ရွက်ဖျန်းမြေဩဇာ(သို့)အားဆေးအသုံးပြုလျှင်သတိပြုစေချင်
သီးနှံသစ်ပင်များ ရှင်သန်ကြီးထွားဖို့အတွက် အာဟာရဓာတ် ၁၆ မျိုးလိုအပ်တယ်။ အဲဒီဓာတ်တွေကတော့ နိုက်ထရိုဂျင်၊ဖော့စ်ဖရပ်စ်၊ ပိုတက်စီယမ်၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ ဟိုက်ဒရိုဂျင်၊ အောက်ဆီဂျင်၊ မဂ္ဂနီးစ်၊ ကယ်လ်စီယံ၊ ဆာလ်ဖာ၊ သံ၊ မဂ္ဂနီစီယမ်၊ကော့ပါး၊ သွပ်၊ ဘိုရွန်၊ မောလ်ဒီနန်၊ ကလိုရင်းဓာတ်တို့ ဖြစ်ပါတယ်။
ဒီဓာတ်တွေထဲမှာ နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်စ်၊ ပိုတက်စီယမ်ကိုတော့ အများအားဖြင့် ဓာတ်မြေသြဇာများကရတာ ဖြစ်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက်၊ ဟိုက်ဒရိုဂျင်၊ အောက်ဆီဂျင်ဓာတ်များကိုတော့ လေကရရှိပါတယ်။ ကျန်နေတဲ့ ဓာတ်များကတော့ မြေဆီလွှာအတွင်းက ရရှိကြပါတယ်။ တချို့မြေဆီလွှာအတွင်းမှာချို့တဲ့နေရင်တော့ ဓာတ်ကို သီးသန့်ထည့်ပေးရတာလည်း ရှိပါတယ်။ သီးနှံသစ်ပင်များအတွက် လိုအပ်တဲ့ ဓာတ်များကို မြေဆီလွှာအတွင်း ထည့်ပေးပါ။ မြေဆီလွှာအတွင်းမှာရှိတဲ့ ရေ (သို့) အစိုဓာတ်နဲ့ ပျော်ဝင်ပြီး အမြစ်များက စုပ်ယူကာ အပင်ကြီးထွားဖြစ်ထွန်းပြီး အထွက်ကောင်းကောင်းပေးနိုင်ဖို့အတွက် အသုံးချတာ ဖြစ်ပါတယ်။ တချို့ဓာတ်တွေဟာ တစ်ခါတစ်ရံ မြေဆီလွှာထဲကိုထည့်ပြီးအမြစ်က စုပ်ယူကြီးထွားစေတဲ့စနစ်ထက် အပေါ်ကနေ အရည်အဖြစ်နဲ့ အရွက်ကို ဖျန်းပေးတာဟာ ပိုပြီး အပင်က မြန်မြန်ဆန်ဆန်စုပ်ယူစားနိုင်ကြပြီး ထိရောက်တာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း အပင်ပေါ်ကနေဖျန်းတာဟာ စနစ်မကျဘူးဆိုရင် သဲထဲရေသွန်ဖြစ်ပြီး ငွေကုန်လူပန်း ဖြစ်သွားတာကိုတောင်သူလယ်သမားကြီးများ ဂရုပြုကြစေချင်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က နယ်ကို ခရီးထွက်ခဲ့ပါတယ်။ လမ်းတစ်နေရာမှာ မိုးပဲတီစိမ်းခင်းကို ဆေးဖျန်းပုံးနဲ့ ဖျန်းနေတဲ့လယ်သမားတစ်ယောက်ကို တွေ့တာနဲ့ စိုက်ပျိုးရေးသမားပီပီ ဆင်းပြီးစပ်စုကြည့်ပါတယ်။
သူဖျန်းနေတာက ဓာတ်မြေသြဇာ အပင်အားတိုးဆေးရည်လို့ ဆိုပါတယ်။ လေတိုက်နေတဲ့ဘက်ကို မျက်နှာမူပြီး ဖျန်းနေတဲ့အတွက်ဖျန်းတဲ့ဆေးမှုန်တွေဟာ လေနဲ့အတူ သူ့ဆီပြန်လာနေပါတယ်။ သူ့တစ်ကိုယ်လုံးလည်း ဆွေးတွေရွှဲစိုနေပါတယ်။ ပြီးတော့ ဖျန်းတဲ့အခါမှာလည်း ဆေးဖျန်းခေါင်းနဲ့ အပင်အရွက်ထိပ်ဖျား နှစ်ပေလောက်ခွာပြီး ဖျန်းနေတဲ့အတွက် ဆေးမှုန်တွေဟာ အပင်အရွက်ကိုမထိဘဲ လေထဲဖွာခနဲ ဖွာခနဲ ပျံ့လွင့်နေပါတယ်။ အပင်ကို မထိတဲ့အတွက် ဆေးဖျန်းပေမယ့် အချည်းနှီးဖြစ်နေတယ်ဆိုတာ သူမသိရှာပါဘူး။ ဒီတော့ စာရေးသူက သူ့ကို ဆွေးနွေးချက်ကလေး ပြောရပြန်ပါတယ်။ ဆေးဖျန်းပုံးကို အသုံးပြုပြီး ပိုးသတ်ဆေးပဲဖျန်းဖျန်း၊ဓာတ်မြေသြဇာအရည်ပဲ ဖျန်းဖျန်း၊ အပင်အားတိုးဆေးအရည်ပဲ ဖျန်းဖျန်း လေတိုက်ရာဘက်ကို မျက်နှာမူပြီး မဖျန်းရဘူး။ ဆေးဖျန်းနေစဉ်မှာ ဦးခေါင်းကစ တစ်ကိုယ် လုံးလုံလုံခြုံခြုံဖြစ်အောင် ဝတ်ဆင်ထားရမယ်။ မျက်မှန်တပ်ပြီး နှာခေါင်းစည်းတပ်ထားရမယ်။လက်အိတ်စွပ်ထားရမယ်။ ဒါမှ အန္တရာယ်ကင်းမှာပေါ့ဗျာ။ ပြီးတော့ သီးနှံပင်ကို အပေါ်ကနေ ဓာတ်မြေသြဇာအရည်ပဲ ဖျန်းဖျန်း၊ ပိုးသတ်ဆေးပဲဖျန်းဖျန်း၊ အပင် အားတိုးဆေးရည်ပဲဖျန်းဖျန်း ဆေးဖျန်းခေါင်းကိုနှိမ့်ပြီး အပင်အရွက်တွေထိအောင်ဖျန်းဖို့လိုတယ်ဗျ။ ဒါမှ ထိရောက်မှုရှိတာဗျ။ မဟုတ်ရင်တော့ ခင်ဗျားဖျန်းတဲ့ အရည်အမှုန်တွေ လေထဲလွင့်ပါကုန်တာပေါ့ဗျာ။
နောက် အရေးကြီးဆုံးအချက်ကတော့ ဓာတ်မြေသြဇာအရည်ပဲ ဖြစ်ဖြစ်၊ အပင်အားတိုးဆေးအရည်ပဲဖြစ်ဖြစ် အပင်ကို ဖျန်းတော့မယ်ဆိုရင် ဆေးဖျန်းခေါင်းကိုအောက်နှိမ့်၊ ဆေးဖျန်းခေါင်းကို အပင်အရွက်ထဲထိ ထိုးသွင်း၊ ဆေးဖျန်းခေါင်းကိုပက်လက်လှန်ပြီး အရွက်ရဲ့အောက်မျက်နှာပြင်ထိ ဆေးထိအောင်ဖျန်းဖို့ အဓိကသတိပြုဖို့လိုတယ်ဗျ။ အရွက်တွေရဲ့ အောက်မျက်နှာပြင်မှာ စတိုမာတာဆိုတဲ့အပေါက်ကလေးတွေ ရှိတယ်ဗျ။ အဲဒီအပေါက်ကလေးတွေဟာ နံကပ်နေအေးချိန်မှာပွင့်ပြီး အသက်လည်း ရှူတယ်။ ဆေးဖျန်းရင်ဖျန်းတဲ့ ဆေးအမှုန်ကလေးတွေဟာ အဲဒီအပေါက်ကလေးတွေကနေ စုပ်ယူသွားတယ်ဗျာ။ အရွက်အပေါ် မျက်နှာပြင်ကို ဖျန်းရင်တော့စုပ်ယူဖို့ခက်ပြီး မထိရောက်ဖူးပေါ့ဗျာ။ နောက်တစ်ချက် သတိပြုရမှာကတော့ ဖျန်းမယ်ဆိုရင် မနက်စောစောနဲ့ ညနေခင်း နေအေးချိန်မှာ ဖျန်းပေါ့ဗျာ။ နေ့ခင်းနေပူချိန်ဆိုရင်တော့ အပေါက်ကလေးတွေက ပြန်ပိတ်သွားတယ်ဗျ။နောက်တစ်ချက်ကတော့ ဓာတ်မြေသြဇာအရည်ပဲဖျန်းဖျန်း၊ အပင်အားတိုးဆေးရည်ပဲဖျန်းဖျန်း မိုးတအားရွာနေတဲ့ အချိန်မှာ မဖျန်းသင့်ဘူး။ မိုးရေနဲ့ပါသွားပြီးအချည်းနှီးဖြစ်မှာပေါ့ဗျာ။ နောက်ပြီး ဖျန်းမယ်ဆိုရင် အပင်အရွက်မှာ ဆေးကြာကြာကပ်နေစေဖို့အတွက် ဆေးအရည်နဲ့ ကပ်ဆေးတစ်မျိုးမျိုး ရောဖျန်းသင့်တယ်ဗျာဟုပြောခဲ့ရသည်။
ဆောင်ဆန်း(စိုက်ပျိုးရေး)
မြန်မာတောင်သူကြီးများဂျာနယ်
-----------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - https://bit.ly/htwettoev2 ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။