cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပိုးကင်းပြီး အပင်သန်ဖို့ မီးသွေးပေါင်းခံရည် သုံးစွဲကြစို့

. အပင်အာဟာရ
အပင်များကြီးထွားရန်နှင့် အပင်များသို့ ရောဂါပိုးများ မကျရောက်စေရန် ကာကွယ်နိုင်သော အစွမ်းသတ္တိရှိပါသည်။
  • မီးသွေးပေါင်းခံရည် (ဝါးပေါင်းခံရည်)

    မီးသွေးပေါင်းခံရည်ဆိုသည်မှာ မီးသွေးဖိုမှ ထွက်ရှိသော မီးခိုးကို လယ်သမားများ ယနေ့အထိစိုက်ပျိုးရေး လုပ်ငန်းအတွက် အသုံးပြုလျက်ရှိကြသည်။မီးသွေးပေါင်းခံရည် ထုတ်လုပ်သည့် အခါ ဝါး(သို့) ထင်းကို အသုံးပြု၍ ထုတ်လုပ်နိုင်ပါသည်။ မီးသွေးပေါင်းခံရည်မှာ မြေသြဇာ၊ ပိုးသတ်ဆေး မဟုတ်ပါ။ သို့သော် အပင်များကြီးထွားရန်နှင့် အပင်များသို့ ရောဂါပိုးများ မကျရောက်စေရန် ကာကွယ်နိုင်သော အစွမ်းသတ္တိရှိပါသည်။ မီးသွေးပေါင်းခံရည်သည် မြေကြီးထဲတွင်ရှိသော အပင်အကျိုးပြု အဏုဇီဝပိုးများကို ပွားများစေပါသည်။ ၎င်း အဏုဇီဝပိုးများက အပင်၏ အမြစ်တွင် တွယ်ကပ်ပြီး အမြစ်တွင် အပေါက်ကလေးများ ဖြစ်အောင် ဖန်တီးပေးပါသည်။ ၎င်း အပေါက်များမှတစ်ဆင့် အပင်အတွက် လိုအပ်သော အာဟာရများကို စုပ်ယူခြင်းဖြင့် အပင်မှာ သန်စွမ်းကြီးထွားလာရခြင်းဖြစ်ပါသည်။ မီးသွေးပေါင်းခံရည်မှာ အနံ့ပြင်းသဖြင့် ပိုးများမလာရောက်စရန်လည်း ကာကွယ်ပေးပါသည်။

    မီးသွေးပေါင်းခံရည်ထုတ်လုပ်နည်း

    လိုအပ်သောကုန်ကြမ်းပစ္စည်းများ

    (၁) သက်တမ်း ၃ နှစ်ရှိဝါး ၆လုံး (သို့) ထင်းနွားလှည်း ၁စီးခန့်

    မီးသွေးပေါင်းခံရည်ကို ထုတ်လုပ်သည့် အခါတွင် ဝါး(သို့) ထင်းကို အသုံးပြုနိုင်ပါသည်။ ဝါးကို အသုံးပြုပါက ၃နှစ်ခန့်ရှိပြီး လူသုံးကုန်ပစ္စည်းများ ပြုလုပ်ရန်နှင့် အိမ်ဆောက်ရန်အတွက် အသုံးမပြုနိုင်သော ဝါးများကို အသုံးပြုပါ။ ဝါး ၆လုံးကို ၃ပေအရှည်ခန့်ဖြတ်၍ နှစ်ခြမ်းခွဲပြီး နေရိပ်တွင် ၃ရက်ခန့် ဖြန့်ထားရန်လိုအပ်ပါသည်။ ထင်းကို အသုံးပြုပါက ၁၀ ရက်ခန့်ကြိုတင်ခုတ်ပြီး အရိပ်တွင် ဖြန့်ထားရန် လိုအပ်ပါသည်။ ထင်းနှင့် ဝါးခြောက်သွေ့လွန်းပါက မီးသွေးပေါင်းခံရည်အထွက်နည်းမည်ဖြစ်သဖြင့် မစိုမခြောက်လွန်းသော ထင်းနှင့် ဝါးကိုသာအသုံးပြုပါ။

    (၂) အချင်း ၄လက်မနှင့် အမြင့် ၂ ပေခန့်ရှိ သံပိုက်ဖြင့် ပြုလုပ်ထားသော မီးခိုးခေါင်းတိုင် (သံပိုက်မရရှိနိုင်ပါက ဝါးကို အဆစ်ဖောက်ပြီး အသုံးပြုနိုင်ပါသည်)။

    (၃) ၂၄ ပေရှည်လျားသော မီးခိုးငွေ့ အအေးခံပိုက်၊ (၈ပေ x ၃ပေ) ရှိသောပြောင် သွပ်တစ်ချပ်လျှင် အချင်း ၄လက်မ၊ အရှည် ၈ပေရှိသော ပိုက် ၃လုံးရရှိနိုင်ပါသည်။သွပ်ပိုက်အစား ဝါးကို အဆစ်ဖောက်၍ ပိုက်အဖြစ် အသုံးပြုနိုင်ပါသည်။မီးခိုးခေါင်းတိုင်နှင့် သွပ်ပိုက် (သို့) ဝါးပြောင်းဆက်သည့် နေရာမှ ၆လက်မခန့် အကွာတွင် မီးသွေးပေါင်းခံရည်ကျရန်အတွက် လက်မဝက်ခန့် အပေါက်ကို ဖောက်ပါ။

    (၄) မီးသွေးကို ဖုံးရန်အတွက် သံပြားဟောင်းတစ်ချပ်၊ (၃.၅)ပေအရှည်နှင့် အချင်း (ဝ.၂၅) လက်မရှိသံချောင်း ၃ချောင်း

    (၅) မီးစွဲရန်အတွက် ထင်းခြောက်များနှင့် ထင်းရှုးဆီများ

    (၆) ကောက်ရိုး ၅ စည်းခန့်

    ပြုလုပ်နည်းများ

    ၁။ ပထမဦးစွာ မီးသွေးမီးဖိုတည်ဆောက်ရန်အတွက် အလျား ၄ ပေ x အနံ ၃ပေ x အနက် ၂ပေရှိမြေပုံကို ပုံတွင်ပြထားသည့် အတိုင်းတူးပါ။ မြေကျင်းထိပ်ဖက် ၈လက်မ အကွာခန့်တွင် မီးသွေးခေါင်းတိုင် တပ်ဆင်ရန်အတွက် အချင်း ၄လက်မခန့်ရှိ အပေါက်ကို ဖောက်ပါ။ ၎င်းအပေါက်သ်ည မီးသွေးမီးဖိုကျင်း၏ အောက်ခြေဘက်ကို ရောက်အောင် ဖောက်ရမည်။

    ၂။ မီးခိုးခေါင်းတိုင်ကို အချင်း ၄ လက်မတူးထားသော အပေါက်တွင် တပ်ဆင်ပါ။မီးခိုးခေါင်းတိုင်အောက်ခြေပတ်လည်ကို မီးခိုးမထွက်စေရန် ရွှံ့ဖြင့် မံပေးပါ။မီးခိုးခေါင်းတိုင်၏ L ပုံစံအကွေးဒေါင့်မှာ ၃၀ ဒီဂရီခန့် ရှိပါသည်။

    ၃။ မီးခိုးခေါင်းတိုင်၏ ဆန့်ကျင်ဘက်အရပ်ရှိကျင်း၏ အောက်ခြေတွင် မီးစွဲ ညှိရန်အတွက် အပေါက်ကို ပုံတွင် ပြထားသည့်အတိုင်း ဖောက်ပါ။၎င်း အပေါက်နှင့် မီးခိုးထွက်ပေါက်ကြားတွင် လေဝင်နိုင်ရန်အတွက် အကျယ် ၄လက်မနှင့် အနက် ၁လက်မခန့်ရှိ မြောင်းငယ်ကိုတူးပါ။

    ၄။ မီးရှို့မည့် အပေါက်တွင် ထင်းခြောက်များထည့်ပြီးနောက် ထင်း(သို့) ဝါးများကို ပုံတွင်ပြထားသည့် အတိုင်း စီပြီးထည့်ပါ။

    ၅။ ဝါး (သို့) ထင်းကိုစီပြီးနောက် အပေါ်မှနေ၍ ကောက်ရိုးများကို ဖြန့်ခင်းပါ။

    ၆။ ထို့နောက် အပေါ်တွင် သံချောင်းကို ခံပြီး သွပ်ပြားဖြင့်ဖုံးအုပ်ပါ။

    ၇။ သွပ်ပြားအပေါ်မှနေ၍ မြေကြီးဖြင့် ဖုံးအုပ်ပါ။မီးခိုးများ အပြင်ဘက်သို့ မထွက်စေရန်အတွက် သွပ်ပြား၏ အနားများတွင် မြေကြီးဖြင့် သေချာစွာ ဖုံးအုပ်ရန် လိုအပ်ပါသည်။

    ၈။ မီးရှို့ပေါက်မှနေ၍ မီးရှို့ပါ။ မီးကောင်းစွာ စွဲရန်အတွက် ဇကောဖြင့် လေဟပ်ပေးပါ။

    ၉။ မီးကောင်းစွာ စွဲပြီးနောက် ထွက်လာသည့် မီးခိုးအရောင်မှာ အဖြူရောင်ဖြစ်လာပြီး မီးခိုးကို လက်ဖြင့်ထိကြည့်ပါက ပူလာသည့်အခါတွင် သံပိုက်(သို့) ဝါးပြောင်းဖြင့် ဆက်ပါ။

    ၁၀။ မီးခိုးမှာ ၂၄ ပေရှိသော ပိုက်တစ်လျှောက်ထွက်သွားပြီးနောက် ငွေ့ရည်ဖွဲ့ပြီး ပြန်ကျလာပါမည်။၎င်းကျလာသော အရည်များကို ပလတ်စတစ်ပုံးဖြင့်ခံပါ။ မီးသွေးပေါင်းခံရည်မှာ အက်ဆစ်ဓာတ်ပါသဖြင့် သံပုံးနဲ့ စုဆောင်းပါက သံပုံးပေါက်တတ်ပါသည်။

    ၁၁။ ပုံတွင်ဖော်ပြထားသော မီးသွေးပေါင်းခံရည် ၂ ပုလင်းအနက် လက်ဝဲဘက်ပုလင်းမှာ ကတ္တရာပါလျက်ရှိသော မီးသွေးပေါင်းခံရည်ဖြစ်ပြီး လက်ယာဘက်ပုလင်းမှာ မီးသွေးထည့်ပြီး သန့်စင်ထားသော ပေါင်းခံရည်ဖြစ်ပါသည်။ရရှိသော ပေါင်းခံရည်တွင် ကတ္တရာများပါရှိလျက်ရှိသောကြောင့် ချက်ချင်းအသုံးပြု၍ မရပါ။ မီးသွေးပေါင်းခံရည်တွင် မီးသွေးတုံးခပ်ကြီးကြီး (၃-၄)တုံးခန့်ထည့်၍ သေချာမွှေပြီးထားပါက ကတ္တရာများကို မီးသွေးကစုပ်ယူမည်။ထို့နောက် အောက်ခြေတွင် ကတ္တရာများ အနည်ထိုင်အောင် ၃လခန့် ထားပြီးနောက် အပေါ်အရည်ကြည်များကို စစ်ပြီး အသုံးပြုနိုင်ပါသည်။ကတ္တရာများသည် အပင်၏ အရွက်များကို ဝါပြီး ခြောက်သွားစေနိုင်သဖြင့် ကတ္တရာများ မပါစေရန် သတိပြုရပါမည်။

    အသုံးပြုနည်း

    ၁။ မီးသွေးပေါင်းခံရည်ကို သီးနှံမစိုက်ပျိုးမီ မြေပြင်စဉ်ကပင် အသုံးပြုနိုင်ပါသည်။သီးနှံမစိုက်ပျိုးမီ ၁၀ ရက်ခန့်အလိုတွင် မီးသွေးပေါင်းခံရည်ကို ရေအဆ ၅၀ ဖြင့်ရောပြီး ဖျန်းပါက မြေတွင် ရှိသော အပင်အကျိုးပြု အဏုဇီဝပိုးများကို ပိုမိုများပြားလာစေပါသည်။

    ၂။ မီးသွေးပေါင်းခံရည်ကို အရွက်တွင် ဖျန်းပါက ရေအဆ ၂၀၀ (သို့) ၅၀၀ ဖြင့် ရောပြီး ၂ ပတ် (သို့) ၃ ပတ်လျှင် တစ်ကြိမ်ဖျန်းပါ။အရွက်များပေါ်တွင် ရှိသော အဏုဇီဝပိုးများ ပွားများလာြ့ပီး ၎င်းအဏုဇီဝပိုးများက အပင်များသို့ ရောဂါမကျရောက်စေရန် ကာကွယ်ပေးသည်။

    ၃။ မီးသွေးပေါင်းခံရည် တစ်ဂါလံတွင် ကြက်သွန်ဖြူ ၅၀ သား (သို့) ငရုတ်သီး ၂၅ ကျပ်သား ထောင်းထည့်ပြီး တစ်လခန့်ထားပြီး သုံးပါက အပင်သို့ ပိုးများ မလာရောက်အောင် ကာကွယ်နိုင်သည့် စွမ်းရည်ပိုမိုများပြားလာမည်ဖြစ်ပါသည်။

    ၄။ ရေ ၅ဂါလံတွင် မီးသွေးပေါင်းခံရည် နို့ဆီဗူးတစ်ဗူး၊ ငါးအမိုင်နိုအက်ဆစ် နို့ဆီဗူးတစ်ဝက်ခန့်ထည့်ပြီး အညွန့်ထွက်ချိန်တွင် ဖျန်းပါက အညွန့်ပိုမိုထွက်ပြီး အပင်ကြီးထွားလွယ်ပါသည်။ ၃ ပတ် (သို့) တစ်လ လျှင် တစ်ကြိမ်ဖျန်းနိုင်ပါသည်။

    ၅။ မီးသွေးပေါင်းခံရည်ကို ပိုးသတ်ဆေးနှင့် ရော၍ အသုံးပြုနိုင်ပါသည်။ ပိုးသတ်ဆေးဖြင့် ရောသည့် အခါတွင် ပိုးသတ်ဆေး၏ အာနိသင်ကို ပိုမို အစွမ်းထက်စေသဖြင့် ပိုးသတ်ဆေး၏ ပမာဏကို ယခင်သုံးစွဲနေကျ ပမာဏ၏ ထက်ဝက်ခန့်ကိုသာ အသုံးပြုရန်လိုအပ်ပါသည်။

    ၆။ သဘာဝမြေသြဇာ ပြုလုပ်သည့်အခါတွင် မီးသွေးပေါင်းခံရည်ထည့်ပါက အမြန်အချဉ်ပေါက်ပြီး ရရှိသော သဘာဝမြေသြဇာအရည်အသွေးမှာ ပိုမိုကောင်းမွန်ပါသည်။

    သတိပြုရန်အချက်များ

    ၁။ ဤနည်းစနစ်ဖြင့် ထုတ်လုပ်သော မီးသွေးပေါင်းခံရည်မှာ ဓာတ်ခွဲခန်းတွင် ထုတ်လုပ်သကဲ့သို့ အရည်အသွေး အတိအကျရမည်မဟုတ်ပါ။ သို့ဖြစ်၍ မိမိဖာသာပြုလုပ်ရရှိလာသော မီးသွေးပေါင်းခံရည်ကို ရေအဆ ၂၀၀ (သို့) ၅၀၀ စီစီဖြင့် ရောစပ်၍ လက်တွေ့ အသုံးပြုကြည့်ပါ။လက်တွေ့ အသုံးပြု၍ တွေ့ရှိချက်ပေါ်မူတည်ကာ မီးသွေးပေါင်းခံရည်သည် မည်ကဲ့သို့သော အရောင်၊ အရသာဖြစ်ပါက ရေဘယ်နှဆ ရောသင့်သည်ကို မိမိကိုယ်တိုင် ချင့်ချိန်ဆောင်ရွက်ရန်လိုအပ်ပါသည်။

    ၂။ မီးသွေးပေါင်းခံရည်ကို အသုံးပြုသည့်အခါတွင် ကတ္တရာ မပါစေရန် သေချာစွာစစ်ဆေး၍ သုံးပါ။

    ၃။ မီးသွေးပေါင်းခံရည် ဖျန်းပြီးသည့်နောက် အပင်၏ အရွက်ဝါလာခြင်း၊ အရွက်တွင် အမဲစက်များဖြစ်ပေါ်လာပါက မီးသွေးပေါင်းခံရည် အချိုးများသွားခြင်း ဖြစ်နိုင်သဖြင့် ရေပို၍ ရောပြီး အသုံးပြုပါ။

    ၄။ မီးသွေးပေါင်းခံရည်သည် အက်ဆစ်ဓာတ်ဖြစ်သဖြင့် အယ်ကာလီ ပိုးသတ်ဆေးဖြင့် ရော၍ မသုံးရပါ။

    ၅။ မီးသွေးပေါင်းခံရည်သည် မြေကြီးထဲတွင် ရှိသော အပင်အတွက် လိုအပ်သည့် အာဟာရများကို အမြစ်များက စုပ်ယူနိုင်ရန် အားပေးသောကြောင့် မီးသွေးပေါင်းခံရည်ကိုသာ ကြာရှည်သုံးပါက မြေကြီးထဲတွင်ရှိသော မြေဆီမြေနှစ်များ ကုန်ခမ်းသွားနိုင်ချေရှိပါသည်။ ထို့ကြောင့် မီးသွေးပေါင်းခံရည် တစ်မျိုးတည်း မသုံးဘဲ ဒိုချက်ကင်း သဘာဝမြေသြဇာကိုလည်း တွဲဖက် အသုံးပြုရန်လိုအပ်ပါသည်။

    Source:http://mm.saetanar.org/

    ---------

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752

    ထွက်တိုးတောင်သူအကြံပေးဖုန်း - ၀၉၉၇၇၉၁၀၀၀၀

    ထွက်တိုးရယူရန်_ https://htwettoe.com/download

    ထွက်တိုး တယ်လီဂရမ်_ https://t.me/htwettoe

    ထွက်တိုး viber _ https://shorturl.at/hkYFX


  • article
likes
2
comments
0
views
1909