ဟင်းသီးဟင်းရွက်များကို “အစိမ်း” စားသုံးခြင်းရဲ့ အန္တရာယ်
မြန်မာဟင်းလျာများတွင် တို့စရာဆိုတဲ့ ဟင်းရံများပါလေ့ရှိပါတယ်။ တို့စရာများတွင် အများအားဖြင့် အသီးအရွက်များကို ရေနွေးဖျောခြင်း၊ ပြုတ်ခြင်းများ ပြုလုပ်ကာ စားသုံးကြသကဲ့သို့ ပြုတ်ခြင်း၊ ဖျောခြင်းမပြုဘဲ အစိမ်းစားသုံးတဲ့ ဟင်းသီးဟင်းရွက်များလည်း
ပါဝင်ကြပါတယ်။
တချို့သော ဟင်းသီးဟင်းရွက်များ ဥပမာ ကန်စွန်းရွက်၊ ပဲတောင့်ရှည်၊ ရုံးပတီ၊ ပဲစောင်းလျား စတဲ့ ဟင်းသီးဟင်းရွက်များကိုမူ ရေနွေးဖျော၍ ဖြစ်စေ၊ ပြုတ်၍ဖြစ်စေ စားသုံးကြ သကဲ့သို့ အစိမ်းလိုက်လည်း စားသုံးကြပါတယ်။ သခွားသီး၊ ခရမ်းကြွပ်၊ ခရမ်းကစော့စတဲ့ အသီးများနဲ့ မာလာဖူး၊ ရေသရက်ကင်း စသည်တို့ကိုမူ အစိမ်းလိုက်သာ စားသုံးကြပါတယ်။
အရွက်ကို အဓိက စားသုံးတဲ့ ဟင်းရွက်များကို အစိမ်းလိုက်သာ စားသုံးကြပါတယ်။ အထူးသဖြင့် ငါးပိရည်နဲ့ တို့စရာစားသုံးမှုများတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ဆလတ်ရွက်ကို တို့စရာအပြင်၊ သုပ်၍လည်း စားသုံးကြတာကို တွေ့ရပါတယ်။ အခြားနိုင်ငံများတွင်ဟင်း
သီးဟင်းရွက်များကို အစိမ်းလိုက် ပြုပြင်စားသုံးကြခြင်းကို “ဆလတ်” လို့ အားလုံးကို ခြုံငုံခေါ်ဆိုပါတယ်။
ပြည်ပနိုင်ငံများမှာ “ဆလတ်“ အဖြစ် ဆလတ်ရွက်ဟာ စားသုံးမှုများပြီး ဆလတ်ရွက်မျိုးများစွာကို မွေးမြူစိုက်ပျိုးစားသုံး ကြတာကို တွေ့ရပါတယ်။
ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ ဘရိုခိုလီ၊ ငရုတ်ချိုသီး၊ သခွားသီး၊ ခါကျက်ဥ၊ အရိုးစား တရုတ်နံနံတို့ဟာလည်း လူကြိုက်များထင်ရှားတဲ့ အစိမ်းစား ဟင်းသီးဟင်းရွက်များ ဖြစ်ကြပါတယ်။ ဟင်းသီးဟင်းရွက်များကို ချက်ပြုတ်မှုမပြုဘဲ အစိမ်းစားသုံးခြင်းဖြင့် စားသုံးသူ
များရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း တွေ့ရပါတယ်။
ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးထုတ်လုပ်ရာတွင် ပိုးနဲ့ရောဂါများ ကျရောက်ဖျက်ဆီးမှုမှ ကာကွယ်ပေးနိုင်ရန်အတွက် ပိုးသတ်ဆေးများနဲ့ ပက်ဖျန်း ကာကွယ်ပေးကြပါတယ်။ သို့အတွက် ဟင်းသီးဟင်းရွက်များမှာ ပိုးသတ်ဆေးဓာတ်ကြွင်းများ ပါရှိစေနိုင်ပါတယ်။ ပါဝင်နေနိုင်တဲ့ ပိုးသတ်ဆေးများရဲ့ အာနိသင်ပျက်ပြယ်သွားစေကာ အန္တရာယ်ကင်းစေနိုင်ရန်အတွက်မချက်ပြုတ်၊ မစားသုံးမီ ဆားရည်စိမ်ခြင်း၊ ရှာလကာရည်တွင် စိမ်ပေးထားခြင်းများ ပြုလုပ်ကြလေ့ ရှိပါတယ်။
ဒါကတော့ ဟင်းသီးဟင်းရွက်များမှာ ကပ်ညိနေတဲ့ ပိုးသတ်ဆေးကို ဖယ်ရှားပေးကြတဲ့နည်းများ ဖြစ်ပါတယ်။ ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာကာ အပူချိန်မြင့်တက်လာနေမှုရဲ့ အဓိက အကြောင်းရင်း တစ်ခုဖြစ်တဲ့ မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု သက်သာလျော့နည်းလာစေရန် အတွက်အသားစားသုံးမှုကို လျှော့ချပြီး ပဲမျိုးစုံ၊ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများကိုပိုမိုစားသုံးကြရန် လှုံ့ဆော်စည်းရုံးနေကြပါတယ်။
ထို့ပြင် စားသုံးတဲ့ အစားအစာများမှာ အာဟာရဓာတ်များ ပါဝင်မှုကို ချိန်ညှိပေးရန်နဲ့ ကျန်းမာရေးအတွက် အကျိုးပြုစေရန်အတွက် “ဆလတ်”အဖြစ် ဟင်းသီးဟင်းရွက်များကို အစိမ်းစားသုံးနေကြတာ ဖြစ်ပါတယ်။ စိုက်ပျိုးထုတ်လုပ်ရောင်းချတဲ့ ဟင်းသီးဟင်းရွက်များမှာ ပိုးသတ်
ဆေးဓာတ်ကြွင်းများ ပါဝင်နေနိုင်သကဲ့သို့ ဘက်တီးရီးယားများလည်း ပါဝင်နေနိုင်ပါတယ်။
ပါဝင်တဲ့ ဘက်တီးရီးယားများထဲတွင် ပဋိဇီဝဆေးများကို ခံနိုင်ရည်ရှိနေပြီး စားသုံးသူများကို အန္တရာယ်ပေးနိုင်တဲ့ ဘက်တီးရီးယားမျိုးများလည်း ပါဝင်နေနိုင်ပါတယ်။ ပဋိဇီဝဆေးများကို ခံနိုင်ရည်ရှိနေတဲ့၊ ဆေးယဉ်နေတဲ့ ဘက်တီးရီးယားများဟာ နွားချေး၊ ကျွဲချေး၊
ကြက်ချေး စတဲ့ တိရစ္ဆာန်စွန့်ပစ္စည်းများ၊ စွန့်ပစ်ရေဆိုးမှာ ပါဝင်နေတဲ့ အနယ်အနှစ်များ၊ မြေနဲ့ ရေများမှာလည်း ပါဝင်နေနိုင်ပါတယ်။
သီးနှံများ စိုက်ပျိုး ထုတ်လုပ်ကြရာတွင် အော်ဂဲနစ်ပစ္စည်းများ (မြေဆွေး) အဖြစ် နွားချေး၊ ကြက်ချေးဆွေးများကို အဓိက အသုံးပြုကြပါတယ်။ မြေဆွေးများထဲမှာ ပါဝင်သွားတဲ့ ထိုဘက်တီးရီးယားများဟာ မြေမှတစ်ဆင့် အပင်များထဲသို့ ရောက်ရှိသွားနိုင်တာ ဖြစ်ပါတယ်။ တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းများတွင် တက်ထရာဆိုင်ကလင်း ကဲ့သို့သော ပဋိဇီဝဆေးများကို အသုံးပြုကြပါတယ်။
ဒီဆေးကို သုံးခြင်းဖြင့် တိရစ္ဆာန်အူထဲမှာရှိနေပြီး အန္တရာယ်မပေးတဲ့ “အီးကိုလိုင်း”လို့ အသိများတဲ့ ဘက်တီးရီးယားဟာ တက်ထရာဆိုင်ကလင်း ဆေးကို ခံနိုင်ရည်ရှိလာပြီးဆေးယဉ်သွားစေပါတယ်။ သို့အတွက် ဟင်းသီးဟင်းရွက်များကို ချက်ပြုတ်မှုမပြုဘဲ လတ်ဆတ်စွာ
စားသုံးကြခြင်းဖြင့် ပါလာတဲ့ ဘက်တီးရီးယားများကတစ်ဆင့် ရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားများသို့ ဆေးယဉ်မှု ဗီဇရောက်ရှိသွားစေကာ စားသုံးသူများရဲ့ ကျန်းမာရေးကို ထိခိုက်လာစေနိုင်တာ ဖြစ်ပါတယ်။
စားသုံးသူများရဲ့ အူထဲတွင် ပဋိဇီဝဆေးများကို ခံနိုင်ရည်ရှိစေနိုင်တဲ့ အီးကိုလိုင်း ဘက်တီးရီးယား ရောက်ရှိစေနိုင်ပါတယ်။ လူသားများမှာ ရောဂါများစွာ ရရှိခံစားနေကြရတာ ဖြစ်ပါ
တယ်။ ကျရောက်ခံစားနေရတဲ့ ရောဂါအလိုက် ပျောက်ကင်းစေရန်အတွက် လိုအပ်တဲ့ဆေးများကို မှီဝဲကြရပါတယ်။ ထိုဆေးများထဲမှာ ပဋိဇီဝဆေးများလည်း ပါဝင်နေပါတယ်။ ပဋိဇီဝဆေးများကို စားသုံးရာတွင် သမားတော်ကစားသုံးရန် လမ်းညွှန်ထားချက်အတိုင်းလိုက်နာကာ အပြည့်အဝစားသုံးကြရန် အထူးလိုအပ်ပါတယ်။
သို့သော် ပဋိဇီဝဆေးများ အကြောင်းကို ကောင်းစွာသိရှိခြင်း မရှိကြတဲ့ လူနာများဟာ ရောဂါသက်သာလာတာနဲ့အမျှ သမားတော်ရဲ့အညွှန်းအတိုင်း ဆေးကို ဆေးပတ်လည်သည်ထိ မစားသုံးကြတော့ပါ။ထိုအခါမျိုးမှာလည်း ရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားများဟာ ပဋိဇီဝဆေးကို ခံနိုင်ရည်ရှိလာပြီး ဆေးယဉ်သွားစေနိုင်ပါတယ်။
သို့အတွက် လူနာများဟာ ခံစားနေရတဲ့ ရောဂါအတွက် “စပ်ဆေး”များ၊ အထူးသဖြင့် ပဋိဇီဝဆေးများပါတဲ့ စပ်ဆေးများကိုအလွယ်တကူ အသုံးမပြုကြဘဲ သက်ဆိုင်ရာသမားတော်များညွှန်းတဲ့
ဆေးများကိုသာ စားသုံးကြရန်နဲ့ ပဋိဇီဝဆေးများ စားသုံးမှုကို သမားတော်က စားသုံးရန်ညွှန်းမှသာ စားသုံးကြရန် ပညာပေးစည်းရုံးဆောင်ရွက်နေကြကြောင်း သိရပါတယ်။ ပဋိဇီဝဆေးများကို မှီဝဲရာတွင်လည်း သမားတော်ညွှန်းတဲ့အတိုင်း ဆေးပတ်လည်အောင် သောက်သုံးကြရန် လိုအပ်ပါတယ်။
သို့မှသာ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားများဟာ ပဋိဇီဝဆေးဒဏ် ခံနိုင်တဲ့ ဆေးယဉ်ပါးမှုကို
မဖြစ်စေနိုင်မှာ ဖြစ်ပါတယ်။ အစိမ်းစားသုံးတဲ့ ဟင်းသီးဟင်းရွက်များထဲမှာ ပဋိဇီဝဆေးယဉ်နေတဲ့ ဘက်တီးရီးယားများ ပါဝင်လာစေနိုင်တာကတော့ သီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် အသုံးပြုတဲ့ နွားချေး၊ ကြက်ချေး စတဲ့ တိရစ္ဆာန်စွန့်ပစ္စည်းများ၊ မြေနဲ့ရေမှာ ပါဝင်နေကြတဲ့ ပဋိဇီဝဆေးဒဏ်ခံနိုင်ပြီး ဆေးယဉ်နေတဲ့ ဘက်တီးရီးယားများအပင်တွင်း ရောက်ရှိနေခြင်းကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် နွားချေး၊ ကြက်ချေးတို့မှတစ်ဆင့် အပင်များအတွင်း ရောက်ရှိလာစေမှုက ပိုမိုများပြားနိုင်ကြောင်း တွေ့ရပါတယ်။
သို့အတွက် အော်ဂဲနစ်စနစ်နဲ့ စိုက်ပျိုထုတ်လုပ်တဲ့ သီးနှံ စိုက်ခင်များတွင် ဓာတုဆေးများ အသုံးပြု မွေးမြူထားတဲ့ တိရစ္ဆာန်များမှ စွန့်ပစ္စည်းများကို အသုံးမပြုရန် ကန့်သတ်ထားတာ ဖြစ်ပါတယ်။ ဆေးယဉ်မှု ဖြစ်စေတာကတော့ ဘက်တီးရီးယားရဲ့ ခရိုမိုဇုန်း ပြင်ပမှာရှိနေပြီး မျိုးဗီဇကို လွှဲပြောင်းပေးနိုင်တဲ့ ပလပ်စမစ်မှာ ပဋိဇီဝဆေးကို ခံနိုင်ရည်ရှိစေတဲ့ ဗီဇများပါဝင်နေပါတယ်။
ပဋိဇီဝဆေးဒဏ် ခံနိုင်ရည်ရှိတဲ့၊ ဆေးယဉ်နေတဲ့ ဘက်တီးရီးယားများနဲ့အတူ ပဋိဇီဝဆေး အကြွင်းအကျန်များဟာ တိရစ္ဆာန်များစွန့်လိုက်တဲ့ မစင်ထဲမှာ ပါသွားစေပါတယ်။ တိရစ္ဆာန်မှ စွန့်ထုတ်လိုက်တဲ့ ပစ္စည်းများကို မြေဆွေးအဖြစ် ပြန်လည်အသုံးပြုကာ သီးနှံများကို စိုက်ပျိုးကြရာမြေမှတစ်ဆင့် အပင်များအတွင်း ရောက်ရှိလာစေတာ ဖြစ်ပါတယ်။
ဈေးများမှာ ရောင်းချနေတဲ့ အစိမ်းစား ဟင်းသီးဟင်းရွက်များကို ဓာတ်ခွဲ စမ်းသပ်ကြည့်တဲ့အခါ ပဋိဇီဝဆေးယဉ်နေတဲ့ ဘက်တီးရီးယားများ ပါနေတာကို တွေ့ရကြောင်း သိရပါတယ်။ ဟင်းသီးဟင်းရွက်များကို မီးနဲ့ ချက်ပြုတ်လိုက်တဲ့အခါမှာ အပူကြောင့်ပါဝင်နေတဲ့ ဘက်တီးရီးယားများ သေသွားစေနိုင်သော်လည်း၊ အစိမ်းစားသုံးသော် ရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားများဟာ စားသုံးသူရဲ့ အူထဲသို့ ရောက်ရှိသွားစေပါတယ်။
ပဋိဇီဝဆေးယဉ်နေတဲ့ အီးကိုလိုင်းဘက်တီးရီးယား ပါဝင်တဲ့ ဟင်းသီးဟင်းရွက်များကို အစိမ်းစားသုံးတဲ့အခါ စားသုံးသူရဲ့အူထဲ ရောက်ရှိလာတဲ့ အီးကိုလိုင်းဟာ ရောဂါပျောက်စေရန် စားသုံးတဲ့ ပဋိဇီဝဆေးဒဏ်ကို ခံနိုင်ရည်ရှိနေပြီး ဖြစ်ပါတယ်။
သို့သော် အီးကိုလိုင်းဘက်တီးရီးယားဟာ လူကိုအန္တရာယ်မပေးကြောင်း သိရပါတယ်။ သို့သော် ပဋိဇီဝဆေးဒဏ် ခံနိုင်နေတဲ့ အီးကို လိုင်းရဲ့ ပလပ်စမစ်ဟာ အူထဲမှာ ရှိနေပြီးဖြစ်တဲ့ အခြားသောရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားများထဲသို့ လွှဲပြောင်းရောက်သွားစေပါ
တယ်။
ဒီဖြစ်စဉ်ကို အလျားလိုက် မျိုးဗီဇလွှဲပြောင်းခြင်း သဘာဝဖြစ်စဉ်လို့ ခေါ်ကြပါတယ်။ ဒီလိုမျိုးဗီဇလွှဲပြောင်းထားတဲ့ ဘက်တီးရီးယားများဟာ ပြောင်းလဲနေတဲ့ ပတ်ဝန်းကျင် အခြေအနေကို လျင်မြန်စွာ လိုက်လျောညီထွေ (အလိုက်သင့်) ဖြစ်စေနိုင်ပါတယ်။ လူနာကို ပဋိဇီဝဆေးပေးလိုက်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ ပေးလိုက်တဲ့ ပဋိဇီဝဆေးကို ယဉ်ပြီးဖြစ်နေတဲ့ ဘက်တီးရီးယား ရှိနေပါက ဆေးမ
တိုးစေတော့တာကို တွေ့ရပါတယ်။ ဆေးယဉ်နေတဲ့ တီဘီရောဂါများ ရှိနေတာဟာ ထင်ရှားတဲ့ဥပမာ ဖြစ်ပါတယ်။
ဆလတ်အဖြစ် စားသုံးနေကြတဲ့ ဟင်းသီးဟင်းရွက်များထဲမှာ အီးကိုလိုင်း ဘက်တီးရီးယား ပါဝင်မှု ပမာဏဟာ အလွန်နည်းတဲ့ အတွက် လူရဲ့အူထဲကို ပဋိဇီဝဆေးဒဏ် ခံနိုင်တဲ့ မျိုးဗီဇလွှဲပြောင်းပေးနိုင်မှု အခြေအနေကိုကောင်းစွာမသိရှိနိုင်ပါ။ ထို့အတူ ထိုဘက်တီးရီးယားများကြောင့်
ရောဂါဖြစ်ပေါ်စေမှု အခြေအနေကိုလည်း ကောင်းစွာ မသိရှိနိုင်ပါ။
စားသုံးသူများအနေနဲ့ ချက်ပြုတ်မှုမရှိတဲ့ ဟင်းသီးဟင်းရွက်များ၊ အထူးသဖြင့် အရွက်စားအပင်များနဲ့ ဟင်းခတ်အမွှေးအကြိုင်ပင်များကို အစိမ်းမစားမီ ဓာတုဆေးများ၊ ရောဂါများနဲ့ ပဋိဇီဝဆေးဒဏ်
ခံနိုင်တဲ့ ဘက်တီးရီးယားများ ပါဝင်နေမှု မရှိစေနိုင်ရန်အတွက် ရေသန့်နဲ့ ကောင်းစွာ ဆေးကြောပေးကြရန် တိုက်တွန်းနှိုးဆော်ထားပါတယ်။
အစားအစာများမှ တစ်ဆင့် ဖြစ်လာနိုင်တဲ့ ရောဂါများမှ ကာကွယ်နိုင်ရန်အတွက် ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများဟာ ကြိုတင်လှီးဖြတ်ထားပြီး ထုပ်ပိုးရောင်းချတဲ့ “ဆလတ်” အဖြစ် အစိမ်းစားသုံးတဲ့ သီးနှံများကိုမစားသင့်ကြောင်း၊ ကိုယ်တိုင်လတ်ဆတ်စွာ လှီးဖြတ်ပြီးနောက် ရေနဲ့ကောင်းစွာ ဆေးပြီးမှသာ စားသုံးသင့်ကြောင်း အကြံပြုကြပါတယ်။
သို့သော် ရေနဲ့ဆေးကြောပေးခြင်းဖြင့် ရောဂါဖြစ်စေနိုင်တဲ့ အဏုဇီဝများ သို့မဟုတ် ပဋိဇီဝဆေးဒဏ်ခံနိုင်ရည်ရှိနေတဲ့ ဘက်တီးရီးယားများ ကင်းစင်ရန်အတွက် လုံးဝယုံကြည်အားကိုး၍ မရနိုင်ပါ။ သို့အတွက် အစိမ်းအဖြစ် မစားသုံးမီ ဟင်းသီးဟင်းရွက်များရဲ့ အတွင်းပိုင်းတွင် အပူချိန် (၇၀ ံC) ထိ ရောက်နေစေရန် နှစ်မိနစ်ခန့် အပူပေးပြီးမှသာ စားသုံးကြရန် အကြံပြုထားပါတယ်။
မြန်မာအိမ်ရှင်မများဟာ ဟင်းသီးဟင်းရွက်များကို မချက်ပြုတ်မီဆားရေတွင် စိမ်ထားပေးခြင်း၊ ရှာလကာရှည်တွင် စိမ်ထားပေးခြင်းများကို ပြုလုပ်ပေးခြင်းဟာ ကောင်းမွန်တဲ့အလေ့အထ ဖြစ်ပါတယ်။ ဆားရေဟာ ပြုလုပ်ရန်လွယ်ကူ သကဲ့သို့ အကျိုးအာနိသင်လည်း ရှိပါတယ်။ ဥပမာ
ပန်းသီးမျာလှီးဖြတ်ပြီးနောက် လှီးဖြတ်ထားတဲ့ မျက်နှာပြင်ဟာ ညိုလာတတ်ပါတယ်။
လှီးဖြတ်ပြီးနောက် ဆားရေတွင်စိမ်ပေးခြင်းဖြင့် အညိုရောင် မပြောင်းသွား တာကို တွေ့ရပါတယ်။ သို့အတွက်အစားအစာများမှတစ်ဆင့် ရောဂါများမရရန်နဲ့ ပဋိဇီဝဆေးဒဏ် ခံနိုင်တဲ့
ဘက်တီးရီးယားများ ပါဝင်မှုမရှိစေနိုင်ရန်အတွက် ငါးပိရည်နဲ့အတူ အတို့အမြှုပ်အဖြစ် အစိမ်း စားသုံးကြမယ့် အရွက်များ၊ အသီးအနှံများကို သင့်တော်ရာနည်းကို အသုံးပြုကာစိမ်ပေးခြင်း၊ ဆေးကြောခြင်းများ ပြုလုပ်ပြီးမှသာ စားသုံးကြရန် တိုက်တွန်းအကြံပြုလိုပါ
တယ်။
- ဒေါက်တာ စိန်လှဗိုလ်
မြန်မာတောင်သူကြီးများဂျာနယ်
------------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - https://bit.ly/htwettoev2 ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။