cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

လျော့နည်းလာနေသည့် ဝတ်မှုန်ကူး အင်းဆက်ပိုးများ

. ဘက်စုံသီးနှံကာကွယ်ရေးစနစ်
စိုက်ပျိုးရေး နည်းစနစ်များအလိုက် ဝတ်မှုန်ကူးပေးတဲ့အင်းဆက်များ လျော့နည်းသွားစေရန် ပြုလုပ်ပေးနိုင်သကဲ့သို့ လျော့နည်းမှုကို ကူညီဖြေရှင်းရန်လည်း ဆောင်ရွက်ပေးနိုင်ပါတယ်။
  • ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ FAO ရဲ့ အဆိုအရ စုစုပေါင်းပန်းပွင့်တဲ့ အပင်မျိုးစိတ်များရဲ့ ၈၀ ရာခိုင်နှုန်းဟာ ပျားများ၊ လိပ်ပြာများစတဲ့ အင်းဆက်ပိုးများ အပြင်ငှက်များ၊ လင်းနို့စတဲ့အခြားသော တိရစ္ဆာန်များရဲ့ အကူအညီနဲ့ ဝတ်မှုန်ကူး မျိုးပွားကြကြောင်း သိရပါတယ်။

    အဲ့ဒီအပင်မျိုးစိတ်များတွင် ခရမ်းချဉ်၊ ငရုတ်၊ စတော်ဘယ်ရီ၊ ခါကျက်ဥ၊ ပန်းသီး၊ ကော်ဖီ၊ ကိုကိုးနဲ့ အခြားထောင်ပေါင်းများစွာသော အစားအစာအဖြစ် စားသုံးနေကြတဲ့ အပင်မျိုးစိတ်များဟာ သုံးပုံတစ်ပုံခန့် ပါဝင်နေတာကိုတွေ့ရပါတယ်။ အပင်မျိုးစိတ် အများစုဟာ ဝတ်မှုန်ကူးမှု မရှိခဲ့ပါက အသီးနဲ့ မျိုးစေ့မရနိုင်ပါ။

    ဝတ်မှုန်ကူးပေးမှုဟာ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များနဲ့ ဆီထွက်သီးနှံများကဲ့သို့သော သီးနှံများ စိုက်ပျိုး ထုတ်လုပ်ရေးမှာ အလွန်အရေးပါတဲ့ လုပ်ငန်းဖြစ်ပါတယ်။ သို့အတွက် စိုက်ပျိုးရေးတွင် ဇီဝမျိုးကွဲများရှိနေစေရေးမှာ အခက်အခဲ ဖြစ်လာစေပါတယ်။ ကမ္ဘာ့အစားအစာ တိုးတက်ထုတ်လုပ်ပေးမှုရဲ့ ၈၇ ရာခိုင်နှုန်းဟာ လင်းနို့၊ ငှက်များနဲ့အတူပျား၊ ပိတုန်း၊ လိပ်ပြာ စတဲ့ အင်းဆက်ပိုးများရဲ့ ကူညီဝတ်မှုန်ကူးပေးမှုများကြောင့်ဖြစ်ကြောင်း FAO ရဲ့ စာတမ်းမှာ ဖော်ပြထားပါတယ်။

    သဘာဝအလျောက် ပေါက်ရောက်နေကြတဲ့ မျိုးရိုင်းအပင်များရဲ့ ၈၀ ရာခိုင်နှုန်းဟာ ဝတ်မှုန်ကူးရန် အင်းဆက်ပိုးများအပေါ် မှီခိုနေကြရကြောင်းနဲ့ ငှက်မျိုးများအနက် ၆၀ ရာခိုင်နှုန်းဟာ အစားအစာ အရင်းအမြစ်အဖြစ် ပိုးကောင်များအပေါ် မှီခိုနေရကြောင်း သိရပါတယ်။ သို့သော် လက်ရှိကမ္ဘာပေါ်မှာ ဝတ်မှုန်ကူးပေးနေတဲ့ အင်းဆက်ပိုးများရဲ့ ဦးရေဟာ လျော့နည်းလာနေတာကို ဝမ်းနည်းဖွယ်တွေ့ရပါတယ်။

    ဝတ်မှုန်ကူးပေးတဲ့ အင်းဆက်ပိုးများ လျော့နည်းလာစေတဲ့ အကြောင်းရင်းများကတော့ မြေယာ အသုံးပြုမှု ပြောင်းလဲလာခြင်း၊ ပိုးသတ်ဆေးများ အသုံးများလာခြင်း၊ သီးနှံမျိုးတစ်မျိုးတည်းကို တစ်ကွင်းတစ်စပ်တည်း စိုက်ပျိုးလာခြင်းနဲ့ ရာသီဥတု ပြောင်းလဲလာနေခြင်းတို့ဖြစ်ပါတယ်။ သို့အတွက် တောင်သူများ၊ ကုမ္ပဏီများနဲ့ အစိုးရများ အပါအဝင် စိုက်ပျိုးရေး လုပ်ငန်းနဲ့ သက်ဆိုင်နေသူများ အားလုံးဟာ ဝတ်မှုန်ကူးပေးတဲ့ အင်းဆက်ပိုးများကို ကာကွယ်မှုပေးရန်နဲ့ စီးပွားဖြစ် ဝတ်မှုန်ကူးပေးမှုများကို ဆောင်ရွက်ကြရန် လိုအပ်မှာ ဖြစ်ပါတယ်။

    ဝတ်မှုန်ကူးပေးနိုင်ကြတဲ့ ပျားများ၊ ယင်များ၊ ကျိုင်းကောင်များ၊ နကျယ်များစတဲ့ အင်းဆက်ပိုးများ၊ လင်းနို့ စတဲ့သတ္တဝါများနဲ့ ငှက်များရဲ့ကျန်းမာရေး ကောင်းမွန်လာစေရေးနဲ့ အရေအတွက် လျော့နည်းလာမှုကို ကာကွယ်ပေးနိုင်ရန်အတွက် ပိုးသတ်ဆေးများသုံးစွဲမှု လျှော့ချရေး၊ မတူကွဲပြားတဲ့ စိုက်ပျိုးနည်းစနစ်များ ကျင့်သုံးကြရေးနဲ့ ဝတ်မှုန်ကူးပေးတဲ့ အင်းဆက်ပိုးများ အပါအဝင် အခြားသော တိရစ္ဆာန်များကို ရေရှည်စောင့်ကြည့်တဲ့ လုပ်ငန်းများကို သက်ဆိုင်ရာ အစိုးရများမှ ကူညီဆောင်ရွက်ပေးရန် လိုအပ်မှာဖြစ်ကြောင်း သုတေသီများက အကြံပြုထားပါတယ်။

    ဇီဝမျိုးကွဲများနဲ့ ဂေဟစနစ်ပေါ် အခြေခံတဲ့ ကမ္ဘာလုံးဆိုင်ရာ လေ့လာအကဲဖြတ်ချက်အရ မြောက်အမေရိကတိုက်နဲ့ ဥရောပတိုက်တို့မှာ ဝတ်မှုန်ကူးပေးတဲ့ အင်းဆက်ပိုးများနဲ့ တိရစ္ဆာန်များဟာ များပြားစွာနဲ့ ကျယ်ပြန့်စွာ လျော့နည်းလာနေတာကို တွေ့ရပါတယ်။ ဝတ်မှုန်ကူးပေးတဲ့ အင်းဆက်ပိုးများ၊ ငှက် စတဲ့ တိရစ္ဆာန်များဟာ ကမ္ဘာပေါ်ရှိလူသားအားလုံးအတွက်စီးပွားရေးအရ ဖြစ်စေ၊ ယဉ်ကျေးမှုအရဖြစ်စေ အရေးကြီးတဲ့ ကဏ္ဍမှာ ပါဝင်နေပါတယ်။

    ဝတ်မှုန်ကူးပေးတဲ့ အင်းဆက်ပိုးများနဲ့ အခြားတိရစ္ဆာန်များ ကျန်းမာစွာတည်ရှိနေနိုင်ရေးတွင် စိုက်ပျိုးရေးလုပ်ငန်းဟာ အရေးပါတဲ့ အခန်း ကဏ္ဍမှ ပါဝင်နေပါတယ်။ လုပ်ကွက်ငယ်တောင်သူများရဲ့ ပန်းသီး၊ ကော်ဖီ စတဲ့ စိုက်ခင်းများမှာ ဝတ်မှုန်ကူးပေးနိုင်တဲ့ ပျားများ၊ လိပ်ပြာများ၊ နကျယ်များ စတဲ့ အင်းဆက်ပိုးများ ပိုမိုလာရောက်စေရန်ဆောင်ရွက်ပေးခြင်းဖြင့် သီးနှံအထွက် ပိုမိုတိုးတက်လာစေကြောင်းတွေ့ရပါတယ်။

    စိုက်ပျိုးရေး နည်းစနစ်များအလိုက် ဝတ်မှုန်ကူးပေးတဲ့အင်းဆက်များ လျော့နည်းသွားစေရန် ပြုလုပ်ပေးနိုင်သကဲ့သို့ လျော့နည်းမှုကို ကူညီဖြေရှင်းရန်လည်း ဆောင်ရွက်ပေးနိုင်ပါတယ်။

    ကူညီဆောင်ရွက်ပေးနိုင်တဲ့ နည်းများမှာ ဝတ်မှုန်ကူးပေးတဲ့ အင်းဆက်များ၊ ငှက်များအတွက် အစားအစာနဲ့ နေထိုင်ကျက်စားရန်နေရာများဖန်တီးပေးခြင်း၊ သီးနှံထုတ်လုပ်မှု တိုးတက်စေပြီး၊ သဘာ၀ ပတ်ဝန်းကျင်နဲ့ ဂေဟစနစ်များကို ထိခိုက်မှု လျော့နည်းသက်သာစေနိုင်တဲ့ စိုက်ပျိုးရေး နည်းစနစ်များနဲ့ အလေ့အကျင့်များကို ပြောင်းလဲကျင့်သုံးခြင်း စသည်တို့ ဖြစ်ပါတယ်။

    စိုက်ပျိုးရေး လုပ်ငန်းများတွင် ပိုးသတ်ဆေးများ အသုံးပြုမှုအတွက် အပြည်ပြည်ဆိုင်ရာ သတ်မှတ်ထားတဲ့ စံနှုန်းများကို နိုင်ငံများမှ လိုက်နာကျင့်သုံးလာကြရေးကိုလည်း ဖိအားပေးဆောင်ရွက်သွားရန် လိုအပ်မှာ ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ FAO တို့မှ ပြုစုဖော်ထုတ်ထားတဲ့ ပိုးသတ်ဆေးဆိုင်ရာ စီမံခန့်ခွဲမှုကျင့်ထုံးများကို လိုက်နာကြရန် ဖြစ်သော်လည်း နိုင်ငံအများစုဟာ လိုက်နာဆောင်ရွက်နိုင်မှု မရှိသေးကြတာကို တွေ့ရပါတယ်။ သို့အတွက် ပိုးသတ်ဆေးသုံးစွဲမှု ကျယ်ပြန့် များပြားလာနေပြီး ဝတ်မှုန်ကူးပေးကြတဲ့ ပျားများ၊ အင်းဆက်ပိုးများ၊ ငှက်များနဲ့အတူ လူသားများကိုပါ ထိခိုက်မှုများရှိစေပါတယ်။ ဝတ်မှုန်ကူးပေးတဲ့ အင်းဆက်ပိုးများ လျော့နည်းလာနေမှုကို ထိန်းချုပ်ပေးပြီး ပြန်လည်တိုးပွားလာစေနိုင်ရန်အတွက်သုတေသီအဖွဲ့မှ အောက်ပါအချက်များကို လိုက်နာကျင့်သုံးကြရန် အကြံပြုထားပါတယ်။

    (၁) အပြည်ပြည်ဆိုင်ရာမှ သတ်မှတ်ထားတဲ့ ပိုးသတ်ဆေးသုံးစွဲမှု ထိန်းချုပ်စံနှုန်းများကို နိုင်ငံတိုင်းမှ လိုက်နာကျင့်သုံးလာကြစေရေးအတွက် ဖိအားပေးဆောင်ရွက်သွားကြရန် လိုအပ်ပါတယ်။ ထို့အတူ ပေါင်းစပ်ညှိနိုင်းဆောင်ရွက်တဲ့ ဖျက်ပိုးများ စီမံခန့်ခွဲမှုစနစ် (Integrated Pest management)(IPM) ကို ပိုမိုတိုးတက်အသုံးပြုလာရေး တွန်းအားပေးဆောင်ရွက်ကြရန်လည်း လိုအပ်ပါတယ်။

    (၂) မျိုးဗီဇ ပြုပြင်ပြောင်းလဲထားတဲ့ (ဂျီအမ်) သီးနှံများရဲ့ ဝတ်မှုန်ကူးပေးတဲ့ အင်းဆက်ပိုးများအပေါ် သွယ်ဝိုက်ပြီးအန္တရာယ်ပေးနိုင်မှုကို စိစစ်အကဲဖြတ်ကြရန်လည်း လိုအပ်ပါတယ်။ ဂျီအမ်သီးနှံများမှာ ဖျက်ပိုးများနဲ့ ပေါင်းပင်များကို နှိမ်နင်းရန် ရည်ရွယ်ထုတ်လုပ်ကြသော်လည်း ဝတ်မှုန်ကူးပေးတဲ့ အင်းဆက်ပိုးများနဲ့ မိတ်ဆွေပိုးများကိုပါ အန္တရာယ်ပေးနိုင်တဲ့အတွက် စိစစ်အကဲဖြတ်ရန် လိုအပ်မှာဖြစ်ပါတယ်။

    (၃) ဒေသမှာပေါက်ရောက် ဖြစ်ထွန်းနေတဲ့ အပင်မျိုးများကိုလည်း တွဲဖက်စိုက်ပျိုးကြရန် လိုအပ်ပါတယ်။ အထူးသဖြင့် ဝတ်မှုန်ကူးပေးတဲ့ င်းဆက်ပိုးများဟာ ဒေသရှိ အပင်များနဲ့အတူ ဆင့်ကဲဖြစ်ပေါ်လာကြတာ ဖြစ်တဲ့အတွက်၊ အဲ့ဒီအပင်များ အပေါ် မှီခိုနေထိုင်စားသောက်ရန် ပိုမိုကိုက်ညီမှု ရှိနေစေပါတယ်။

    အခြားဒေသမှ ရယူစိုက်ပျိုးကြတဲ့ အပင်များမှာ ဒေသမှာရှိနေပြီးဖြစ်တဲ့ အင်းဆက်ပိုးများအတွက် လုံလောက်တဲ့ ဝတ်ရည် သို့မဟုတ် ဝတ်မှုန်များ မရှိတတ်ကြပါ။ ဒေသအပင်မျိုးများဟာ ကြီးထွားဖွံ့ဖြိုးစေရန်အတွက် ရေလိုအပ်မှုလည်း နည်းတတ်မှုဟာလည်း စိုက်ပျိုးပြုစုသူများအတွက် ပိုမိုအဆင်ပြေစေနိုင်ပါတယ်။

    အပင်များကို ရွေးချယ်စိုက်ပျိုးရာတွင်လည်း ပန်းပွင့်ချိန်မတူကြတဲ့ အပင်မျိုးများကို ရွေးချယ်စိုက်ပျိုးကြခြင်းဖြင့် ပန်းပွင့်နေတဲ့ အပင်များ ကြာရှည်ရရှိစေနိုင်မှာ ဖြစ်ပါတယ်။ အပင်မျိုးများ ရွေးချယ်စိုက်ပျိုးရာတွင် ဝတ်မှုန်ကူးပေးတဲ့ အင်းဆက်ပိုးများ ပိုမိုကြိုက်နှစ်သက်တတ်တဲ့ အပင်မျိုးများကို စိစစ်ရွေးချယ် ထည့်သွင်းစိုက်ပျိုးပေးသင့်ပါတယ်။ သီးနှံစိုက်ခင်း ပတ်လည်တွင် ပန်းပင်မျိုးရိုင်းများကို စိုက်ပျိုးပေးထားခြင်း ဖြင့်လည်းဝတ်မှုန်ကူးပေးမယ့် အင်းဆက်ပိုးများ တိုးပွားလာစေနိုင်ပါတယ်။

    (၄) ဓာတုဆေးများကို အသုံးမပြုသင့်ပါ။ သီးနှံပင်များ စိုက်ပျိုးထုတ်လုပ်ကြရာတွင် ကျရောက်ဖျက်ဆီးလေ့ရှိတဲ့ အင်းဆက်ပိုးများ၊ ရောဂါများ

    နဲ့ ပေါင်းပင်များကို ကာကွယ်နှိမ်နင်းရန်အတွက် ပိုးသတ်ဆေး၊ မှိုသတ်ဆေးနဲ့ ပေါင်းသတ်ဆေးများကို အသုံးပြုကြပါတယ်။ ဒီဆေးများဟာ

    ဝတ်မှုန်ကူးပေးတဲ့ အင်းဆက်ပိုးများကိုလည်း ထိခိုက်စေနိုင်ပါတယ်။ သို့အတွက် သဘာဝမြေသြဇာများ ပိုမိုအသုံးပြုကြခြင်းနဲ့အတူ ဇီဝအခြေခံ

    ပိုးသတ်ဆေးများကို အသုံးပြုသင့်ပါတယ်။

    သို့သော် ဝတ်မှုန်ကူးပေးနိုင်တဲ့ အင်းဆက်ပိုးများကို မထိခိုက်စေနိုင်တဲ့ ဇီဝအခြေခံ (အပင်အခြေခံ) ပိုးသတ်ဆေးများကို ရွေးချယ်အသုံးပြုရန်

    လိုအပ်မှာဖြစ်ပါတယ်။ ဥပမာ ဆေးဂန္ဓမာပင်မှ ပန်းပွင့်များမှာ ပါဝင်တဲ့ အယ်လကာလွိုက်ဟာ ပိုးသတ်ဆေး အာနိသင်ရှိတဲ့အတွက် ယခင်က

    ကျယ်ပြန့်စွာ အသုံးပြုခဲ့ကြပါတယ်။

    မြန်မာနိုင်ငံမှာလည်း ၁၉၅၀ ပြည့်နှစ်လွန်ကာလမှာ ဆေးဂန္ဓမာစိုက်ပျိုးရေးစီမံကိန်း ရှိခဲ့ပါတယ်။ စိုက်ပျိုး ထုတ်လုပ်မှု အောင်မြင်ခဲ့ပါတယ်။ သို့သော် ဆေးဂန္ဓမာပွင့်မှ ဝတ်မှုန်များဟာ ပျားများရဲ့ မျိုးပွားအင်္ဂါကို ထိခိုက်စေကာ ပျားဦးရေ လျော့နည်းလာစေတဲ့အတွက် ယခုအခါ စိုက်ပျိုးထုတ်လုပ်မှု မရှိတော့တာကို တွေ့ရပါတယ်။ သို့အတွက် သီးနှံဖျက်ပိုးများကို ကာကွယ်ပေးရာတွင်လည်းဝတ်မှုန်ကူးပေးတဲ့ အင်းဆက်ပိုးများနဲ့အတူ မိတ်ဆွေပိုးများကိုပါ မထိခိုက်စေနိုင်တဲ့ နည်းများကို အသုံးပြုကာကွယ်ပေးသင့်ပါတယ်။

    (၅) ဝတ်မှုန်ကူးပေးတဲ့ အင်းဆက်ပိုးများအတွက် အဆင်ပြေနိုင်မယ့် ပတ်ဝန်းကျင်မျိုးကိုလည်း ဖန်တီးပေးထားရန် လိုအပ်ပါတယ်။ ဝတ်မှုန်ကူးပေးနိုင်တဲ့ ပျားများကဲ့သို့သော အင်းဆက်ပိုးများ အဆင်ပြေလွယ်ကူစွာ ဝတ်ရည်စုပ်ယူနိုင်ကြစေရန်အတွက် အပင်မျိုးအလိုက် အရေအတွက်များပြားစွာ စိုက်ပျိုးထားရန် လိုအပ်ပါတယ်။ စိုက်ခင်းဘေးပတ်ဝန်းကျင်တွင်အကိုင်းခြောက်များ၊ သစ်ဆွေးတုံးများ၊ အပင်သေ၊ အပင်ခြောက်ကြီးများကို သဘာဝအတိုင်း ထားပေးခြင်းဖြင့်လည်း ပိုးအိမ်ဖွဲ့မှု၊ ပျားအုံဖွဲ့မှု စတဲ့ ဝတ်မှုန်ကူးပေးမယ့် အင်းဆက်ပိုးများအတွက် အမှီပြနေနိုင်တဲ့ နေရာ

    အဖြစ် ဖန်တည်းပေးထားသကဲ့သို့ဖြစ်နေစေတဲ့အပြင် သစ်တောက်ငှက်ကဲ့သို့ ပိုးစားငှက်များကိုလည်း ဆွဲဆောင်နိုင်စေမှာ ဖြစ်ပါတယ်။

    (၆) ဝတ်မှုန်ကူးပေးတဲ့ အင်းဆက်ပိုးများရဲ့ အရေးပါမှုကို ပြည်သူများ သိရှိစေရန်ပညာပေးစည်းရုံး ဆောင်ရွက်ကြရန် လိုပါတယ်။ ဝတ်မှုန်ကူးပေးကြတဲ့ ပျားများအပါအဝင် အင်းဆက်ပိုးများ၊ ငှက်များရဲ့ စိုက်ပျိုးရေးလုပ်ငန်းများမှာ အရေးပါမှု၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းထားနိုင်မှုနဲ့အတူ အစားအစာဖူလုံစေရေးတွင် ကူညီပေးနိုင်မှုများကို ပြည်သူများ သိရှိသဘောပေါက် ကူညီဆောင်ရွက်လာကြစေရန်ပညာပေးမှု၊ စည်းရုံးမှုများကိုလည်း ဆောင်ရွက်ပေးကြရန်လိုအပ်မှာ ဖြစ်ပါတယ်။

    (၇) အော်ဂဲနစ်စနစ် စိုက်ပျိုးရေးဟာဝတ်မှုန်ကူးပေးတဲ့ အင်းဆက်ပိုးမျိုးများ တိုးပွား များပြားလာစေနိုင်ကြောင်း တွေ့ရပါတယ်။ နှစ်ရှည်စမ်းသပ်သုတေသန ပြုခဲ့မှု အရ အော်ဂဲနစ်စနစ်နဲ့ စိုက်ပျိုးထားတဲ့ စိုက်ခင်းများမှာ သာမန်စိုက်စနစ်နဲ့ စိုက်ပျိုးထားတဲ့ စိုက်ခင်းများမှာထက် ဝတ်မှုန်ကူးပေးတဲ့ ပိတုန်းမျိုးများ ပိုမိုများပြားလာတာကိုတွေ့ရပါတယ်။

    အော်ဂဲနစ်စနစ် စိုက်ပျိုးရေးတွင် မတူကွဲပြားတဲ့ သီးနှံမျိုးများကို ရောနှောစိုက်ပျိုးထားမှုကြောင့် ပန်းပွင့်ချိန်ကွဲပြားနေကာဝတ်ရည်ရရှိချိန် ကာလာကြာရှည် စေခြင်းနဲ့ အတူ ဓာတုပိုးသတ်ဆေးများကို အသုံးမပြုကြခြင်းဟာလည်း ဝတ်မှုန်ကူးပေးတဲ့ အင်းဆက်ပိုးများ ပိုမိုတိုးပွားများပြားလာစေခြင်းဖြစ်ပါတယ်။

    သို့အတွက် ပတ်ဝန်းကျင် ဂေဟစနစ်ကို အကျိုးပြုစေတဲ့အပြင် စားသုံးသူများ အန္တရာယ်ကင်းစွာ စားသုံးနိုင်ပြီး ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အော်ဂဲနစ် စနစ်စိုက်ပျိုးရေးကို ပိုမိုကျင့်သုံးလာကြစေရန် အားပေးဆောင်ရွက်သင့်ပါတယ်။ အပြည်ပြည်ဆိုင်ရာသုတေသီအဖွဲ့ရဲ့တွေ့ရှိထားချက်တစ်ခုကတော့ မြို့ပြများမှာ နေထိုင်ကြတဲ့ ပြည်သူများဟာ ဝတ်မှုန်ကူးပေးတဲ့ အင်းဆက်ပိုးများ ရှင်သန်ပွားများစေရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကပါဝင်နေတယ်ဆိုတာ ဖြစ်ပါတယ်။

    မြို့ပြနေအိမ်များတွင် အလှစိုက်အပင်များ၊ စားသုံးသီးပင်များကို အပင်မျိုးစုံလင်စွာ စိုက်ပျိုးထားကြလေ့ရှိကြပါတယ်။ သို့အတွက်ပျားများနဲ့ လိပ်ပြာများအတွက် ရာသီအလိုက်ဝတ်ရည်စုပ်ယူနိုင်မယ့် ပန်းပွင့်များရရှိနိုင်စေပါတယ်။

    မြို့ပြနေထိုင်သူများတွင် လူမျိုးအလိုက် ကွဲပြားတဲ့လူနေမှု၊ ယဉ်ကျေးမှု များကွာခြားကြသကဲ့သို့ စားသုံးတဲ့သီးနှံများနဲ့ စားသုံးနည်းများလည်း မတူကွဲပြားကြ၍ သီးနှံမျိုးစုံ စိုက်ပျိုးထားကြတဲ့အတွက် ဝတ်မှုန်ကူးပေးတဲ့ အင်းဆက်ပိုးများအတွက် ကြိုက်နှစ်သက်ရာပန်းမျိုးများ ရာသီအလိုက် ရရှိစေနိုင်တဲ့ အခွင့်အလမ်းရှိနေစေကာ ရှင်သန်ပွားများမှုကိုလည်းများစွာ အထောက်အကူ ပြုပေးစေနိုင်တာဖြစ်ပါတယ်။

    - ဒေါက်တာစိန်လှဗိုလ်

    မြန်မာတောင်သူကြီးများ ဂျာနယ်

    -----


  • article
likes
4
comments
0
views
2580