cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အမျိုးမျိုး အသုံးဝင်တဲ့ ဒန့်သလွန်ပင် (၂)

. ကျန်းမာရေးဆောင်းပါးများ
မကြာခဏ ဖြတ်ပေးကာ အပင်ပုံကို ထိမ်းပေးဖို့လိုတဲ့အတွက် အရွက်ကိုသာ အဓိကထားရယူနိုင် မည်ဖြစ်ပြီး အသီးမရနိုင်ပါ။
  • ဒန့်သလွန်ပင်သည် အလင်းရောင်ရရှိမှုကို ကြိုက်နှစ်သက်ပါတယ်။ များသောအားဖြင့် ဒန့်သလွန်ပင်များကို မြန်မာနိုင်ငံမှာ အိမ်ခြံစည်းရိုးများ၊ ယာကန်သင်း၊ သစ်သီးပင်စိုက်ခင်း ခြံစည်းရိုးစသည့်နေရာများမှာ အများဆုံးစိုက်ပျိုးထားလေ့ ရှိကြပါတယ်။ စီးပွားဖြစ် စိုက်ခင်းများနဲ့ စိုက်ပျိုးထားမှုများ နည်းပါးပါတယ်။ စိုက်ခင်းအဖြစ် စိုက်ရင် အတန်းကြား၊ အပင်ကြား (၃x၃) မီတာ၊ ပေ (၁၀x၁၀) ထားပြီး စိုက်ပျိုးနိုင်သကဲ့သို့၊ မြေသြဇာကောင်းတဲ့ မြေတွေမှာ (၅ x ၅) မီတာ အကွာအဝေးထားပြီး စိုက်နိုင်ပါတယ်။ ခြံစည်းရိုးတန်း(Hedge rows) ပင်များအဖြစ် စိုက်လိုသော် သုည ဒသမ ၈ မီတာမှ တစ်မီတာခြားပြီးစိုက်သင့်ပါတယ်။ ခြံစည်းရိုးအဖြစ် စိုက်သော် အပင်ထိပ်ပိုင်းကို မကြာခဏ ဖြတ်ပေးကာ အပင်ပုံကို ထိမ်းပေးဖို့လိုတဲ့အတွက် အရွက်ကိုသာ အဓိကထားရယူနိုင် မည်ဖြစ်ပြီး အသီးမရနိုင်ပါ။

    အပင်ကြီးထွားမှုနှင့် ကိုင်းဖြတ် ကိုင်းချိုင်ပေးခြင်း

    ဒန့်သလွန်ပင်ဟာအကြီးမြန်ပါတယ်။တစ်နှစ်အတွင်းလေးမီတာ(၁၅ပေ)မြင့်သည်ထိကြီးထွားနိုင်ပါတယ်။ အပင်ဟာ အမြင့် (ခြောက်မီတာ မှ ၁၅) မီတာ၊ (ပေ ၂၀ မှ ပေ ၅၀)ထိ မြင့်တက်နိုင်ပါတယ်။ ဒန့်သလွန်ပင်ဟာ သင်္ဘောပင်ထက်အကြီးမြန်ပြီး၊ သုံးလသားအရွယ် အပင်ဟာ(၂ ဒသမ ၄) မီတာ၊ ရှစ်ပေ မြင့်တက်နိုင်ကာ ကိုးလသားအရွယ် အပင်ဟာ လေးမီတာ(၁၅ ပေ) အထိ မြင့်နိုင်ပါတယ်။ အာဖရိကနိုင်ငံတချို့မှာ အပင်ငါးလသားဟာ (၃ ဒသမ ၆)မီတာ၊ (၁၂ ပေ) ထိမြင့်ပြီး၊ ဟေတီနိုင်ငံမှာ ပင်လယ်ကမ်းစပ်၊ မြေညံ့ပြီး၊ ခြောက်သွေ့နေတဲ့နေရာမှာပင် ဒန့်သလွန်ပင်များ ရှင်သန်နိုင်ကြောင်း တွေ့ရပါတယ်။

    ဒန့်သလွန်ပင်ကိုကိုင်းများများ ဖြာထွက်အောင် နှစ်စဉ်ကိုင်းချိုင်၊ ကိုင်းဖြတ်ပေးဖို့ လိုပါတယ်။မြန်မာနိုင်ငံမှာ ဒန့်ဒလွန်အသီးကိုအရွက်ထက်အသုံးများကြပေမယ့်တခြားနိုင်ငံများမှာတော့အရွက်ကိုအများဆုံးသုံးကြတာများတဲ့အတွက် အရွက်များများထွက်ရေး၊ အရွက်၊ အသီးခူးဆွတ်လို့ ကောင်းအောင်နဲ့ အပင်မြင့်လွန်းပြီး ကလန့်ကလားနိုင်မနေစေဖို့ အပင်ပုများ(Shrubs) ဖြစ်လာအောင် အပင်များကို မကြာခဏကိုင်းဖြတ်ပုံသွင်း ပြုပြင်ပေးကြပါတယ်။ အပင်အမြင့် (၁ ဒသမ ၃) မီတာ၊ လေးပေမှ ငါးပေရှိလာတဲ့အခါ အညွန့်များကို ဖြတ်ယူစားသုံးခြင်းဖြင့် အပင်များ ခြုံပုတ်သဏ္ဌာန်ဖြစ်နေစေပါတယ်။ စိုက်ပျိုးတဲ့ ဒန့်သလွန်မျိုးပေါ် မူတည်ပြီး၊ ကိုင်းချိုင်၊ ကိုင်းဖြတ်ပြီး ထွက်လာတဲ့ အကိုင်းများအနက် တချို့ဟာ ထောင်မတ်နေပြီး၊ တချို့ဟာ ဘေးဘက်ကို ကိုင်းထွက်နေတတ်ပါတယ်။

    ပိုးနှင့်ရောဂါ

    ဒန့်သလွန်ပင်ကို ပိုးနှင့် ရောဂါအများအပြား ကျရောက်ဖျက်ဆီးနိုင်ပါတယ်။ ဖျက်ဆီးမှုများတဲ့ ပိုးတွေကတော့ အခေါက်ကိုစားတဲ့ ဘောက်ဖတ်၊ ခူမွေးစုတ်ပိုး၊ အကြေးပိုးနဲ့ အဖူးစားပိုးတို့ ဖြစ်ကြပါတယ်။အဖူးစားပိုးကြောင့် အရွက်များ ကြွေကျစေပါတယ်။ ဒီပိုးတွေအပြင် ပင်စည်ထိုးပိုးနဲ့ သီးထိုးယင်တို့လည်း ကျတတ်ပါတယ်။ ရောဂါများအနေနဲ့ အမြစ်ဆွေးရောဂါနဲ့ အသီးပုပ်ရောဂါများ၊ တစ်ခါတရံ ကျတတ်ပါတယ်။ ဖားအုမှိုရောဂါလည်း ကျတတ်ပါတယ်။

    အသုံးပြုမှုများ

    ဒန့်သလွန်ပင်ရဲ့ အပင်အစိတ်အပိုင်း အားလုံးနည်းပါးဟာ အသုံးဝင်ပြီး၊ လုပ်ငန်းလိုအပ်ချက်အလိုက် အမျိုးမျိုးအသုံးချနေကြပါတယ်။ သီးနဲ့အရွက်များကို စားသုံးမှုများကြသော်လည်း စားသုံးမှုအပြင် တခြားအသုံးပြုမှုများလည်း ရှိကြပါတယ်။အဓိကအားဖြင့် ကျန်းမာရေး ဆေးများအဖြစ်ဖြစ်စေ၊ အာဟာရဓာတ် ဖြည့်တင်းပေးရန်အတွက်ဖြစ်စေ၊ လူမှုစီးပွားရေးအတွက်ဖြစ်စေ အသုံးပြုကြပါတယ်။ ပင်စည်ကို ထင်းအဖြစ် သုံးနိုင်သကဲ့သို့၊ စက္ကူထုတ်လုပ်ရန်၊ ဆယ်လိုဖိန်းစက္ကူထုတ်ရန် အတွက်လည်း သုံးနိုင်ပါတယ်။ အပင်ကရတဲ့ အစေးဟာ သားရေနယ်ဆိုးဆေးအဖြစ် သုံးနိုင်ပြီး သရက်ထည် ဆေးဆိုးလုပ်ငန်းမှာလည်း အသုံးပြုနိုင်ပါတယ်။ အညွန့်နဲ့ အရွက်များကို ကျွဲ၊ နွား၊ သိုး၊ ဆိတ်နဲ့ ကုလားအုပ်စတဲ့ တိရစ္ဆာန်များကို ကျွေးမွေးနိုင်သလို ပန်းပွင့်ဟာလည်း ပျားမွေးမြူရေးအတွက် အသုံးဝင်ပါတယ်။

    ဒန့်သလွန်သီးဟာ နူးညံ့ပြီး အရသာရှိတဲ့အတွက် တန်ဖိုးထားစားသုံးတဲ့၊ လူကြိုက်များတဲ့ အစားအစာဖြစ်သကဲ့သို့ အရွက်များကိုလည်း ဟင်းချို၊ အတို့အမြှုပ်စသည်အမျိုးမျိုး ချက်၊ ပြုတ် စားကြပါတယ်။ ဒန့်သလွန်ပင်တွင် ပရိုတင်းဓာတ်၊ သတ္တုဓာတ်များ၊ ဘီတာကယ်ရိုတင်းဓာတ်၊ သိုင်ယာမင်းဓာတ်၊ ရီဘိုဖလေဗင်ဓာတ်၊ တခြားဗီတာမင်များနဲ့ သတ္တုဓာတ်များ ပါဝင်ပါတယ်။ အထူးသဖြင့် ဗီတာမင်အေနှင့် ဗီတာမင်စီဓာတ်များ ပါဝင်ကြပါတယ်။ ဒန့်ဒလွန်အသီး ၁၀ဝ ဂရမ်မှာ၊ ဗီတာမင်စီ(Ascorbic acid) ဓာတ် ၉၂ မီလီဂရမ်မှ ၁၂၆ မီလီဂရမ်ထိ ပါဝင်ကြောင်း တွေ့ရပါတယ်။

    အသီးနု၊ အရွက်နဲ့ အပွင့်များမှာ ပရိုတင်းဓာတ် ငါးရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။ မရင့်မှည့်သေးတဲ့ အစေ့ကို မြေပဲစေ့လို ကြော်ချက်ပြီး စားနိုင်ပါတယ်။ အမြစ်ဟာ (Horseradish Armora-cia rusticana GAERTN Brassicaceae) အနံ့နဲ့ဆင်တူတဲ့ စူးရှတဲ့အနံ့ရှိပြီးအရသာလည်း ဆင်တူတာကို တွေ့ရပါတယ်။ အမြစ်မှာပါတဲ့ အခေါက်ကိုခွာထုတ်ပြီး အခြောက်ခံကာ ရှာလကာရည်နဲ့ ရောနယ်ပေးပြီးနောက် ဟင်းခတ်အမွှေးအကြိုင်လို အသုံးပြုနိုင်ပါတယ်။ (အမြစ်ရဲ့အခေါက်မှာ (Miringine alkaloid) လို့ခေါ်တဲ့ အယ်လကာလွိုက်ဓာတ်များစွာ ပါဝင်နေကာ လူကို အဆိပ်ဖြစ်စေတတ်လို့ အခေါက်ကို ပြောင်စင်အောင်ခွာဖို့ လိုပါတယ်)။

    ဒန့်သလွန်အစေ့မှာ ဆီ ၁၉ ရာခိုင်နှုန်းမှ ၄၇ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ဈေးကွက်တင်ရောင်းချရာမှာ (Ben Oil) ဆိုတဲ့ နာမည်နဲ့ ရောင်းပါတယ်။ ဒန့်သလွန်စေ့ဆီမှာ ((Palmitic acid Stearic acid Behmic acidOleic acid) တွေ ပါဝင်နေတဲ့အတွက် စားသုံးဆီအဖြစ်ရော၊ အလှကုန်ပစ္စည်းများနဲ့ ဆပ်ပြာ ထုတ်လုပ်ရာမှာလည်း အသုံးပြုကြပါတယ်။ ဒန့်သလွန်ဆီဟာ အနံ့စုပ်ယူမှုကောင်းပြီး အနံ့ကို ကြာရှည်ထိန်းထားနိုင်တဲ့အတွက် ရေမွှေးထုတ်လုပ်သူများ အထူးအလေးထား သုံးကြကြောင်း တွေ့ရပါတယ်။ ချောဆီအဖြစ်လည်း သုံးနိုင်ပါသေးတယ်။ အစေ့ဆီထုတ်ပြီးရလာတဲ့ ကြိတ်ဖတ်ကို မြေသြဇာအဖြစ် အသုံးပြုနိုင်ပါတယ်။ အစေ့ကို အမှုန့်ကြိတ်ပြီးသား အတိုင်းဖြစ်စေ၊ ပါဝင်နေတဲ့ ဓာတ်တွေကိုအီသာနဲ့ ထုတ်ယူပြီးဖြစ်စေ ဘက်တီးရီး ယားများနဲ့ ဗိုင်းရပ်(စ်)ပိုးများ ကင်းစင်အောင် သောက်သုံးရေသန့်စင်ရေးမှာ အသုံးပြုကြပါတယ်။ အရွက်မှ ထုတ်ယူရရှိတဲ့ဓာတ်ကို ပဲလွန်းစေ့နဲ့ ရောနယ်ပြီး စိုက်ရင် ပဲမြစ်ဖုဖြစ်ပေါ်မှု တိုးစေခြင်း၊ မြစ်ဖု အလေးချိန်တိုးခြင်းတို့အပြင် လေမှနိုက်ထ ရိုဂျင်ဓာတ်ကို ပိုမိုစုပ်ယူနိုင်စေပါတယ်။

    အာရှတိုက်နိုင်ငံများနဲ့ အာဖရိကတိုက်နိုင်ငံများမှာ ဒန့်သလွန်ပင်ကို တိုင်းရင်းဆေးများမှာ အရေးပါတဲ့ပစ္စည်းအဖြစ်ထည့်သွင်းအသုံးပြုကြပါတယ်။ အမြစ်၊ အရွက်နှင့်အစေ့များကို အာယုဗေဒဆေးနည်းများတွင် များစွာအသုံးပြုနေကြပါတယ်။ သင်သကရိုက်ဘာသာဖြင့် ပြုစုထားသည့် ဆေးကျမ်းများတွင် အမြစ်၊အမြစ်၏အခေါက်၊ အစေး၊ အရွက်၊ ပင်စည်ရဲ့အခေါက်၊ အပွင့်နှင့်အစေ့တို့မှ ထုတ်ယူထားသည့် ဓာတ်ပစ္စည်းများကို ရောဂါအမျိုးမျိုးကုသရာတွင် အသုံးပြုကြကြောင်း ဖော်ပြထားပါတယ်။ အပင်ငယ်မှ အမြစ်များနဲ့အမြစ်မှ အခေါက်များကို ယောင်ယမ်းနာများတွင် လိမ်းဆေးအဖြစ် သုံးနိုင်ပြီး အပွင့်နှင့်အမြစ်တွင် (Pterogospermin) ဓာတ်ပါဝင်သဖြင့် ဝမ်းရောဂါအတွက် အစွမ်းထက်သည့် ပိုးသတ်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

    အပွင့်ကို အားဖြည့်အချိုရည်နှင့် ဆီးဆေးများတွင် ထည့်သွင်းသုံးပါ တယ်။ အရွက်တွင် ဗီတာမင် အေနှင့်စီကြွယ်ဝစွာပါဝင်သည့်အတွက် အရေပြားရောဂါနှင့် အသက်ရှုမဝသည့် ရောဂါများ ကုသရာတွင် သုံးသည့်အပြင် အန်ဆေးအဖြစ်ပါ သုံးကြပါတယ်။ အရွက်ကို ကြိတ်ချေညှစ်ထုတ်ယူထားတဲ့ အရွက်အရည်ဟာ ဘက်တီးရီးယား ပိုးသတ်ဆေးအဖြစ်နဲ့ ငှက်ဖျားရောဂါ ကာကွယ်ဆေးအဖြစ် အာနိသင်ရှိပါတယ်။ အရွက်ကို ကြိတ်ချေပြီး အနာဒဏ်ရာများ ပျောက်စေရန် အုံပေးနိုင်ပါတယ်။ အစေ့မှထုတ်ယူရရှိထားတဲ့ အဆီဟာ အဆစ်အမြစ်ယောင်ရောဂါနဲ့ အကြောအဆစ်ရောင်ရောဂါများမှာ လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

    ဒေါက်တာစိန်လှဗိုလ်

    ---------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - https://bit.ly/htwettoev2 ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes
4
comments
2
views
1303