လက်လီဈေးကွက်ထဲ သံပုရာသီးဈေးနှုန်းမြင့်မားပေမဲ့
မန္တလေးလက်လီဈေးကွက်ထဲမှာ သံပုရာသီးတစ်လုံးကို ပျမ်းမျှငွေကျပ် ၃၀၀ ကျော်အထိရှိနေပေမဲ့ ခြံဖြတ်ဈေးနှုန်းက ၅၀ အောက်ပဲရရှိနေတယ်လို့ တောင်သူတွေကပြောပါတယ်။
စက်သုံးဆီဈေးမြင့်မားပြီး သယ်ယူစရိတ်တွေ အဆမတန်မြင့်တက်နေမှုကြောင့် ဈေးနှုန်းကွာဟမှုကြီးမားနေတာ ဖြစ်ပါတယ်။
“ကုန်သည်က လာမဝယ်တော့ဘူး။ ဖုန်းဆက်ပြီးလှမ်းမှာတာ။ ကားဂိတ်အထိပို့ပေးရတယ်။ ပို့ခ ကို တောင်သူကပေးရတာပေါ့။ ကိုယ်ကရောင်းချင်တော့လည်း ပို့ပေးရတာပဲလေ၊ ဘယ်တတ်နိုင်မလဲ။ ဈေးကတော့အရမ်းနည်းတယ်”လို့ ကူမဲမြို့နယ် နတ်လွှဲကျေးရွာကတောင်သူတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာ သံပုရာသီးအလုံးရေ ၈၀၀ ကနေ ၁၀၀၀ ကြားရှိတဲ့ တစ်အိတ်ကို ငွေကျပ် ၅၀၀၀၀ ပဲရရှိပြီး စိုက်ခင်းကနေ ကားဂိတ်အရောက်သယ်ယူပို့ဆောင်ခက တစ်အိတ်ကိုပျမ်းမျှ ၃၀၀၀ ဝန်းကျင်ရှိပြီး ခူးဆွတ်ခအနေနဲ့ ကျပ် ၄၀၀၀ အထိရှိတယ်လို့တောင်သူတွေကဆိုပါတယ်။
အခုလိုခြံဖြတ်ဈေးနှုန်းတွေနည်းပါးပြီးအထွေထွေကုန်ကျစရိတ်တွေ မြင့်တက်နေတဲ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကရေကြီးနစ်မြုပ်မှုကြောင့် သံပုရာပင်အများအပြား ပျက်စီးဆုံးရှုံးခဲ့ရတဲ့အတွက် တောင်သူတွေအနေနဲ့ အခက်တွေ့နေရတယ်လို့ သိရပါတယ်။
လင်းလင်း
Opinion Leaders Media မှကူးယူဖော်ပြပါသည်။
---------------------
သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe