုန်း ပထမတန့်သွားသည်။ နောက် တဖြည်းဖြည်း နွေစပါး အထွက်ကျဆင်းသည်ထိ ဖြစ်လာသည်ကို တွေ့ရသည်။ဤသို့ဖြစ်ရသည်ကို ခြုံငုံလေ့လာသုံးသပ်ကြည့်လျှင် မြေဆီလွှာပျက်သုဉ်းလာခြင်း၊ စိုက်ပျိုးသည့်စပါးမျိုးများ ဗီဇလျော့ကျလာခြင်း၊ ရေမြေအခြေအနေများ ချို့ယွင်းပျက်စီးလာခြင်း၊ စိုက်ပျိုးရေးနည်းပညာပိုင်းဆိုင်ရာ လိုက်နာကျင့်သုံးမှု လျော့ရဲရဲဖြစ်လာခြင်းကတရားခံများဖြစ်နေသည်ကို တွေ့ရသည်။ သို့သော် ဤသို့ဖြစ်ရသည်ကို တောင်သူလယ်သမားကြီးများ သတိမမူမိကြပေ။ နွေစပါးစိုက်ပျိုးသော တောင်သူလယ်သမားကြီးများသည် မိုးစပါးရိုးပြတ်ကို မီးရှို့ပစ်ကြသည်။ ရိုးပြတ်ကို မီးရှို့ပါက နိုက်ထရိုဂျင်ဓာတ်အားလုံး၊ ဖော့စဖရပ် ၂၅ ရာခိုင်နှုန်း၊ပိုတက်စီယမ်ဓာတ် ၂၀ ရာခိုင်နှုန်း၊ ဆာလ်ဖိတ် ငါးရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်း နှင့် သွပ်ဓာတ်၊ စီလီကာဓာတ်များလည်း ဆုံးရှုံးသွားစေပါသည်။
ထို့အပြင် စပါးပင်ကိုရိတ်သိမ်းလိုက်သောအခါ စပါးပင်ထဲမှာမြေကြီးထဲမှ စုပ်ယူစားသွားသော နိုက်ထရိုဂျင်ဓာတ် ၄၀ ရာခိုင်နှုန်း၊ ဖော့စ်ဖိတ်ဓာတ်၃၀-၃၅ ရာခိုင်နှုန်း၊ ပိုတက်စီယမ်ဓာတ် ၈၀-၈၅ ရာခိုင်နှုန်း၊ ဆာလ်ဖာဓာတ် ၄၀-၄၅ရာခိုင်နှုန်းတို့ ပါသွားပါသည်။ (Roshida & Aunt 1976. Japan) စပါးရိတ်သိမ်းပြီး ရိုးပြတ်ကို မီးမရှို့ဘဲ စပါးအဖျင်းအမှော်အမှိုက်၊ ကောက်ရိုးတွေ မြေကြီးထဲသို့ ပြန်ထည့်ပြီး မြေယာပြုပြင်ထွန်ယက်လိုက်လျှင်ဒီပစ္စည်းတွေဟာ ဆွေးမြေ့ပြီး မြေဆွေးဖြစ်သွားပါသည်။ ဆွေးမြေ့သွားသည့် မြေဆွေး၊သစ်ဆွေးသည် မိတ်ဆွေပိုး၊
ပင့်ကူ၊ သားရဲကောင်များ၏ ဇီဝအာဟာရဖြစ်သွားပြီး ၎င်းမိတ်ဆွေပိုးများ ရှင်သန်ပွားများမှဖြစ်စေပါသည်။ စပါးပင် ပြန်လည်စိုက်ပျိုးသည့်အခါဇီဝနည်းဖြင့် ပိုးမွှားကာကွယ်နှိမ်နင်းရေးကိုအထောက်အကူဖြစ်စေပါသည်။ ကောက်ရိုးနှင့် ရိုးပြတ်များကို မီးမရှို့ဘဲ ထယ်ရေးအနက် ၅-၁၀ စင်တီမီတာထိရောက်အောင် ထယ်ထိုးမြေမြှုပ်ပေးလျှင် မြေဆွေးအဖြစ် ပြောင်းလဲသွားပြီး အာဟာရဓာတ်ရရှိသည့်အတွက် စပါးပင်ကြီးထွား ချိန်ကုန်သည်အထိ နိုက်ထရိုဂျင်မြေသြဇာထပ်မံထည့်ပေးရန်မလိုဘဲ အလိုအလျောက်ပြည့်ဝစေတယ်လို့ ဂျပန်စပါးပညာရှင်(Roshida-1979) က ဆိုထားပါသည်။
စပါးအထွက်နှုန်း ကောင်းဖို့ဆိုလျှင် မြေဆီလွှာဟာ ရူပဂုဏ်သတ္တိ၊ ဓာတုဂုဏ်သတ္တိ၊ ဇီဝဂုဏ်သတ္တိများနှင့် ပြည့်စုံရန် လိုအပ်ပါသည်။ သီးနှံပင်များ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းစေရန်အတွက်မြေဆီလွှာအတွင်း မြေဆွေးဓာတ်အနည်းဆုံး ၁ ဒသမ ၅-၂ ရာခိုင်နှုန်းအထိ ရှိဖို့လိုပါသည်။ မိုးစပါးအပြီး နွေစပါးသီးထပ်စိုက်ပျိုးလာကြသည့်အခါ နှစ်ကြာလာသည်နှင့်အမျှ မြေဆီလွှာ၏ ဓာတ်ဂုဏ်သတ္တိ၊ ရူပဂုဏ်သတ္တိ၊ ဇီဝဂုဏ်သတ္တိတွေပါ ပျက်သုဉ်းလာသည်။ ဤသို့ ပျက်သုဉ်းခြင်းကြောင့် မြေဆီလွှာအတွင်း အာဟာရဓာတ်တွေ လျော့ပါးသွားသည့်အပြင် မြေဆီလွှာဖွဲ့စည်းမှုလည်း ပြောင်းလဲသွားပါသည်။ ရေဆင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ ၁၉၈၇ ခုနှစ်မှ ၁၉၉၄ ခုနှစ်ထိရှစ်နှစ်တာ သုတေသန စမ်းသပ်ချက်အရ စပါးကို တစ်နေရာတည်းတွင် နှစ်စဉ်ဆက်တိုက် စိုက်ပျိုးလာပါက လေးနှစ်မှစ၍ စပါးအထွက်နှုန်းကျဆင်းလာသည်ဟု ဆိုပါသည်။ ထို့အတူမြေ၏ချဉ်ငန်ကိန်းနိမ့်လာပြီး မြေချဉ်လာခြင်း၊ အဓိကအာဟာရဓာတ်များဖြစ်သည့် နိုက်ထရိုဂျင်ဓာတ်၊ ဖော့စဖရပ်ဓာတ်၊ ပိုတက်စီယမ်ဓာတ်များ လျော့နည်းလာခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ထို့အပြင် ကယ်လ်စီယမ်ဓာတ်၊ မဂ္ဂနီစီယမ်ဓာတ်များလည်း လျော့ကျသွားသည်ဟု ဆိုထားပါသည်။
မြေဆီလွှာ၏ ဖွဲ့စည်းမှုမှာ သဲပမာဏများလာပြီး နုန်းနှင့် မြေဆွေးပါဝင်မှုပမာဏလျော့ကျလာကာ သဲဆန်နုန်းမြေအဖြစ်သို့လည်း ပြောင်းလဲသွားသည်ဟု ဆိုထားပြန်ပါသည်။ ယခုခေတ်တွင် ရှေးတောင်သူလယ်သမားကြီးများ ဘိုး၊ ဘွား၊ မိဘများ၏ အမွေဆက်ခံလာကြသောတောင်သူလယ်သမား လူလတ်၊ လူငယ်များသည် မိမိလယ်ယာကို စိတ်မဝင်စား
ကြတော့ပါ။
ဆိုင်ကယ်တစ်စီးဖြင့် ဗီဒီယိုရုံသွား၊ တယ်လီဖုန်းပွတ်ရင်းသာ အချိန်ကုန်နေကြပါသည်။ မိမိလယ်ယာမြေများကို ဂရုတစိုက်မပြုပြင်ကြတော့ပါ။ စပါးပင်၊ သီးနှံပင်များက ထုတ်နုတ်စားသုံး၍ ကုန်ခမ်းသွားသော အာဟာရများကို မြေဆွေး၊ နွားချေး၊ သဘာဝမြေဆွေးများ ဂရုတစိုက်ချပေးပြီး ပြန်လည်ဖြည့်ဆည်းသည့်လုပ်ငန်းစဉ်ကို မဖြစ်မနေ ဆောင်ရွက်ဖို့ လိုပါသည်။ သို့မှသာ မြေဆီလွှာ၏ ရူပဂုဏ်သတ္တိ၊ ဓာတုဂုဏ်သတ္တိ၊ ဇီဝဂုဏ်သတ္တိများ ပြန်လည်တက်လာပြီး စပါးအထွက်ကောင်းစေမည်ဖြစ်ပါသည်။ နွားချေး၊ သဘာဝမြေဆွေးကို ၁-၃ တန် ထည့်ပေးခြင်းဖြင့် စပါးအထွက် ၄၅ ရာခိုင်နှုန်း အထွက်ပိုမိုလာသည်ဟု ရေဆင်းသုတေသနဦးစီးဌာန၊ သုတေသနရလဒ်ကထောက်ပြထားပါသည်။
ကောက်ရိုး၊ ပေါင်းမြက်၊ အပင်အကြွင်းအကျန်များအား အီအမ်မြေဆွေးပြုလုပ်ကာ အီးအမ်မြေဆွေးတစ်တန်၊ အီးအမ်ဖျော်ရည် ၆၀ လီတာ၊အမ်ဘိုကာရှိ ၂၀ ပေါင်ထည့်ပေးခြင်းဖြင့် အထွက် ၃၃ ရာခိုင်နှုန်း ပိုမိုထွက်ရှိသည်ဟု ဆိုထားပါသည်။ စပါးခွံ၊ ဖွဲနု၊ အီအမ်ဘိုကာရှီ ပေါင် ၆၀ နှုန်းထည့်ပေးပါကလည်း စပါးအထွက်၂၂ ရာခိုင်နှုန်း တိုးတက်ထွက်ရှိသည်ဟုလည်း ထပ်မံဆိုထားပါသည်။ သစ်စိမ်းမြေသြဇာအဖြစ်ပဲလွမ်း၊ ပဲတီစိမ်း၊ ပိုက်ဆံလျှော်ပင်များကို ကြဲပက်ပြီး တစ်ဧက ၃-၇ တန်ခန့် မြေတွင် ထယ်ထိုးမြေမြှုပ်ပေးလျှင် မြေဆွေးဓာတ်တက်လာပြီးစပါးအထွက် ၁၄-၁၉ ရာခိုင်နှုန်း တိုးမြှင့်ထွက်ရှိနိုင်သည်ဟု ဆိုထားပါသည်။
မိုးစပါး၊ နွေစပါးသီးထပ် နှစ်စဉ်ဆက်တိုက် စိုက်ပျိုးရ၍ နှစ်ကြာလာလျှင် စပါး အထွက်နှုန်းကျဆင်းလာခြင်းအား ပြန်လည်မြှင့်တင်နိုင်ရန်အတွက် သဘာဝေမြေဆွေး၊ နွားချေးထည့်ပေးသည့်အပြင် ယူရီးယားမြေသြဇာကို တစ်မျိုးတည်းအသုံးမပြုဘဲ ယူရီးယား၊ တီစူပါ၊ ပိုတက်ရှ်မြေသြဇာများကို အချိုးညီညီ အသုံးပြုဖို့ လိုအပ်ပြီးဂျစ်ပဆန်ကျောက်မှုန့် ၁၁၂ ပေါင်နှုန်း တွဲဖက်အသုံးပြုရန် လိုအပ်သည်ဟု ရေဆင်းသုတေသနဦးစီးဌာနက အကြံပြုထားပါသည်။ နောက်တစ်ချက်မှာ ရေတင်မြေပြင်၍ မြေယာပြုပြင်ထွန်ယက်သည့် နည်းစနစ် မှားနေခြင်း
ကြောင့် အထွက်ကျဆင်းရသည်ကိုလည်း လက်တွေ့မြင်တွေ့နေရပါသည်။ လယ်သမားကြီးများ လက်တွေ့ကျင့်သုံးနေသောစနစ်မှာ မိုးစပါးရိတ်ပြီးလျှင် ရိုးပြတ်ကို မီးရှို့ပါသည်။ ၎င်းင်းနောက် ရေတင်မြေပြင် ထွန်ယက်ပြီး စပါးကို ချက်ချင်းစိုက်ပျိုးပါသည်။ ဤသို့ ဆောင်ရွက်ခြင်းကြောင့် အားနည်းချက်နှစ်ရပ်ဖြစ်ပေါ်လာပါသည်။
ပထမတစ်ချက်မှာ လယ်မြေသည် မိုးရာသီတစ်ရာသီလုံး ရေဖြင့် ဖုံးလွှမ်းခံထားရသဖြင့် မြေဆီလွှာအတွင်း အောက်ဆီဂျင်ပြတ်၍ လေမဲ့ဇုန်ဖြစ်ပေါ်နေခြင်းကြောင့် စပါးပင်အမြစ်များ အောက်ဆီဂျင်မရရှိ၍ ကြီးထွားနှောင့်နှေးမှုဖြစ်စေပါသည်။ သို့ပါ၍ ရေမတင်မီ မြေကို အခြောက်ထယ်ရေး မြေလှန်ထားပြီး ၂-၃ ရက်ကြာမှသာ ရေတင်မြေပြင်ပြုလုပ်ရန် လိုပါသည်။ ဒုတိယအချက်မှာ ချက်ချင်းရေတင်မြေပြင်၍ တမန်းရရှိအောင် ဆောင်ရွက်လိုက်သည့်အခါ လယ်မြေအတွင်းပေါက်ရောက်နေသောကောက်လေကောက်လွင့်ပင်များ၊ ပေါင်းမြက်ပင်များသည် တမန်း အောက်သို့ ရောက်ရှိသွားပါသည်။ အဆိုပါအပင်အစိတ်အပိုင်းများသည်မြေတွင်းရှိဇီဝပိုးများ၊ အင်ဇိုင်းများ၊ လေများအကူအညီဖြင့် တဖြည်းဖြည်း ဆွေးမြေ့ရပါသည်။ ထိုသို့ ဆွေးမြေ့မှုဖြစ်စဉ်သည် ကောင်းစွာဆွေးမြေ့သွားရန် တစ်ပတ်ခန့်ကြာပါသည်။
ထိုအချိန်တွင် အော်ဂဲနစ်အက်ဆစ်၊ ဖောမစ်အက်ဆစ်၊ ပရိုပီယောနစ်အက်ဆစ်၊ အက်စစ်တစ်အက်ဆစ်၊ ဗျူတဲရစ်အက်ဆစ်၊ ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့၊ ဆာလ်ဖာဒိုင်အောက်ဆိုက်ဓာတ်ငွေ့များ ထွက်ပါသည်။ အဆိုပါအက်ဆစ်များ၏ အကျိုးဆက်ကြောင့် အပူငွေ့
ထွက်စေသည်။ ၎င်းဓာတ်ငွေ့များနှင့် အပူငွေ့က စပါးပင်အမြစ်ကို လောင်စေပါသည်။ စပါးပင်မကြီးထွားတော့ဘဲ အရွက်များများ သေးသေးမျှင်မျှင်ဖြစ်နေပြီး ဝါနေတတ်ပါသည်။ တောင်သူလယ်သမားကြီးများက တမန်းပူမိသည်ဟု ဆိုကြပါသည်။ စပါးပင်ကို နုတ်ကြည့်ပါကအမြစ်ညိုမည်းရောင်ဖြစ်နေသည်။ ပုပ်အီအီအနံ့ရရှိသည်။ မြေယာပြုပြင်ရေသွင်းပေးထားပါကတစ်ပတ်ခန့်ကြာလျှင် အော်ဂဲနစ်အက်ဆစ်ပမာဏ ၁၀-၄၀ မီလီမိုး^လီတာပြင်းအားအထိ တက်လာသည်။ အက်ဆစ်တစ်အက်ဆစ်ပြင်းအား ၁၅ မီလီမိုး^လီတာအထိရှိလာလျှင် စပါး
ပင် အဆိပ်အတောက်သင့်မှုခံရသည်။ ရာသီဥတုအေးပါက အဆိပ်သင့်ခံရမှု ပိုဖြစ်စေပါသည်။ တစ်ပတ်ခန့်ကြာလျှင် မြေတစ်ဧကမှ ကာဘွန်ဒိုင်အောက်ဆိုက်တစ်တန်ခန့် ထွက်ပါသည်။ ပြင်းအားမြင့်တက်လာပြီးလျှင် ပြန်ကျသွားလေ့ရှိပါသည်။
မြေစေးတွင် ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ထွက်မှု နှေးကွေး၍ သဲဆန်သောမြေတွင် ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ထွက်မှု ပိုမြန်၍ များသဖြင့် အပင်လောင်ကျွမ်းမှု ပိုခံရပါသည်။ သို့ပါ၍ နွေစပါးကိုရေတင်မြေပြင်၊ တမန်းပြင်ပြီး ချက်ချင်းတမန်းပူမစိုက်ပျိုးကြဘဲ တမန်းအေးအောင်စောင့်ပြီးမှ စိုက်ပျိုးရန် လိုအပ်ပါသည်။ အကယ်၍ တမန်းပူမိခဲ့ပါက စပါးခင်းကိုရေလျှော့ပြီး စက်ဖွဲပြာ ၂၀ အိတ်၊ ဂျစ်ပဆန် ကျောက်မှုန့် ၁၀၀ ပေါင်ရောပြီး စပါးခင်းထဲသို့ ကြဲပက်ပါ။
အမြစ်ဇုန်ရောက်စေရန် ခြေဖြင့်လိုက်နင်းပေးခြင်းဖြင့် ကုစားနိုင်ပါသည်။ နွေစပါး အထွက်နှုန်း ကျဆင်းနေခြင်းကို ပြန်တင်နိုင်ရန်မှာ စပါးမျိုးရွေးချယ်ခြင်း ဖြစ်ပါသည်။ မြေပြင်လက်တွေ့တွင် နွေစပါးခင်းများကိုကြည့်လျှင် စပါးပင်များ နှစ်ထပ်ဖြစ်နေခြင်း၊ အနိမ့်အမြင့်မညီခြင်း၊ပေါင်းမြက်ထူပြောခြင်းများ ဖြစ်ပေါ်နေပါသည်။ စပါးမျိုးအရည်အသွေးများ ကျဆင်းပြီး မူလဗီဇကိုမီအောင် စပါးမထွက်တော့ခြင်းဖြစ်နေပါသည်။
ရေဆင်း စိုက်ပျိုးရေး သုတေသန ဦးစီးဌာနမှ ထုတ်ဝေထားသော မျိုးကောင်းမျိုးသန့်မျိုးများ ရယူ၍ မဖြစ်မနေသွေးသစ်လောင်းရမည် ဖြစ်ပါသည်။ တောင်သူလယ်သမားကြီးများအနေဖြင့် မိမိလက်ဝယ်ရှိပြီးသားမျိုးကိုသာ တစ်ယူသန်စွဲ၍ မစိုက်ပျိုးသင့်ကြတော့ပေ။ စပါးမျိုးကောင်းမျိုးသန့်ကို စိုက်ပျိုးပါက အခြေခံပန်းတိုင်အထွက်နှုန်း တင်း ၁၀၀ ထက် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းထိ ပိုမိုထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သုတေသန ပြုဆိုထားပါသည်။ နွေစပါးအတွက် အထွက်နှုန်း တင်းရာကျော်ထွက်သည့် ရက်၉၀၊ ရတနာတိုး၊ သီးထပ်ရင်၊ ရေဆင်းလုံးသွယ်၊ ရတနာအောင်၊ ဆင်းနွယ်ရင်၊ သုခရင်၊ရွှေသွယ်ရင်၊ ပြည်တော်ရင် စသည့်မျိုးများကို အသုံးပြုသင့်ပါသည်။
နောက်တစ်ချက် နွေစပါးအထွက် နှုန်းကျဆင်းနေခြင်းကို ပြန်လည်မြှင့်တင်ရန်မှာတောင်သူလယ်သမားကြီးများ၏ မှားယွင်းနေသော ဓာတ်မြေသြဇာသုံးစွဲမှု ပမာဏနည်းခြင်း၊ ယူရီးယား ဓာတ်မြေသြဇာတစ်မျိုးသာ သုံးခြင်း၊ ယူရီးယားဓာတ် မြေသြဇာကို မြေဆွေးသုံးအိတ်နှင့် တစ်ညသိပ်ရောနှောနှပ်၍ မကျွေးခြင်း၊ မြေချဉ်ငန်ကိန်းကိုကြည့်၍ ချို့တဲ့နေသော အနည်းလို အာဟာရဓာတ်များ ဖြည့်စွက်ကျွေးရန် သတိမမူခြင်း စသည့်အချက်များကိုပြုပြင်ရန်ဖြစ်ပါသည်။
ယူရီးယား ဓာတ်မြေသြဇာကို မြေဆွေးသုံးအိတ်နှင့် သမအောင်ရောနှော၍ တစ်ညသိပ်နှပ်ထားပြီးမှကျွေးလျှင် စပါးအထွက် ၃၀ ရာခိုင်နှုန်းထိ ပိုမိုထွက်ရှိကြောင်း ရေဆင်း စိုက်ပျိုးရေး သုတေသန ဦးစီးဌာနမှ ဆိုထားပါသည်။ဤသို့ အသုံးပြုရန် နည်းပညာဆိုထားချက်မှာ ယူရီးယားဓာတ်မြေသြဇာ လေလွင့်ဆုံးရှုံးမှုသက်သာစေပြီး အပင်က များများစားသုံးမှုရရှိကာ လယ်မြေအတွင်း နွားချေး၊ မြေဆွေးလည်းထည့်ပြီးသားဖြစ်အောင် တစ်ချက်ခုတ် နှစ်ချက်ပြတ် ပေးထားသော နည်းပညာဖြစ်ပါသည်။ ယူရီးယား ဓာတ်မြေသြဇာကို မြေခံတွင် တစ်ကြိမ်ထည့်ပေးခြင်းထက် ငါးကြိမ် အလီလီခွဲထည့်ပေးခြင်းက စပါးပိုမိုထွက်သည်ဟုလည်း ဆိုပါသည်။
ပိုတက်ရှ်မြေသြဇာကိုလည်း မြေခံတွင် တစ်ကြိမ်ထည့်ပေးခြင်းထက် ပင်ပွားချိန်၊ မှိုကပ်ချိန်၊ အနှံစုံချိန်တို့တွင် သုံးကြိမ်အညီအမျှခွဲထည့်ပေးခြင်းသည် စပါးအထွက် ရှစ်ရာခိုင်နှုန်း ပိုမိုထွက်သည့်အပြင် အစာချက်အားကောင်း၊ အစားပို့မှုသွက်လက်၊ အပင်တောင့်တင်းခိုင်မာ၊ အောင်စေ့များစေပြီး စပါးစေ့အရောင်လည်း တောက်ပစေသည်ဟု ဆိုပါသည်။ မြေချဉ်ငန်ကိန်းမြင့်သော မန္တလေး၊စစ်ကိုင်း၊ မကွေး၊ နေပြည်တော်ရှိလယ်မြေများသည် ဇင့်ဓာတ်ချို့တဲ့တတ်သဖြင့် ဇီဖာ မြေသြဇာ တစ်ဧကသုံးပေါင်နှုန်း ထည့်သွင်းပါက စပါးအထွက် ၅-၂၅ ရာခိုင်နှုန်းအထိအထွက်ပိုမိုပါသည်။
မြေချဉ်ငန်ကိန်းနိမ့်သော ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်၊ မွန်၊ ကရင်၊တနင်္သာရီရှိ လယ်မြေများသည် စပါးမစိုက်ပျိုးမီ နှစ်ပတ်အလိုတွင် မဖောက်ထုံး တစ်ဧကပေါင် ၂၀၀ ထည့်ပေးပါက စပါးအထွက်ရှစ်ရာခိုင်နှုန်း ပိုမိုထွက်ရှိပါသည်။ နွေစပါးစိုက်ပျိုးချိန်တွင် သတိပြုရမည့်အချက်မှာ ကြဲခင်းကြဲပြီး ရေလွှတ်ပြီးစအချိန်တွင် ခင်းလုံးကျွတ်အောင် ဖျက်ဆီးတတ်သော စနိုက်၊ ချိုး၊ စာကလေး၊ ရေဘဲ၊ ရွှေခရု၊ ကြွက်တို့ကို အချိန်မီခြောက်လှန့်၊ကာကွယ်နှိမ်နင်းခြင်းများ ပြုလုပ်ပေးရန် လိုအပ်ပါသည်။ နောက်တစ်ချက်မှာ နွေစပါးသည် ခြောက်သွေ့ရာသီတွင်ရေတင် စိုက်ပျိုးရသည့် သီးနှံဖြစ်ပါသည်။ သို့အတွက် စပါးပင်သက်တမ်း တစ်လျှောက်ရှိနေရမည့်ရေပမာဏကို ဂရုတစိုက်ထိန်းသိမ်းရန် လိုအပ်ပါသည်။
စပါးပင်ကြီးထွားမှုကာလတွင် ရေပြတ်ပါက အပင်ကြီးထွားမှုညံ့စေပြီး ပင်ပွားလည်း နည်းသွားစေပါသည်။ အနှံသန္ဓေကြီးထွားမှုကာလနှင့် ပန်းပွင့်နို့ရည်တည်သောကာလများတွင် ရေပြတ်ပါက အဖျင်းများစေပါသည်။ အောင်စေ့ဖြစ်ပေါ်မှု ကျဆင်းစေပါသည်။ မြေပက်ကြားအက်သည်ထိ ရေပြတ်ပါက ဆန်သားဗိုက်ဖြူဖြစ်စေပါသည်။ ဆန်သားအက်ကြောင်းထစေပြီး ဆန်ကြိတ်ခွဲပါက ဆန်အကျိုးအကြေများစေသည်။
ဆန်အရည်အသွေးလည်း ကျဆင်းစေပါသည်။ သို့အတွက် ပင်ပွားချိန်တွင် လယ်ကွက်အတွင်းရေ တစ်လက်မ၊ တစ်လက်မခွဲရှိအောင် ဂရုတစိုက်ထိန်းသိမ်းထားရန် လိုပါသည်။ အနှံသန္ဓေကြီးထွားမှုကာလနှင့် ပန်းပွင့်ပြီး နို့ရည်တည်သောကာလများတွင် လယ်ကွက်အတွင်း ရေ ၄-၅ လက်မရှိအောင် ထိန်းသိမ်းထားရန် လိုပါသည်။ သို့ပါ၍ တောင်သူလယ်သမားကြီးများသည် နွေစပါးအထွက်နှုန်းတိုးစေရေးအတွက် အထက်ပါသတိပြု ပြုပြင်ရမည့်အချက်များကို အလေးအနက်ထား လိုက်နာဆောင်ရွက်ကြစေရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။
- အောင်ဆန်း(စိုက်ပျိုးရေး)
မြန်မာတောင်သူကြီးများ ဂျာနယ်
အတွဲ(၂၃) အမှတ်(၃၃၅)၊ ဇန်နဝါရီ ၇ - ၁၃၊ ၂၀၁၉ ခုနှစ်