"ပြည်တွင်းသုံး ကုလားပဲအုပ်စု အရောင်းအဝယ်သွက်နေ"
- ယခုတစ်ပတ်တွင် ပြည်တွင်းသုံးကုလားပဲအုပ်စု အရောင်းအဝယ်သွက်နေသော်လည်း ပို့ကုန်ပဲများနှင့်ပဲမာလိုင်းများ အရောင်းအဝယ်အေးနေကြောင်း ပဲ၊ နှမ်းကုန်သည်များထံက သိရသည်။ ပြည်တွင်းသုံးပဲမာလိုင်းများမှာ လက်ကျန်ပဲများလို ဈေးကျဆင်းမှုမရှိဘဲ ပုံမှန်သာ အရောင်းအဝယ်ဖြစ်နေသည်။
- ပဲ၊ နှမ်းဈေးကွက် အရောင်းအဝယ်က ခပ်အေးအေးသာရှိပြီး လက်ကျန်ပဲများကိုသာ အရောင်း အဝယ်ပြုလုပ်နေကြောင်း၊ ပြည်တွင်းသုံးကုလားပဲအုပ်စုသာ အရောင်းအဝယ်ခပ်သွက်သွက်ရှိနေကြောင်း၊ မြေပဲ နှင့် နှမ်းမျိုးစုံဈေးကွက်မှာ ဈေးအနည်းငယ်ဆက်လက်ကျဆင်းနေကြောင်း မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။
- "သီတင်းကျွတ်ပိတ်ရက်များအလွန် ဈေးကွက်ပြန်လည်စတင်လျက်ရှိရာ ပြည်တွင်းသုံးကုလားပဲ အုပ်စု အရောင်းအဝယ်သွက်နေပါတယ်။ အခြားပို့ကုန် မတ်ပဲ၊ ပဲစင်းငုံများ နှင့် ပဲမာလိုင်းတွေကတော့ အရောင်းအဝယ်ပုံမှန်သာရှိပါတယ်။ မြေပဲဆံဆိုရင် ဈေးတန်းကတက်မလာဘဲ ဈေးဆက်လက် ကျဆင်းနေပါတယ်။ နှမ်းမျိုးစုံဈေးကွက်ကလည်း အေးနေပါတယ်။ ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံးက လက်ကျန်ပဲတွေကိုသာ အရောင်းအဝယ်ခပ်အေးအေးနဲ့ ရောင်းဝယ်နေကြပါတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။
- အောက်တိုဘာ(၂၄)ရက်တွင် ပို့ကုန်မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၅၀,၀၀၀၊ မတ်ပဲ(အသစ်) တစ်အိတ်လျှင် ငွေကျပ် ၃၂၀,၀၀၀၊ ပဲစင်းငုံမှာ အရောင်းအဝယ်မရှိ၊ ပေါက်ဈေးဖွင့်နိုင်ခြင်းမရှိဘဲ ပဲတီစိမ်းအညာတစ်အိတ်လျှင် ငွေကျပ် ၂၄၆,၀၀၀ ပေါက်ဈေးရှိနေသည်။
- ပြည်တွင်းသုံးကုလားပဲအုပ်စုမှာ ဈေးအနည်းငယ်မြင့်တက်လာရာ အောက်တိုဘာ(၂၄)ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၃၁၃,၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၃၃၀,၀၀၀၊ ထိုင်ဝမ်ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၈၅,၀၀၀၊ 929 ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၉၃,၀၀၀ အသီးသီးပေါက်ဈေးရှိနေသည်။
- ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ဈေးအနည်းငယ်ဆက်လက်ကျဆင်းလာရာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ်၂၈၅,၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၅၀,၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၉၀,၀၀၀၊ ကနေဒါစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၅၆၀,၀၀၀ ပေါက်ဈေးရှိနေပြီး မြေပဲအနီလုံးဆံ တစ်ပိဿာလျှင် ငွေကျပ် ၈,၂၀၀ - ၈,၃၀၀ ပေါက်ဈေးရှိနေသည်။
- အောက်တိုဘာ(၂၄)ရက်တွင် နှမ်းမျိုးစုံအရောင်းအဝယ်အေးနေရာ နှမ်းညို ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၃၂၀,၀၀၀၊ နှမ်းနက် (စမုံ) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၅၉၀,၀၀၀၊ အက်စစ်လွတ် တစ်အိတ်လျှင် ငွေကျပ် ၆၄၀,၀၀၀ အသီးသီး ပေါက်ဈေးရှိနေကြောင်းသိရသည်။
- သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (မကွေးဂျာနယ်)
......
မိုးလေဝသခန့်မှန်းချက်များ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe