cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မီးရောင်ထောင်ချောက် ဘာ့ကြောင့်ထွန်းရသလဲ

. ဘက်စုံသီးနှံကာကွယ်ရေးစနစ်
ပိုးသတ်ဆေးမသုံးရဘဲ အကျိုးရှိမယ့် “မီးရောင် ထောင်ချောက်ထွန်းညှိဖို့“ ကိစ္စလေး ဆွေးနွေးချင်ပါတယ်ဗျာလို့ ဆိုလိုက်တော့
  • ပြီးခဲ့တဲ့ နှစ်မိုးရာသီ စက်တင်ဘာလ၊ ပထမပတ်ထဲမှာ ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်ထဲက ရွာတစ်ရွာမှာ ညအိပ်ဖို့ကြုံတဲ့ အတွက် ညအိပ်ခဲ့ရပါတယ်။ ညအိပ်ရတဲ့ အိမ်ကလည်း အဲ့ဒီရွာရဲ့ ရွာလူကြီးအိမ်ဆိုတော့ တစ်ထပ်တိုက် ကျယ်ကျယ်ဝန်းဝန်းကောင်းကောင်းလေးပါဘဲ။ တောရွာဆိုတော့ ညခြောက်နာရီကျော်ဆိုရင်ဘဲ မှောင်လာပြီဆိုတော့ ဘက္ထရီမီးချောင်း ထွန်းပါတယ်။ လင်းထိန်နေတာပါဘဲ။

    စာရေးသူတို့ အဖွဲ့ ညအိပ်တယ်ဆိုရင်ဘဲ ရွာထဲကလူကြီးတွေ အယောက် ၃၀ နီးပါးလောက် လာကြပြီး ဧည့်ခံစကားပြောကြပါတယ်။ အကြောင်းအရာကတော့ ဟိုရောက်၊ ဒီရောက် စုံနေတာပါဘဲ။ စိုက်ပျိုးရေးကိစ္စတွေ အများဆုံး ဆွေးနွေးကြတာပါဘဲ။ ညရှစ်နာရီလောက်ရောက်တော့ ထွန်းညှိထားတဲ့ ဘက္ထရီမီးချောင်းမှာ ပိုးကောင်းတွေအများကြီး ဝိုင်းအုံလာပါတယ်။

    မီးချောင်းကိုဝင်တိုးပြီး အောက်ကထိုင် နေတဲ့ လူတွေပေါ် ပြုတ်ကျလိုက် ပြန်ဝဲပြီး တက်သွားလိုက်နဲ့ အတော့်ကို ရှုပ်ယှက်ခတ်နေတာပါဘဲ။ ထိုင်နေကြတဲ့ တောင်သူလယ်သမား ကြီးတွေလည်း ယပ်တောင်နဲ့ခပ်ကြ၊ ပုဆိုးနဲ့ယမ်းကြ၊ လက်နဲ့ပုတ်ကြနဲ့ တော်တော်ဒုက္ခနဲ့တွေ့နေကြရပါတယ်။

    စာရေးသူတို့အဖွဲ့လည်းတဖျန်းဖျန်း၊ တယမ်းယမ်းနဲ့ အိန္ဒြေပျက်လောက်အောင် ရှုပ်ယှက်ခပ်နေလို့ ဝိုင်းပြီး အားနာနေကြပါတယ်။ အဲ့ဒီအထဲမှာပါလာတဲ့ လယ်သမားကြီးတစ်ယောက်က မီးဖိုချောင်ထဲဝင်ပြီး ငရုတ်သီး ခြောက်ငါးတောင့်၊ ခြောက်တောင့်လောက်ကို မီးကင်ပြီး အညှာတွေကို ကြိုးနဲ့စုချီပြီး ယူလာပါတယ်။ ပြီးတော့ မီးချောင်းအောက်နားမှာ တွဲလောင်းချိတ်ထားလိုက်ပါတယ်။ မကြာခင်မှာဘဲ ပိုးမွှားကောင်တွေ ရှောင်ပြေးကုန်တာ တွေ့ရပါတယ်။

    ငရုတ်သီးညှော်နံ့ကို ကြောက်လို့ပြေးကုန်ကြတာပါဘဲ။ ဒါဟာပိုးမွှားကို တုံ့ပြန်ဆေးသုံးတဲ့သဘောပါဘဲ။ စာရေးသူက တစ်ချက်တွေးမိပြီး မီးချောင်းကိုလာတဲ့ ပိုးမွှားဖလံလေးတွေကို ဖမ်းပြီး သေချာကြည့်မိပါတယ်။ ဖလံကောင်လေးတွေထဲမှာ စပါးဆစ်ပိုးဖလံ၊ မြေပဲရွက် လိပ်ရွက်ကပ်ဖလံ၊ ငမြှောင်တောင်ဖလံ၊ နှမ်းဖလံ၊ သီးတောင့်ထိုးပိုးဖလံတွေ ဖြစ်နေတာ တွေ့ရတယ်။ ဘတ်ကောင်တွေကတော့ ဖြုတ်အမျိုးမျိုး၊ စပါးနှံစုပ်ပိုး၊ ပိုးလောင်မီးပိုးတွေရောကို စာရေးသူက ပလပ်စတစ်အိတ်ကြည်နှစ်အိတ်တောင်းပြီး အဲ့ဒီ နှစ်အိတ်မှာ ခွဲထည့်လိုက်ပါတယ်။

    တောင်သူလယ်သမားကြီးများ အားလုံးကတော့ စာရေးသူဘာလုပ်နေပါလိမ့်လို့ မျက်လုံးအပြူးသားကြီးများနဲ့ တအံ့တသြ စိုက်ကြည့်နေကြပါတယ်။ စာရေးသူ ဆွေးနွေးရမယ့် အကွက်ကလေးဝင်သွားပါတော့တယ်။ ကဲ . . . ကဲ ဒီမှာတော့ တောင်သူလယ်သမားကြီးများ တော်တော်များများလည်း ဆုံမိနေပြီ။

    ကျွန်တော်ကြုံကြိုက်တုန်း စိုက်ပျိုးရေးပညာပေး ဆွေးနွေးပွဲလေး စလိုက်ချင်ပါတယ်လို့ စကားစလိုက်ပါတယ်။ စာရေးသူက တောင်သူလယ်သမားကြီးများ ပိုးမွှားကာကွယ်နှိမ်နင်းရေးမှာ ပိုးသတ်ဆေးမသုံးရဘဲ အကျိုးရှိမယ့် “မီးရောင် ထောင်ချောက်ထွန်းညှိဖို့“ ကိစ္စလေး ဆွေးနွေးချင်ပါတယ်ဗျာလို့ ဆိုလိုက်တော့ ဘယ်လို ဘယ်လိုဆရာ၊ ပိုးသတ်ဆေး မသုံးရဘဲ မီးရောင်ထောင်ချောက်ထွန်းပြီး ကာကွယ်နှိမ်နင်းမယ်၊ ဘာ့ကြောင့် မီးရောင်ထောင်ချောက်ထွန်းညှိရတာလဲ ရှင်းရှင်းလင်းလင်း ပြောပါဦး ဆရာ။

    ဒီလိုဗျာ ဟောဒီမှာကြည့်၊ ဟောဒီပလပ်စတစ်အိတ်ကလေးထဲမှာရှိတဲ့ ဖလံကောင်လေးတွေဟာ ဒီမီးချောင်းကို လာကြတဲ့အကောင်လေးဘဲဗျာ။ ဒီဖလံလေးတွေဟာ သီးနှံကို ဖျက်ဆီးမယ့် လောက်ကောင်တွေးတွေကို မွေးဖွားပေးမယ့် မိခင်ဖလံမတွေလေဗျာ။ ဟောဒီ ပလပ်စတစ်အိတ်ထဲက ပိုးကောင်းလေးတွေကတော့ သီးနှံတွေကို ဖျက်ဆီးစားသောက်မယ့် ပိုးကောင်တွေပေါ့ဗျာ။

    ဟောဒါက စပါးဆစ်ပိုးဖလံ၊ ဟောဒါက ငမြှောင်တောင်ပိုးဖလံ၊ ဟောဒါက သီးလုံးဖောက်ပိုးဖလံ၊ ဟောဒါက မြေပဲရွက်လိပ် ရွက်ကပ်ပိုးဖလံ၊ ဟောဒါက ပိုးလောင်မီး၊ ဟောဒါက ဖြုတ်ပိုး၊ ဟောဒါက စပါးနှံစုပ်ပိုးဗျာ။ ကဲလာကြည့်ကြပါဦးလို့ဆိုတော့ အော် ဟုတ်လားဆရာ၊ ဒီကောင်လေးတွေက မီးချောင်းမှာ နေ့တိုင်းတွေ့နေတာ ကျွန်တော်တို့ သီးနှံတွေကို ဖျက်ဆီးတဲ့ပိုးမွှားလေးတွေဆိုတာ မသိခဲ့ကြပါဘူးဆရာ၊ အခုဆရာပြောမှဘဲ . . . ကဲ . . . “ပိုးဖလံမျိုး မီးကိုတိုး”ဆိုတဲ့ ဆိုရိုးစကားရှိတယ်မဟုတ်လား။ ဒီပိုးဆိုတဲ့ အမျိုးတွေဟာ ညအချိန်မှာဆိုရင်

    မီးရောင်ကို တအားကြိုက် ကြတယ်ဗျ။

    ခရမ်းပြာရောင် မီးရောင်၊ ဒီလိုမီးချောင်း မီးရောင်တွေဆို သိပ်ကြိုက်ကြတယ်။ အသက်အသေခံပြီးတော့ကို မီးရောင်ကိုလာပြီး တဖြတ်ဖြတ်နဲ့ ဝင်တိုးနေကြတာဗျ။ ခုမြင်တဲ့အတိုင်းဘဲဗျာ။ ဟာ . . . ဆရာပြောတော့လဲ ဟုတ်နေတာဘဲကွ ငထွန်းရ။ အချင်းချင်းတို့စိတို့စိ စကားသံလေး လှုပ်လှုပ်ရွရွ ထွက်လာတာ သတိပြုမိလိုက်ပါတယ်။

    ကဲ . . . ဒီလိုဆိုရင် မီးရောင်ထောင်ချောက် ဘာ့ကြောင့်ထွန်းညှိဖို့လိုသလဲဆိုတာလေး ဆက်ကြရအောင်ဗျာ။ မိမိလယ်ထဲမှာ မီးရောင်ထောင်ချောက်ထွန်းမယ်ဆိုရင် လယ်ငါး

    ဧကကို မီးထောင်ချောင် တစ်တိုင်ဆို လုံလောက်တယ်ဗျ။ အခြား တိုးတက်တဲ့ နိုင်ငံတွေမှာဆိုရင်တော့ လယ်ကွင်းတွေထဲမှာရော၊ ယာသီးနှံစိုက်ခင်းတွေမှာရော ဘက္ထရီမီးချောင်း၊ သီးသန့်လုပ်ထားတဲ့ မီးရောင်ထောင်ချောက်တွေ ထွန်းကြတာကျွန်တော်ကိုယ်တိုင် တွေ့ခဲ့တာဗျ။

    တချို့နိုင်ငံတွေရဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ စိုက်ခင်းတွေမှာဆိုရင် အဝါရောင် တောက်တောက် ပလပ်စတစ် စတစ်ကာမှာ အင်းဆက်ပိုးမွှားများကို ဆွဲဆောင်နိုင်တဲ့ အနံ့နဲ့ ပိုးသတ်ဆေးရောပြီး သုတ်ထားတယ်။

    အဲ့ဒီ စတစ်ကာလေးတွေကို သီးနှံစိုက်ခင်းတွေထဲမှာ နေရာအနှံ့ လိုက်ချိတ်ထားကြတယ်။ သီးနှံစိုက်ခင်းထဲကိုလာတဲ့ ဘယ်လိုပိုးမွှားများမဆိုအဲ့ဒီစတစ်ကာလေးမှာ အကုန်လာကပ်ပြီး ဖမ်းမိကုန်တယ်။ အဲ့ဒါ စတစ်ကာထောင်ချောက်ဘဲပေါ့ဗျာ။ လူကိုလည်း အန္တရာယ် မဖြစ်စေဘူး၊

    ပတ်ဝန်းကျင်ကိုလည်း မထိခိုက်ဘူး။ တောင်သူ လယ်သမားကြီးများရဲ့ လယ်ခင်း၊ ယာခင်းတွေထဲမှာ မီးရောင်ထောင်ချောက် ထွန်းမယ်ဆိုရင်တော့ ပထမနှစ်ပေအကျယ်၊ အနက်ခြောက်လက်မ လောက်ရှိတဲ့ ရေဝပ်ကျင်းတူးရမယ်။ ပြီးရင်ရေဝပ်ကျင်းထဲမှာ ရေအပြည့်ထည့်ပြီး ရေနေအောင် ဂရုစိုက်ရမယ်။

    ပြီးတော့ ရေထဲကို ရေနံဆီ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ပိုးသတ်ဆေး အရည်တစ်မျိုးမျိုးကို ဇွန်းတစ်ဝက်ခန့် ထည့်ရမယ်။ ပြီးရင်တော့ ရေအိုင်ရဲ့အလယ်မှာ မီးရောင်ထောင်ချောက်တိုင်ကို မြဲအောင်စိုက်ထားရမယ်။ မီးရောင်ကို LED မီးချောင်း၊ ဒီဇယ်ဆီမီးတိုင်၊ ဘတ္ထရီမီးချောင်းစသဖြင့် သုံးနိုင်ပါတယ်။ ညအချိန်ကျရင် ပိုးဖလံပိုးမွှားမျိုးစုံဟာ ဒီမီးရောင်ကို လာတိုးကြပြီး အောက်ပြုတ်ကျတဲ့အခါရေအိုင်လေးထဲကို ကျသွားပြီး ဘဝပျက်စီးသွားကုန်ကြတာ ဖြစ်ပါတယ်။

    မီးရောင်ထောင်ချောက် ထွန်းတာဟာ ရည်ရွယ်ချက်နှစ်ခုရှိပါတယ်။

    တစ်ခုကတော့ လယ်ကွင်းပတ်ဝန်းကျင်မှာ ဘယ်လိုဖျက်ပိုးမွှားတွေ ဘယ်လောက် ပမာဏရှိနေပြီလဲ။ ပိုးမွှားကာကွယ်နှိမ်နင်းရေး အစီအမံကြိုတင်ပြင်ဆင်နိုင်ဖို့ အတွက်ပါဘဲ။ နောက်တစ်ချက်ကတော့ မီးရောင်ထောင်ချောက်အောက်မှာရှိတဲ့ ရေအိုင်ထဲမှာ သီးနှံဖျက်ဆီးမယ့် ပိုးမွှားမျိုးစုံတွေ မီးကိုတိုးရင်း ပြုတ်ကျသေကြေ ပျက်စီးခြင်းအားဖြင့် သီးနှံကို ဖျက်ဆီးမယ့်ပိုးမွှား လျော့သွားပြီး ပိုးသတ်ဆေးပက်ဖျန်းကာကွယ်နှိမ်နင်းစရာ မလိုဘဲ နှိမ်နင်းပြီးသား ဖြစ်သွားစေတာပေါ့ဗျာ။

    ပြီးတော့ စပါးဆစ်ပိုးဖလံအမ တစ်ကောင်ဟာ ဥပေါင်း ၃၀၀ အုနိုင်တယ်။ စပါးနှံ ဖြတ်ပိုးဟာ ဥပေါင်း ၁၀၀ အုနိုင်တယ်။ ငမြှောင်တောင်ဖလံဟာ ဥပေါင်း ၁၀၀၀ ကျော်ထိ အုနိုင်တယ်ဗျာ။ နှမ်းရွက်လိပ်ဖလံဟာ ဥပေါင်း ၂၀၀ ခန့် အုနိုင်တယ်။ သီးထိုးယင်ဖလံဟာ တစ်ကြိမ်အုရင် ဥပေါင်း ၁၅၀-၂၀၀ အုနိုင်တယ်။ ပဲစင်းငုံ သီးတောင့်ထိုးဖလံဟာ ဥပေါင်း ၁၀၀၀ ထိ အုနိုင်တယ်။

    ကုလားပဲစေ့တောင့်ထိုး ပိုးဖလံဟာ ဥပေါင်း၁၀၀ ကျော်အုနိုင်တယ်ဗျာ။ အဲ့ဒီတော့ မီးရောင်ထောင်ချောက်ထွန်းလိုက်လို့ သီးနှံဖျက်ပိုးတွေ လာတိုးပြီး အောက်ကရေအိုင်မှာ ပြုတ်ကျ

    သေဆုံးရင် ဖလံအမ တစ်ကောင် သေသွားတာနဲ့ သီးနှံဖျက်ပိုးမွှားများ ရာနဲ့ ထောင်နဲ့ချီပြီး အလိုလို နှိမ်နင်းပြီးသား ဖြစ်စေတာပေါ့ဗျာ။

    ဖလံအထီးတစ်ကောင် သေသွားရင်လည်း အမနဲ့မိတ်လိုက်မယ့် ဖလံအထီး အရေအတွက် လျော့သွားပြီး သီးနှံဖျက်ပိုးမွှားဦးရေ အလိုလိုလျော့ သွားစေတာပေါ့ဗျာ မဟုတ်လား။ ပြီးတော့ ပိုးသတ်ဆေးလည်း လျှော့သုံးရတော့ ကုန်ကျစရိတ်လည်း သက်သာ၊ လူတွေလည်း အန္တရာယ်ကင်း၊ သဘာဝပတ်ဝန်းကျင်လည်း သက်သာသွားတာပေါ့ဗျာ။ ဒီတော့မှ ကျေးရွာဥက္ကဋ္ဌကြီးက ဟုတ်ပြီး မီးဆရာရေ၊ ကောင်းလိုက်တဲ့နည်းပညာ။ ကျွန်တော်တို့ လယ်သမားတွေအတွက် တကယ်အကျိုးရှိမှာဗျ။ တစ်ရွာလုံး မီးရောင် ထောင်ချောက်ထွန်းခိုင်းတော့မယ်ဗျို့တဲ့။

    - အောင်ဆန်း(စိုက်ပျိုးရေး)

    မြန်မာတောင်သူကြီးများ ဂျာနယ်

    ---------------

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752

    ထွက်တိုးတောင်သူအကြံပေးဖုန်း - ၀၉၉၇၇၉၁၀၀၀၀

    ထွက်တိုးရယူရန်_ https://htwettoe.com/download

    ထွက်တိုး တယ်လီဂရမ်_ https://t.me/htwettoe

    ထွက်တိုး viber _ https://shorturl.at/hkYFX


  • article
likes
9
comments
0
views
2024