ကိုရီးယားနိုင်ငံမှ အေးခဲငရုတ်သီးဝယ်လိုကြောင်း ကမ်းလှမ်းမှုများရှိသော်လည်း တင်ပို့နိုင်ရန် အခက်အခဲရှိနေ
ကိုရီးယားနိုင်ငံမှ အေးခဲ ငရုတ်သီးဝယ်လိုကြောင်း ကမ်းလှမ်းမှုများရှိသော်လည်း ပြည်တွင်း ငရုတ်သီးများတင်ပို့နိုင်ရန် အခက်အခဲရှိနေကြောင်း မြန်မာနိုင်ငံငရုတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း ဥက္ကဌ ဒေါ်ဥမ္မာကျော်က ပြောသည်။
“ ကိုရီးယားနိုင်ငံကနေ အေးခဲငရုတ်သီး လိုချင်လို့ ကမ်းလှမ်းမှုတွေရှိနေပါတယ်။ အရင်ကလည်း ဗီယက်နမ်ကလည်း မှာယူတာမျိုးရှိခဲ့ဘူးပါတယ်။ အဲဒီတုန်းကတော့ သူတို့လိုချင်တဲ့ ငရုတ်ဆိုဒ်ကိုမပေးနိုင်လို့ အဆင်မပြေခဲ့ပါဘူး။ ငါး၊ပုစွန်အေးခဲတဲ့ အအေးခန်းတွေထည့်ပြီး ဆောင်ရွက်ဖူးတယ်။ အချို့နိုင်ငံတွေကတော့ ငါး၊ပုစွန်နဲ့ရောပြီး အေးခဲတာကို မလိုချင်ကြဘူး။ ရန်ကုန် ဘုရင့်နောင်မှာရှိတဲ့ အအေးခန်းကတော့ ငရုတ်သီးကို သီးသန့် အေးခဲပေးနိုင်ပေမယ့် အအေးခန်းစရိတ်က တွက်ခြေမကိုက်ဘူး။ အချို့နိုင်ငံတွေက ငရုတ်အစိုတင်ပို့မှုကို လက်မခံလို့ အေးခဲပြီးတင်ပို့နေကြတာပါ။ ငရုတ်အစိုအတိုင်း မပို့ဘဲ အေးခဲအနေဖြင့် တင်ပို့ရင် စရိတ်တွေက ပိုများလာပါတယ်။ ငရုတ်ခြွေတာတွေ မီးမှန်တဲ့ အအေးခန်းစရိတ်တွေ ရှိလာပါတယ်။ ကိုရီးယားနိုင်ငံကနေ လာတဲ့ တင်သွင်းကုန်လာပို့ပြီး အပြန်ကို အေးခဲငရုတ်သီးကို ပြန်လည် ဝယ်ယူဖို့ ကမ်းလှမ်းလာတာပါ ” ဟု ၎င်းက ပြောသည်။
လက်ရှိမှာ ပြည်တွင်း ထွက်ရှိသည့် ငရုတ်စိုကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံသို့ အအေးခန်း ကားများဖြင့် တင်ပို့မှုရှိခဲ့သော်လည်း လက်ရှိအချိန်တွင် နယ်စပ်ဂိတ်များ ပိတ်ထားခြင်းနှင့် လမ်းပန်းဆက် သွယ်ရေးလမ်းကြောင်း ရက်ကြာမြင့်ခြင်းနှင့် တင်ပို့စရိတ်ကြီးမြင့်ခြင်းများကြောင့် ငရုတ်အစို တင်ပို့နိုင်မှု မရှိဘဲ ပြည်တွင်းဈေးကွက်တွင်သာ ရောင်းချနေရသည်။
ပြည်တွင်းမှ ထွက်ရှိသည့် လက်ဆက်သီးနှံများကို သင်္ဘောဖြင့် တင်ပို့ရာတွင် အခြေခံ အအေးခန်းများ နည်းပါးနေခြင်းနှင့် အေးခဲစရိတ်များ ကြီးမြင့်ခြင်းများကြောင့် သရက်သီးများ တင်ပို့မှုရှိခဲ့သော်လည်း ပမာဏများများတင်ပို့နိုင်ခြင်းမရှိသလို လက်ရှိမှာလည်း ထောပတ်သီးများကိုလည်း အေးခဲပြီးတင်ပို့ရန် ကမ်းလှမ်းမှုများလည်း ရှိနေကြောင်း သိရသည်။
ရွှေမန်း
မကွေးဂျာနယ်မှ ကူးယူဖော်ပြပါသည်။
-----
မိုးလေဝသခန့်မှန်းချက်များ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe