အစာစီမံခန့်ခွဲခြင်း
(က) အစာ
ရေသတ္တဝါမွေးမြူရာတွင် အစာစီမံခန့်ခွဲမှုသည် အလွန်အရေးပါသည့် အခန်းဏ္ဍတစ်ခုဖြစ်သည်။ အစာအမျိုးအစားများမှာ သဘာဝအစာ၊ အရွက်စိမ်း၊ ပြုပြင်ထားသည့်အစာ၊ စက်ရုံထုတ်အစာ၊ စိုက်ပျိုးရေး ထွက်ပစ္စည်း (ဖွဲနု၊ ပဲဖတ်၊ ပဲပုတ်၊ အစရှိသည်) စသည်တို့ဖြစ်ကြပါသည်။
ထို့ပြင် ငါးများ၏အာဟာရကိုတိုးမြှင့်ရန် သဘာဝကုန်ကြမ်းများ၊ အဏုဇီဝဆေးများနှင့် ဗီတာမင် များကို ရောကြိတ်ကာ ကိုယ်ပိုင်အစာပြုလုပ်ကာ ကျွေးမွေးနိုင်ပါသည်။ ရိုးရှင်းသောငါးအစာကို ဒေသတွင်း ရရှိသော ကုန်ကြမ်း များဖြစ်သော ဖွဲနု၊ပြောင်းမှုန့်၊ အုန်းသီးဖတ်၊ စသည်တို့ကို ကာဗိုဟိုက်ဒရိတ် အရင်း အမြစ်များ အဖြစ်လည်းကောင်း၊ အခြား တိရိစ္ဆာန် ပရိုတင်းအရင်းအမြစ်များအဖြစ် ငါးမှုန့်/ကြက်စာ၊ ဘဲစာငါး၊ ပုစွန်ခေါင်း/ဖွဲ၊ ခရု စသည်တို့ဖြင့် ရောနှောကျွေးကြသည်။ တီလားပီးယားကို ဖြည့်စွက်စာအနေဖြင့် ဖွဲနု ၈၀ ရာခိုင်နှုန်း နှင့် ငါးမှုန့် ၂၀ ရာခိုင်နှုန်း ရောနှော ပြုလုပ်ကာ ကျွေးနိုင်သည်။ အမှုန့်ကြိတ်စက်၊ အစာ တောင့်ထုတ်စက်တို့ကို အသုံးပြုကာ ရောမွှေပြီး အစာတောင့် ထုတ်ကာ ငါးအစာအဖြစ်ကျွေးနိုင် သည်။ သို့သော် ထိုကဲ့သို့အစာအမျိုးအစားများ၏ အားနည်းချက်သည် ရေမြုပ်သည့် အစာတောင့်ဖြစ်ပြီး စက်ရုံ ထုတ်အစာများကဲ့သို့ ရေပေါ်တွင်မပေါ်နိုင်ပါ။ အားသာချက်မှာ ထုတ်လုပ်မှုစရိတ်နည်းပါးခြင်းနှင့် စက်ရုံ ထုတ်အစာထက် ကုန်ကျစရိတ်နည်းပါးခြင်းဖြစ်သည်။ ထို့ပြင် ဒေသတွင်းထွက်ကုန်များကို အသုံးပြုကာ သင့်တော်သည့်အစာအဖြစ် ထုတ်လုပ်နိုင်ခြင်းနှင့် လိုအပ်သည့် အာဟာရများကို တိုက်ရိုက်ထည့်သွင်း ရောမွှေကာ အစာတောင့်အဖြစ် ကျွေးနိုင်သည်။ အစာတောင့်ပြုလုပ်ရာတွင် အောက်ပါအရည်အသွေးများ ရအောင် ပြုလုပ်ပေး ရမည်။
၁။ ရေတွင်ကြံ့ခိုင်နိုင်မှုကောင်းရမည်။
၂။ ဆွဲဆောင်နိုင်မှုရှိရမည်။
၃။ အစာချေဖျက်နိုင်မှုကောင်းရမည်။
၄။ အသားဓာတ်ပါဝင်မှုကောင်းရမည်။
၅။ အစာမှအသားတိုးနှုန်းကောင်းရမည်။
စက်ရုံထုတ်ငါးစာ-စက်ရုံထုတ်ငါးစာသည် မွေးမြူမည့်ငါးမျိုးစိတ်အတွက် လိုအပ်သည့် ပရိုတင်းအချိုး အစားနှင့် ကိုက်ညီမှုရှိစေရန် နည်းလမ်းအမျိုးမျိုးဖြင့် ထုတ်လုပ်ခြင်းဖြစ်သည်။ ငါးသေး စာတွင် ပရိုတင်း ပါဝင်မှုများပြီး ငါးကြီစာ တွင် ပရိုတင်းပါဝင်မှု တဖြည်းဖြည်းလျော့ကျ လာမည်ဖြစ်သည်။ ထို့ကြောင့် ငါးစာများအား ပုံစံအမျိုးမျိုးဖြင့် ဈေးကွက်တွင်တွေ့ရသည်။ ၎င်းမှာ ငါးလေးအစာ၊ ငါးကြီးအစာ နှင့် ငါးဖမ်းဆီးခြင်းမပြုလုပ်မှီ ဖြည့်စွက်စွာ စသည်တို့ ဖြစ်သည်။ ငါးလေးအစာတွင် ပရိုတင်းပါဝင်မှု ၄၀% ခန့်ရှိပြီး ငါးကြီးအစာ တွင် ပရိုတင်း ပါဝင်မှု ၂၀% ခန့်ရှိသည်။ ငါးလေးအစာကို ငါးသားပေါက် ထည့်သွင်းပြီး ပထမလ၊ ငါကြီး အစာကို ကြားလများနှင့် ငါးမဖမ်းဆီးမှီတစ်လအလိုတွင် နောက်ဆုံး အစာ တို့ကို အသုံးပြု ပါသည်။
(ခ) အစာကျွေးခြင်း
ငါးအစာကျွေးသည့်အချိန်တွင် ငါးမွေးတောင်သူများအနေဖြင့် အောက်ပါအချက်များအပေါ်တွင် သတိထားရမည်ဖြစ်သည်။ မျက်မြင်စစ်ဆေးသည့်အနေဖြင့် ရာသီဥတု၊ ရေအရောင်နှင့် ငါးကျန်းမာရေး အခြေအနေ (ငါးသန်စွမ်းမှု) တို့ကို စစ်ဆေးရမည်ဖြစ်သည်။
ဇယား (၁) အစာကျွေးနှုန်း
အချိန် ငါးအစာကျွေးရမည့်ပမာဏ (ငါးကန်အတွင်းရှိ ငါးအလေးချိန်၏
ရာခိုင်နှုန်းပေါ်တွင်မူတည်၍တွက် ချက်ခြင်း)
၁ လ ၈-၉ %
၂ - ၃ လ ၄-၆ %
၄ - ၅ လ ၂-၃ %
နောက်လ ၂ %
ငါးသည် ၆၃ကျပ်သားနှင့် ၁-၁.၂ %
အထက်ရောက်ရှိပါက
နေ့စဉ်အစာကျွေးနှုန်းကို ကန်အတွင်းငါးစုစုပေါင်း အလေးချိန်၏ ပုံမှန် ၅၊ ၁၀၊ ၁၅ ရာခိုင်နှုန်းဖြင့် စတင်ကျွေး မွေးသင့်သည်။ ငါးဖမ်းဆီးသည့်အချိန်အထိ တဖြည်းဖြည်း ၂-၅ ရာခိုင်နှုန်းအထိ လျှော့ချကာ ကျွေးရမည်ဖြစ်သည်။ တစ်နေ့တာအတွက် ကျွေးရမည်ငါးစာကို အညီအမျှခွဲကာ ကျွေးရမည်ဖြစ်ပါ သည်။ တီလားပီးယားကဲ့သို့ ရေချိုငါးများ ကို မနက်စောစောနှင့် ညနေပိုင်း နှစ်ကြိမ်ကျွေးလေ့ရှိသည်။
နေ့စဉ်အစာကျွေးရာတွင် ကန်အတွင်း၌ ဖြစ်ပေါ်နေသော သဘာဝအစာ (ရေဩဇာ1) ပေါကြွယ်ဝမှုကို ခန့်မှန်း တိုင်းတာရသည်။ သဘာဝအစာ (ရေဩဇာ) ကြွယ်ဝမှုသည် ရေကြည်နှုန်းနှင့်သက်ဆိုင်သည်။ ရေကြည်နှုန်း ၁၀ လက်မ ထက်နည်းနေလျင် အစာကြွေးခြင်းကို ရပ်တန့်ရမည်။ ပုံမှန်အစာကြွေးခြင်းကို (၁၀ - ၁၄ လက်မ) ရေကြည်နှုန်းဖြစ်လျင် ပြုလုပ်နိုင်သည်။ ရေကြည်နှုန်း ၂၃လက်မ အထက်ဖြင့်တက်နေပါက အစာကျွေးနှုန်းကို နဂိုထက်ပို၍မြှင့်တင်ပေးရမည်။ မိမိ၏အစာကျွေးနှုန်း မှန်ကန်စေရန် ကန်အတွင်းရှိ နေသော ငါးအလေးချိန်စုစုပေါင်းကို သိရှိနေရန်လိုအပ်သည်။ ငါးစာကို ကန်အနှံ့ပက်ရမည်ဖြစ်သည်။ သို့မှသာ နေရာအားလုံးတွင် ငါးများအစာကို စားသုံးနိုင်မည်ဖြစ်သည်။
ကျွေးမည့်အစာများကို တနေရာတည်းတွင် စုပုံကျွေးပါက အောက်ပါပြဿနာ (၂) ရပ်ကြုံတွေ့လာ ရနိုင်ပါသည်။
၁။ ကြီးထွားနှုန်းမတူညီသော အကောင်ကြီးများရှိသည့်နေရာသို့ အခြားအကောင်ငယ်များ လာရောက်ပါက တိုက်ခိုက်ခံရသဖြင့် ငါးငယ်များသည် အကောင်ကြီးများအနီးရှိသည့် အစာရှိရာနားသို့ မလာရဲသဖြင့် အစာမစားရခြင်း။
၂။ အကောင်ကြီးများမှာလည်း ကုန်အောင်မစားနိုင်သဖြင့် အစာများကျန်နေပြီး အစာပျက် စီးကာ ရေညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည်။
ငါးမွေးမြူရေးလုပ်ငန်တွင် အစာကျွေးခြင်းသည် ငါးမွေးမြူရေးလုပ်ငန်း ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက် စေရန်အတွက် အဓိကအရေးပါသည့် အခန်းဏ္ဍတစ်ရပ်ဖြစ်ပါသည်။ FCR (မွေးမြူထားသည့် ငါးအသား ၁ယူနစ်တိုးရန် ကျွေးရမည် အစာပမာဏဖြစ်သည်။) ကိုသိရှိထားခြင်းဖြင့် မိမိငါးမွေးမြူရာတွင် သတ်မှတ်ကုန်ထုတ်လုပ်မှုအတွက် အစာလိုအပ်မှုကို ကြိုတင်တွက်ချက်နိုင်သည်။ အစာတောင့်၏ အရည် အသွေးမည်မျှပင် ကောင်းစေကာမူ မွေးမြူကန် ရေ၏ အရည်အသွေးမကောင်းပါက FCR ညံ့ဖျင်းနိုင်ပြီး ရေအရည်အသွေးကောင်မွန်မှု ငါးများကျန်းကျန်းမာမာရှိပါက FCRမှာ အစာအရည်အသွေးအတိုင်း ကောင်းမွန်မည်ဖြစ်ပါသည်။
Reference: International Collaborating Centre for Aquaculture and Fisheries Sustainability – ICAFIS, Technical guide to farm freshwater fish.
ဦးပြည့်ဖြိုးအောင်
ထွက်တိုး
----------
သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe