မြန်မာ့နာနတ်သီးကို တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ရ
မြန်မာနိုင်ငံမှလတ်ဆတ်သောနာနတ်သီး တင်သွင်းမှုအတွက် ပိုးမွှားကင်းရှင်းကြောင်း (Phytosanitary) သတ်မှတ်ချက်များဆိုင်ရာကြေညာချက်ကို တရုတ်နိုင်ငံအကောက်ခွန်အထွေ ထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ကထုတ်ပြန်ခဲ့ပြီးဖြစ်တာကြောင့် တရုတ်နိုင်ငံသို့မြန်မာ့နာနတ်သီးများ တင်ပို့ခွင့်ရရှိပြီဖြစ်ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ထုတ်ပြန်ချက်အရ နိုဝင်ဘာ ၁၁ ရက်မှ စတင်၍ သက်ဆိုင်ရာသတ်မှတ်ချက်များနှင့်ကိုက်ညီသည့် မြန်မာနိုင်ငံမှလတ်ဆတ်သောနာနတ်သီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
မြန်မာ့နာနတ်သီးများသည် အခြားနိုင်ငံက နာနတ်သီးများနှင့် မတူဘဲ တစ်မူထူးခြားသော သစ်သီးမွှေးရနံ့ရှိပြီး အသီးအရသာမှာလည်း ချိုချဉ်လတ်ဆတ်ပြီး အရည်ရွှမ်းသောကြောင့် စားသုံးသူများစွာကို အလွယ်တကူဆွဲ ဆောင်နိုင်ခြင်းဖြစ်ကြောင်း တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထိုကဲ့သို့ မြန်မာ့နာနတ်သီးများကို တရုတ်နိုင်ငံသို့ တရားဝင်တင်သွင်းခွင့်ရရှိခြင်းကြောင့် ပြည်တွင်းသစ်သီးဝလံဈေးကွက်မှာ အပြောင်းအလဲများဖြစ်ပေါ်လာနိုင်ကြောင်း သစ်သီးကုန်သည်တစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံအတွင်းရှိ ရှမ်းပြည်မြောက်ပိုင်း၊ ရှမ်းပြည်တောင်ပိုင်းနှင့် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသများတွင် နာနတ်သီးကို အများဆုံးစိုက်ပျိုးဖြစ်ထွန်းပြီး ပုံမှန်အားဖြင့်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံများသို တင်ပို့ရောင်းချလေ့ရှိကြောင်း သိရပါတယ်။
အောင်အောင်
OpinionLeadersMedia မှကူးယူဖော်ပြပါသည်။
---------
သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe