ပါကစ္စတန်နှင့် ဈေးယှဉ်မရောင်းနိုင်သဖြင့် မြန်မာ့ဆန်/ဆန်ကွဲ တရုတ်ဝယ်လိုအား ကျဆင်း
ပါကစ္စတန်နိုင်ငံရဲ့ ဆန်ဈေးနှုန်းကို ယှဉ်မရောင်းနိုင်တာကြောင့် တရုတ်နိုင်ငံကို မြန်မာ့ ဆန်နဲ့ ဆန်ကွဲ တင်ပို့မှု ကျဆင်းလာခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ကနေ သိရပါတယ်။
လက်ရှိမှာ တရုတ်နိုင်ငံအနေနဲ့ ပါကစ္စတန်နိုင်ငံကနေ ဆန်/ဆန်ကွဲ ဝယ်ယူမှုမြင့်တက်လာကြောင်း MRF ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ်။
“တရုတ်နိုင်ငံလည်း ဝယ်ပါတယ်။ ပါကစ္စတန်ကို ဈေးယှဉ်မရောင်းနိုင်ဘူး။ တရုတ်က များသောအားဖြင့် ပါကစ္စတန်က ဝယ်တာ များလာတယ်။ အိန္ဒိယကနေလည်း အခု ဝယ်တာ များလာတယ်”လို့ ဆိုပါတယ်။
ဒါ့ကြောင့် မြန်မာ့ဆန်တင်ပို့သူတွေအနေနဲ့ ဥရောပဈေးကွက်နဲ့ အင်ဒိုနီးရှားနိုင်ငံကို အားပြုရောင်းချနေရပြီး ဖိလစ်ပိုင်နိုင်ငံကိုလည်း တင်ပို့ရောင်းချရတယ်လို့ သိရပါတယ်။
“မလေးရှားကိုလည်း နည်းနည်းပဲ ရောင်းနိုင်တယ်။ ပါကစ္စတန်ကနေ ဝယ်တာများတယ်။ နောက်ပြီး အာဖရိကနိုင်ငံတွေကိုတော့ အိန္ဒိယကို ယှဉ်ပြီး မရောင်းနိုင်ပါဘူး”လို့ MRF ဥက္ကဋ္ဌက ဆက်ပြောပါတယ်။
လက်ရှိမှာ ထိုင်း၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဗီယက်နမ် စတဲ့ ဆန်တင်ပို့တဲ့ နိုင်ငံတွေအနေနဲ့ တစ်ဧက အထွက်နှုန်း တိုးအောင်ပြုလုပ်ပြီး ဈေးနှုန်းကျအောင် ဆောင်ရွက်လာကြလို့ ဈေးချရောင်းနိုင်တာမျိုးဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာတော့ တစ်ဧကအထွက်နှုန်း တိုးလာဖို့ ဆောင်ရွက်ဖို့ စိန်ခေါ်မှုအများအပြား ရှိနေတယ်လို့ ဦးရဲမင်းအောင်က ပြောပါတယ်။
“နိုင်ငံတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးအခြေအနေကောင်းမှ ဒါတွေ လုပ်နိုင်မှာ။ လက်တလောမှာ မြေကြီးက ပေးတဲ့ အနေအထား၊ တောင်သူတွေ ကြိုးစားအားထုတ်မှု၊ ဈေးကွက်က ဖန်တီးပေးတဲ့ အခွင်အလမ်း။ ဒီသုံးခုကို ပေါင်းစပ်ပြီးတော့ ရပ်တည်ဆောင်ရွက်နေတဲ့ အနေအထားဖြစ်ပါတယ်”လို့ ၎င်း က ဆိုပါတယ်။
လက်ရှိမှာ နိုင်ငံရဲ့ ဆန်စပါးပိုလျှံမှုအနေနဲ့ တန်ချိန် ၃ သန်းကျော်ရှိပြီး တန်ချိန် ၂ သန်းကျော်ကို နှစ်စဉ် တင်ပို့ရောင်းချလျက်ရှိပါတယ်။
ယခုဘဏ္ဍာနှစ်မှာလည်း တန်ချိန် ၂.၃ သန်းကနေ ၂.၅ သန်းအထိ တင်ပို့နိုင်ရေးအတွက် ရည်မှန်းထားပြီး အောက်တိုဘာလအထိ ၇ လတာအတွင်း ဆန်နှင့်ဆန်ကွဲတန်ချိန် ၁.၃၆၂ သန်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၄၇ သန်းရရှိထားပါတယ်။
သတင်း - BETV Business မှကူးယူဖော်ပြပါသည်။
--------------------
မိုးလေဝသခန့်မှန်းချက်များ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe