စပါးပင်၏ အင်္ဂါအစိတ်အပိုင်းအလိုက် တာဝန်နှင့် အာဟာရများ အခြေအနေ
စပါးပင်တစ်ပင်၏ အဓိကကျသော အင်္ဂါ အစိတ်အပိုင်းများကို ခွဲခြားလိုက်လျှင် (၁) အရွက်ပြား၊ (၂) ရွက်ဖုံး၊ (၃) ပင်စည်ရိုးတံ၊ (၄)အမြစ် နှင့် (၅) အနှံခက်ဟူ၍ ခွဲခြားသိသာစေပါသည်။ အရွက်ပြားသည် အလင်းဖြင့်ကစီဖွဲ့ရာတွင် အဓိကအင်္ဂါဖြစ်သည့် အားလျော်စွာ ပရိုတင်းပါဝင်မှု မြင့်မားတတ်သည်။ အပင်အာဟာရဓာတ်တွေလည်း များစွာစုဆောင်းမိသည့် အင်္ဂါဖြစ်သည်။ စပါးပင်အနှံထွက်သည့်အချိန်အထိ ရွက်ပြားတွင် စုဆောင်းမိသည့် နိုက်ထရိုဂျင်ဓာတ်များသည် စပါးစေ့တို့အတွက် လိုအပ်သည့် ပရိုတင်းကုန်ကြမ်းများ ဖြစ်သည်။ ခပ်စောစောပိုင်းမှာ ရွက်ဖုံး၏ လုပ်ငန်းတာဝန်များမှာ ရွက်ပြား၏ တာဝန်များနှင့် ခပ်ဆင်ဆင်ပါ။ သို့သော်လည်း
စပါးပင်သားကပ် (သန္ဓေလောင်းစသည့်) အချိန်ကစပြီး ကစီ (ကာဗိုဟိုက်ဒြိတ်) ကများလာပြီး အခြားအာဟာရဆိုင်ရာ ဓာတ်သတ္တုတွေ၏ ပမာဏက လျော့ကျသွားတတ်သည်။ အရွက်က အလင်းဖြင့် စုဆောင်းရရှိထားသော အပိုကာဗိုဟိုက်ဒြိတ်များကို ကော်အဖြစ်စုဆောင်းထားသည်။ အကြမ်းအားဖြင့် ရွက်ဖုံး၏ လုပ်ငန်းတာဝန်များသည် ရွက်ပြားနှင့် ပင်စည်ရိုးတံ၏ တာဝန်နှင့် လှုပ်ရှားမှုတို့၏ကြားမှာဟု ပြောနိုင်ပါသည်။ စပါးပင်၏ ပင်စည်ရိုးတံသည် ပုံမှန်အားဖြင့် အာဟာရဓာတ်သတ္တုပါဝင်မှု နည်းပါးတတ်သည်။ ဆဲလ်ဝေါခေါ်သည့် အခန်းငယ်များကန့်ထားသော နံရံသုံးပစ္စည်းများလို ပစ္စည်းတွေက များပါသည်။ ထို့ပြင် ကော်လည်း များစွာပါတတ်သည်။ပင်စည်ရိုးတံသည် အလင်းဖြင့် ကစီဖွဲ့ထားသော ပစ္စည်းများကို ယာယီသိုလှောင်ထားရာ နေရာလည်းဖြစ်ရာ ရိုးတံမှာ သိုလှောင်ထားမှုပမာဏသည် ရွက်ဖုံးမှာ သိုလှောင်ထားသည့် ပမာဏထက် များစွာပိုမိုလေသည်။
စပါးစေ့များအတွက် အဓိက ပါဝင်သော ဖော့စဖိတ်ဓာတ်များ အားလုံးလိုလိုသည် ပင်စည်ရိုးတံမှာ ယာယီစုထားသည့် ဖော့စ်ဖိတ်များမှပြောင်းလဲ လက်ခံရရှိခဲ့ခြင်းသာ ဖြစ်သည်။ အမြစ်ပိုင်းမှာ အပင်အာဟာရဓာတ်များ နည်းနည်းပါးပါးသာရှိသလို ဆဲလ်ဝေါခေါ် အခန်းနံရံဖွဲ့သည့် ပစ္စည်းများသာ များစွာပါဝင်နေသည်။ စပါးပင်၏ အမြစ်တို့၏ အဓိကတာဝန်မှာ ရေနှင့် အပင်အာဟာရဓာတ်များ စုပ်ယူတင်ပို့ဖို့သာ ဖြစ်သည်။ အမြစ်တွင် အပင်အာဟာရ ဓာတ်များကိုလည်း စုမထားသလို သူကိုယ်တိုင် စုပ်ယူခဲ့သော အာဟာရတွေကိုရော အခြားအော်ဂဲနစ် ပစ္စည်းများ၊ ကော်ဓာတ်များ၊ ပရိုတင်းများကိုလည်း စုစည်းရယူမထားပေ။စပါးနှံကတော့ စပါးပင်၏ နောက်ဆုံးသော အာဟာရပစ္စည်း၊ ဓာတ်သတ္တု စသည်အားလုံးကို စုဆောင်းသိုလှောင်ရာဌာနပင် ဖြစ်သည်။ စပါးပင် အနှံထွက်ပြီးနောက် စပါးပင်တစ်ပင်လုံးကအလင်းဖြင့် စုဆောင်းရသမျှ ကစီဓာတ်အားလုံးကိုလည်း စပါးနှံရှိ အစေ့များမှာသာ စုဝေးရောက်ရှိကြရစမြဲ ဖြစ်သည်။ ကာဗိုဟိုက်ဒြိတ်၊ပရိုတင်း၊ အာဟာရဓာတ်များမှ နိုက်ထရိုဂျင်၊ ဖော့(စ်)ဖားရပ်(စ်)၊ မဂ္ဂနီစီယမ်၊ ဆာလ်ဖာ (ကန့်) စသည်တို့နှင့်အတူ စပါးအနှံထွက်ချိန်အထိစုဆောင်းခဲ့သမျှသော အခြားအင်္ဂါအစိတ်အပိုင်းအားလုံးက ပစ္စည်းတွေလည်း အနှံသို့သာလာ၍ စုစည်းတော့သည်။ အထက်တွင်ဆိုခဲ့ပြီးသော စပါးပင်၏ အဓိကအင်္ဂါအစိတ်အပိုင်း၏ အပင်အာဟာရဓာတ်များ ချို့တဲ့မှုအပေါ် ပြန်လည်တုံ့ပြန်မှုများကိုလည်း သုတေသီများ စမ်းသပ်လေ့လာခဲ့သေးသည်။
သုတေသီ အီရှီဇူကာနှင့် တာနာကာတို့ ၁၉၆၀ ပြည့်နှစ်က ရေကိုအာဟာရဖျော်ရည်အဖြစ် အသုံးပြုရန် စမ်းသပ်သည့် အဖြေများအရ အမြစ်များသည် သာမန်ရေမှာပင် ရှည်ထွက်လာနိုင်သော်လည်း နိုက်ထရိုဂျင်၊ ဖော့စ်ဖားရပ်(စ်)နှင့် ကန့် (ဆာလ်ဖာ) တို့ ချို့တဲ့သည်နှင့်အမျှ အမြစ်အရေအတွက်ဟာ လျော့နည်းသွားကြောင်းနှင့် ပိုတက်စီယမ်၊ ကယ်လ်စီယမ်နှင့် မဂ္ဂနီစီယမ်တို့ ချို့တဲ့လျှင် အမြစ်တွေ၏ အလျား(အရှည်)လျော့ကျသွားသည်ဟု ပြောသည်။ ဤတွင်သေသေချာချာ ခွဲခြားသိရမှာက နိုက်ထရိုဂျင်၊ ဖော့စ်ဖားရပ်(စ်)၊ ဆာလ်ဖာချို့တဲ့လျှင်အမြစ်အရေအတွက် (ဦးရေ) နည်းသွားသည်။ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်တို့ ချို့တဲ့လျှင် အမြစ်ရှည်ထွက်မှု လျော့သွားခြင်းဖြစ်သည်။နိုက်ထရိုဂျင်၊ ဖော့စ်ဖားရပ်(စ်)၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဆာလ်ဖာ(ကန့်) တို့ ပြည့်စုံစွာ ထည့်ပေးသောအခါ၊ စပါးပင်၏ ပင်ပိုင်း (မြေပေါ်ပိုင်း) အားလုံး၏ အလျားမှာ ၁၀၃ စင်တီမီတာရှည်ပြီး၊ အမြစ်၏အလျားဟာ ၂၅ စင်တီမီတာရှည်ကာ၊ အပင်နှစ်ပင်စီကို ချိန်တွယ်ရာတွင် အနှံက ၆ ဒသမ ၅ ဂရမ်၊ ရွက်ပြားက ၁၃ ဒသမ ၂၆ ဂရမ်၊ ရွက်ဖုံးက ၁၂ ဒသမ၀၀၊ အရွက်အားလုံး၏ အခြောက်က ၁ ဒသမ၁၅၊ပင်စည်က ၈ ဒသမ ၂၅၊ အမြစ်က၃ ဒသမ ၉၆ ဂရမ်စီ အသီးသီးရှိကြသည်။ အထက်တွင် ဖော်ပြပြီးဖြစ်သည့် နိုက်ထရိုဂျင်မှသည် ကန့်(ဆာလ်ဖာ)အထိ တစ်ခုစီလျှော့ချလိုက်သောအခါ အာဟာရ ခြောက်မျိုးလုံးထည့်သည့် အပင်ထက်၊ အပင်၏ မြေပေါ်ပိုင်းတစ်ခုလုံး အလျားသည် နိုက်ထရိုဂျင်၊ ဖော့စ်ဖားရပ်(စ်) ဖယ်လိုက်သည့်အခါတွင် ထက်ဝက်စီခန့် လျော့သွားတော့သည်။သို့သော် ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊မဂ္ဂနီစီယမ်နှင့် ဆာလ်ဖာ (ကန့်) တို့ဖယ်လိုက်သောအခါတွင်မူ ၁၅ မှ ၂၀ ရာခိုင်နှုန်းအတွင်းလောက်သာ လျော့သွားခဲ့သည်။
ဤတွင် အပင်၏ ပင်စည်အရပ်အမြင့် (အရှည်) ကို နိုက်ထရိုဂျင်နှင့် ဖော့စ်ဖားရပ်(စ်)၏ အားပေးမှုက ပို၍သိသာကြောင်း ပေါ်လွင်စေသည်။
အမြစ်ပိုင်းကို လေ့လာသောအခါတွင် အာဟာရအားလုံး အပြည့်အစုံထည့်စဉ်က ၂၅ စင်တီမီတာရှည်ပါလျှင် ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊မဂ္ဂနီစီယမ်တို့ ဖယ်လိုက်သောအခါ ထက်ဝက်သာသာစီ ကျဆင်းသွားသည်ကို တွေ့ရပြီး နိုက်ထရိုဂျင်၊ဖော့စ်ဖားရပ်(စ်)နှင့် ဆာလ်ဖာ(ကန့်)ဖယ်လိုက်သော်လည်း အမြစ်၏ ပုံမှန်အာဟာရ ရစဉ်က ပမာဏကကျမသွားဘဲ (၃၅-၄၅-၃၈) စင်တီမီတာ သို့တက်လာရာ ထိုအာဟာရဓာတ်သုံးမျိုးဖြစ်သော(N,P,S) တို့သည် အမြစ်ရှည်ထွက်မှုအတွက် များစွာအထောက်အကူမပြုသလို ဖြစ်နေပြန်သည်။ မရှိလည်း ဖြစ်သည်ဟူသောသဘော သက်ရောက်နေသည်။ အထွက်နှုန်းကို တိုက်ရိုက်အကျိုးပြုသည့် စပါးနှံ၏ ပြောင်းလဲမှုကို လေ့လာကြည့်သောအခါ၊ N,P,K,Ca, Mg,Sတို့ စုံညီစွာထည့်ပေးသော စမ်းသပ်မှုတွင် (၂) ပင်၏ အနှံအလေးချိန် ၆ ဒသမ ၀၅ ဂရမ်ရှိသည်။ နိုက်ထရိုဂျင်မပါသော စမ်းသပ်မှုတွင် သုညဒသမ ၂၅ ဂရမ်၊ ဖော့စ်ဖားရပ်(စ်) မပါသော စမ်းသပ်မှုတွင် သုည ဒသမ ၃၀ ဂရမ်၊ ပိုတက်စီယမ်မပါသော စမ်းသပ်မှုတွင် သုည ဒသမ ၉၄ ဂရမ်စီ တွေ့ကြရာ အာဟာရစုံထည့်ခြင်းထက် အကြမ်းအားဖြင့် (၆-ပုံ ဒသမ ၅-ပုံစီ) လောက် အသီးသီးလျော့နည်းသွားကြောင်း တွေ့ရပြီး ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်နှင့် ဆာလ်ဖာ(ကန့်) တို့မပါသော စမ်းသပ်မှုတွင် (၁ ဒသမ ၇၂ -၁ ဒသမ ၇၄ - ၂ ဒသမ ၁၉) စီရှိကြောင်းတွေ့ရသည်။
ဤတွင် N,P,K တို့သည် အနှံဘက် အောင်မြင်ပြည့်ဖြိုးရေးအတွက် နံပါတ်-၁ အရေးကြီးဆုံးဖြစ်ပြီး Ca,Mg,S တို့သည် ဒုတိယတန်းစား အရေးကြီးသည့် အာဟာရဓာတ်များဟု ပြောရပေမည်။ အပင်၏ အနှံဘက်မှတပါး အခြားအရေးပါသော အင်္ဂါအစိတ်အပိုင်းများဖြစ်သော ရွက်ပြား၊ ရွက်ဖုံး၊ပင်စည်၊ အမြစ်တို့တွင် အာဟာရခြောက်မျိုး ပြည့်စုံစွာ ထည့်သွင်းစမ်းသပ်မှုတွင် ရွက်ပြားက ၁၃ ဒသမ ၂၆၊ ရွက်ဖုံးက ၁၂ ဒသမ ၀၀၊ ပင်စည်က၈ ဒသမ ၂၅၊ အမြစ်က ၃ ဒသမ ၉၆ ဂရမ်စီ အသီးသီးရှိကြရာ၊ Nနှင့် P ဖယ်လိုက်သော စမ်းသပ်မှုတွင် ၁၀-၁၅ ရာခိုင်နှုန်းခန့်စီသာရှိတော့ပြီး၊K,Ca,Mg,S တို့ မပါသော စမ်းသပ်မှုများတွင် နှစ်ရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းစီလောက်သာ ရှိတော့ကြောင်း တွေ့ရသည်။ ဤတွင်လည်း အမြစ်တွင်နိုက်ထရိုဂျင်နှင့် ဖော့စ်ဖားရပ်(စ်)တို့က ပို၍အရေးပါပုံကို ပေါ်လွင်လာပြန်သည်။ Ca,Mg နှင့် S တို့မပါသော်လည်း အမြစ်ဖြစ်ထွန်းမှု သိသိသာသာမထိခိုက်ကြောင်း တွေ့ရပြန်သည်။ အထွက်နှုန်း၏ မိတ်ဖက်ဖြစ်သော နှံပါပင်ပွား၊ အစေ့အရေအတွက်၊ အစေ့ ၁၀၀ အလေးချိန်၊ အောင်စေ့ရာခိုင်နှုန်းတို့ကို အဓိက ချုပ်ကိုင်သည့် အာဟာရဓာတ်များမှာ နိုက်ထရိုဂျင်၊ ဖော့စ်ဖားရပ်(စ်)၊ ဆာလ်ဖာ (ကန့်) တို့ဖြစ်ပြီး၊ ပင်ပိုင်း တောင့်တင်းခိုင်မာမှုအတွက် ပိုတက်စီယမ်၊ ကယ်လ်စီယမ်နှင့် မဂ္ဂနီစီယမ်တို့ဖြစ်ရာ သင့်တင့်သော အတွဲအဖက်ပမာဏနှင့် လိုအပ်ချိန်ခါအလိုက်ထည့်သွင်းစေဖို့နှင့်မြေဆီလွှာ အစိုဓာတ်ထိန်းကြောင်းပေးခြင်းတို့ကို လုပ်ဆောင်ရပေလိမ့်မည်။ ကောက်ကွက်တစ်ခုချင်းတွင် အနှံပါသော ပင်ပွားဦးရေမှာ N နှင့် Pမပါလျှင် သိသိသာသာကျဆင်းသွားကာခြောက်ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိလျော့နည်းသွားတတ်သည်။
K,Ca,Mg တို့မပါလျှင် ထက်ဝက်လောက်ကျဆင်းသွားပြီး S မပါလျှင် ၃၀ ရာခိုင်နှုန်း ကျဆင်းသွားတတ်သည်။ စပါးနှံရှိ စပါးစေ့များတွင် ပါဝင်သောအောင်စေ့ပမာဏများတွင် နိုက်ထရိုဂျင်မပါလျှင် ၃၀ ရာခိုင်နှုန်းသို့လည်းကောင်း၊ ဖော့စ် ဖိတ်မပါလျှင် ၂၄ ရာခိုင်နှုန်းသို့လည်းကောင်း၊ ပိုတက်စီယမ် မပါလျှင် ၁၄ ရာခိုင်နှုန်းသို့လည်းကောင်း၊ ကယ်လ်စီယမ်မပါလျှင် ၁၉ ရာခိုင်နှုန်းသို့လည်းကောင်း၊ မဂ္ဂနီစီယမ် မပါလျှင် ၂၇ ရာခိုင်နှုန်းသို့လည်းကောင်း၊ ဆာလ်ဖာ(ကန့်)မပါလျှင် ၃၈ ရာခိုင်နှုန်းသို့လည်းကောင်း ကျဆင်းသွားတတ်သည်ဟု အီရှီဇူကာနှင့် တာနာကာတို့က လက်တွေ့စမ်းသပ်ပြသွားခဲ့သည်။ အစေ့ ၁၀၀၀ ၏ အလေးချိန်ကို လေ့လာရာတွင် N,P,Ca နှင့် S တို့ မပါသော စမ်းသပ်မှုမှာ အနည်းငယ်စီသာ ကျသွားသော်လည်းK နှင့် Mg တို့မပါသော စမ်းသပ်မှုတွင် ၂၀ ရာခိုင်နှုန်းစီလောက် လျော့သွားသည်ကို ဖော်ပြထားပါသည်။ စပါးအပါအဝင် သီးနှံပင်တို့၏ပေါက်ရောက်ဖြစ်ထွန်း၊ ပွင့်သီးရင့်မှည့်မှုတို့သည် ရေ၊ မြေ၊ ရာသီဥတုနှင့်အတူ ဇီဝကမ္မဖြစ်စဉ်အရ တိုးတက်ဖြစ်ပေါ်ရသည်ဖြစ်ရာ သီးနှံအသီးသီးတို့၏ ပင်ပိုင်းအင်္ဂါအစိတ်အပိုင်းအလိုက် ရေ၊ မြေ၊ ရာသီဥတုနှင့် အာဟာရဓာတ်တို့အပေါ် မှီခိုတုံ့ပြန်မှု တိုးတက်နိုင်သမျှ လေ့လာစူးစမ်းကြဖို့ လိုအပ်ပါသည်။
ယနေ့မျိုးဆက်သစ်တွေမှာ စာရေးသူတို့ထက် အစစအရာရာ အခွင့်အလမ်းနှင့် အဆက်အသွယ် ကိရိယာတန်ဆာပလာများကို လက်လှမ်းမှီနေကြပြီဖြစ်ရာ စာရေးသူတို့ထက် အဆရာထောင်မကသော အကျိုးပြုနိုင်စွမ်း ရကြပါစေဟု ဆန္ဒပြုအပ်ပါသည်။
- သုတကျော်
မြန်မာတောင်သူကြီးများ ဂျာနယ်