cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စိုက်ပျိုးသုတ ဒီဇင်ဘာလ

. စိုက်ပျိုးအသိပညာ
-မတ်ပဲအဝါရောင်မိုစေ့ရောဂါ သတိထားစရာများ
-ကုလားပဲသီးနှံရောဂါကြိုတင်ကာကွယ်ခြင်း
-ပဲပုပ်သီးနှံစိုက်ပျိုးစနစ်ကို အကြံပြုချက်များ
-နေကြာသီးနှံ သီးညှပ်စိုက်ပျိုးရေးစားသုံးဆီဖူလုံရေး
-ပဲမြစ်ဖုဇီဝမြေသြဇာသုံးစွဲရေး
-ဂျုံသီးနှံ မျိုးကောင်းမျိုးသန့် သုံးစွဲစိုက်ပျိုးရေး
-ကြံသီးနှံအပင်ရေ ပြည့်မီရေး
-နွေစပါး အလျင်အမြန်စိုက်ပျိုးရေး
  • ဆောင်းသီးနှံအများစုကို ဒီဇင်ဘာလမှာ အပြီးစိုက်ရမှာဖြစ်သည်။ အလားတူ ကြံသီးနှံကို ဒီအချိန်မှာ စိုက်နိုင်သည်။နွေစပါးကိုလည်း စတင်စိုက်ပျိုးသည့်လဖြစ်သည်။ ဒါကြောင့် “ စိုက်ပျိုးသုတ ဒီဇင်ဘာလ" တွင် အဆိုပါသီးနှံများဆိုင်ရာ သိရှိသင့်သည်များကို ဖော်ပြရေးသားလိုက်ပါသည်။

    ➤ မတ်ပဲအဝါရောင်မိုစေ့ရောဂါ သတိထားရေးအများစုကတော့ မတ်ပဲသီးနှံကို နိုဝင်ဘာလအတွင်းစိုက်ကြတာဖြစ်သည်။ စပါးရိတ်သိမ်းချိန်နောက်ကျခြင်း၊ မိုးရွာသွန်းမှုကြောင့် အစိုဓာတ်များနေခြင်းတို့ကြောင့် အချို့မှာ စိုက်ချိန်မှန်တွင် မစိုက်နိုင်သည်ကို ကျွန်တော်သတိထားမိသည်။ နောက်ကျစိုက်သည့် မတ်ပဲစိုက်ခင်းများတွင် အဝါရောင်မိုစေ့ရောဂါ ကျရောက်တတ်သည်။အထူးသတိထားစောင့်ကြည့်ဖို့လိုသည်။ ရောဂါဖြစ်စေတာက သက်ရှိဗိုင်းရပ်စ်ကြောင့်ဖြစ်သည်။ တစ်ပင်နှင့်တစ်ပင် ကူးစက်ခြင်းမှာမူယင်ဖြူ (White fly) ကတစ်ဆင့် ရောဂါကူးစက်ခြင်းကြောင့်ဖြစ်သည်လို့ သိထားသည်။ ရောဂါကျရောက်လျင် မတ်ပဲအရွက်အနုပေါ်မှာ အဝါ‌ရောင်အစက်အပြောက်များ ဖြစ်ပေါ်တာ မြင်တွေ့နိုင်သည်။ အရွက်များသည် အဝါရောင်နှင့်အစိမ်းရောင်ပုံမမှန်ကွက်ကျားတွေ ဖြစ်ပေါ်နေတတ်သည်။ အမြန်ဆုံး ကာကွယ်နှိမ်နင်းရန် လိုပါသည်။ ရောဂါကျရောက်နေသောအရွက်များကို တစ်ပင်တွေ့တစ်ပင် နုတ်ယူမီးရှို့ပါ။ ထို့နောက် ချက်ချင်းပိုးသတ်ဆေးဖျန်းရန်ဖြစ်သည်။ ထို့ပြင် စိုက်ခင်းအတွင်းပေါက်ရောက်နေသော ပေါင်းမြက်ပင်များ၊ အလေ့ကျအခြားအပင်များကိုလည်း နုတ်ပယ်ပစ်ရန်လိုပါသည်။

    ➤ ကုလားပဲသီးနှံရောဂါကာကွယ်ရေးကုလားပဲသီးနှံသည် ရောဂါကျရောက်ဖျက်ဆီးမှုခံရလေ့ရှိသည့် သီးနှံတစ်မျိုးဖြစ်သည်။ အပင်ပေါက်စက အသီးဝင်သည်ထိ ရောဂါကျရောက်နိုင်သည်။ အပင်ငယ်စဉ်ကျလျင် ညှိုးသေနေတာ မြင်တွေ့နိုင်သည်။ ထို့ကြောင့် ရောဂါဒဏ်ခံနိုင်သောမျိုးကို သုံးစွဲဖို့လိုသည်။ ဒါက အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။ တခြားနည်းလမ်းများလည်း ရှိသေးသည်။ စိုက်ပျိုးသည့်အပင်အတန်း အကွာအဝေး၊ တစ်နည်း အပင်အစိပ်အကျဲ၊ ပြီးတော့ စိုက်ချိန်စောခြင်း၊ နောက်ကျခြင်း၊ဒါတွေကြောင့် ရောဂါကျ ရောက်ဖျက်ဆီးမှု၊ပြင်းထန်မှု မတူညီနိုင်တာ ကျွန်တော်သိထားသည်။ထို့ကြောင့် ရေမြေဒေသအလိုက်သင့်တော်သောစိုက်ချိန်မှန်မှာ စိုက်ပါ။ စိုက်ပျိုးနည်းစနစ်လည်း မှန်ကန်ပါစေလို့ ပြောလိုပါသည်။ သီးနှံအလှည့်ကျစိုက်စနစ် ကျင့်သုံးခြင်းသည် ကုလားပဲသီးနှံရောဂါကျရောက်မှု နည်းပါးရေးအတွက် အထောက်အကူပြုသည်။ ယခင်နှစ်က ကုလားပဲစိုက်ခဲ့ပြီး ရောဂါကျရောက်ခဲ့လျှင် ရောဂါအဆက်ပြတ်စေရေးအတွက် ဒီနှစ် အဲသည်မြေမှာ ကုလားပဲစိုက်ပျိုးခြင်း မပြုသင့်ပါ။ထို့ပြင် ကုလားပဲစိုက်ရန် ထွန်ရေးပြုပြင်ရာတွင်လည်း ထွန်ရေးနက်နက် ပြုပြင်စိုက်ပျိုးခြင်းသည်ရောဂါကြိုတင်ကာကွယ်ရေးအတွက် အကောင်းဆုံးဖြစ်ပါသည်။

    ➤ အစိုဓာတ်မဆုတ်ယုတ်မီ ပဲပုပ်သီးနှံစိုက်ပျိုးရေးလယ်မြေတွင် ပဲပုပ်သီးနှံစိုက်ပျိုးစနစ်ကို အကြံပြုလိုသည်။ အစိုဓာတ်မဆုတ်ယုတ်မီ အမြန်စိုက်ပျိုးရေးဖြစ်သည်။ ကျွဲ၊နွားဖြင့်ဖြစ်စေ၊ ထွန်စက်၊ လက်တွန်းထွန်စက်ဖြင့်ဖြစ်စေ စနစ်တကျမြေပြင်၊ ကြောင်းဆွဲ၊ မျိုးစေ့ချစိုက်ပျိုးနိုင်လျှင်တော့အကောင်းဆုံးဖြစ်သည်။ စိုက်ချိန်နှင့် မြေတွင်းလက်ကျန်အစိုဓာတ်တို့အပေါ် မူတည်၍ စိုက်ကြရတာကို ကျွန်တော်နားလည်ပါသည်။ အခြေအနေပေးမှုအပေါ် မူတည်ပြီး စိုက်ပျိုးနည်းစနစ်ကို ပြောင်းလဲစိုက်ပျိုးသင့်ပါသည်။အချို့လယ်မြေမှာ စပါးရိတ်သိမ်းချိန်တွင် မြေတွင်းအစိုဓာတ် ကောင်းစွာရှိနေသည်။ နိုဝင်ဘာလအတွင်း မိုးကြီးရွာခဲ့လျှင်အစိုဓာတ်ကို မပူပင်ရ၊ စိုလွန်းလို့တောင် စိုက်ပျိုးရန် စောင့်နေရသေးသည်။ ရှုထောင့်အမျိုးမျိုးကကြည့်ပြီး စဉ်းစားလုပ်ကိုင်ရန် လိုပါသည်။ပုံမှန်စိုက်ပျိုးနည်းစနစ်ဖြင့် လုပ်ကိုင်နိုင်ခြင်းမရှိပါက ပဲပုပ်သီးနှံကို ထွန်ရေးမဲ့နည်းစနစ် (ZeroTillage) ဖြင့် စိုက်နိုင်သည်။စပါးရိုးပြတ်ငုတ်များပေါ်သို့ မျိုးစေ့ကို ပက်ကြဲလိုက်ရုံသာ ဖြစ်သည်။ ထွန်ရေးအနည်းငယ်ပြုပြင်စိုက်ပျိုးနည်းစနစ် (Minimum Tillage)ဖြင့်လည်း စိုက်ပျိုးနိုင်သည်။ ထယ်ထိုးပြီးသည်နှင့် မျိုးစေ့ကို ပက်ကြဲကာထွန်တစ်စပ်ဖြင့် ဖုံးသည့် စိုက်ပျိုးနည်းစနစ်မျိုးဖြစ်သည်။ အဓိကမှာ လုပ်အားနှင့် ကုန်ကျစရိတ်သက်သာရန်ဖြစ်ပြီးမြေတွင်းအစိုဓာတ်မပြေးမီ လျင်လျင်မြန်မြန် စိုက်ပျိုးရန် ဖြစ်ပါသည်။

    ➤ နေကြာသီးနှံ သီးညှပ်စိုက်ပျိုးရေးစားသုံးဆီဖူလုံရေးအတွက် စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးမှာ နေကြာသီးနှံဖြစ်သည်။ သီးသန့်စိုက်နိုင်သည်။ သီးထပ်လည်း စိုက်နိုင်သည်။ ထို့ပြင် ဆောင်းသီးနှံများဖြစ်သော မတ်ပဲ၊ ပဲတီစိမ်း၊ ပဲလွမ်း၊ မြေပဲစသည့် သီးနှံများစိုက်ပျိုးရာတွင် နေကြာသီးနှံကို သီးညှပ်အဖြစ် ထည့်သွင်းစိုက်ပျိုးနိုင်ပါသည်။ စားသုံးဆီရရှိနိုင်တာချင်း တူညီသော်လည်းနေကြာသီးနှံသည် အခြားမြေပဲ၊ နှမ်းသီးနှံတို့နှင့် ကွာခြားမှုများရှိသည်။ မြေပဲသီးနှံမှာ ထုတ်လုပ်မှုစရိတ်မြင့်မားသည်။မျိုးစေ့ပြဿနာကြီးမားသည်။ မျိုးစေ့က မျိုးစေ့ပြန်လည်ရရှိသောအချိုး (Seed to Seed Ratio)ညံ့သည်။ နှမ်းသီးနှံမှာထုတ်လုပ်မှုစရိတ်သက်သာသည်။ မျိုးပြဿနာသိပ်မရှိလှပါ။ မျိုးစေ့က မျိုးစေ့ပြန်လည်ရရှိသောအချိုး (Seed toSeed Ratio) လည်း မညံ့ပါ။ သို့သော်အထွက်ရရှိမှု သေချာလှသည်တော့ မဟုတ်ပါ။ နေကြာသီးနှံမှာမူ ထုတ်လုပ်စရိတ်သက်သာသည်။ သီးညှပ်စိုက်ပျိုးလျှင် ပိုလို့ပင် စရိတ်သက်သာသည်။ အဓိကသီးနှံမှ အထွက်ရ၊ နေကြာမှစားသုံးဆီလည်း ရရှိနိုင်သည်။ ထို့ပြင် မျိုးစေ့က မျိုးစေ့ပြန်လည်ရရှိသောအချိုး (Seed to Seed Ratio) လည်းအထူးကောင်းမွန်ပါသည်။

    ➤ ပဲမြစ်ဖုဇီဝမြေသြဇာသုံးစွဲရေးစိုက်ပျိုးဆဲ မြေပဲနှင့် ပဲမျိုးစုံ သီးနှံများတွင် ပဲမြစ်ဖုဇီဝမြေသြဇာကို သုံးစွဲစိုက်ပျိုးစေချင်ပါသည်။ မျိုးစေ့မှာ ပဲမြစ်ဖုဇီဝမြေသြဇာကို လူးနယ်စိုက်ပျိုးရုံပဲ ဖြစ်ပါသည်။ပဲမြစ်ဖုဇီဝမြေသြဇာသည် အကျိုးပြုအဏုဇီဝသက်ရှိတစ်မျိုးဖြစ်သည့် ရိုင်ဇိုဗီယမ် ဘက်တီးရီးယားများဖြင့် ထုတ်လုပ်ထားသည့် မြေသြဇာတစ်မျိုးဖြစ်သည်။ ကုလားပဲသီးနှံအတွက် ကုလားပဲမြစ်ဖုဇီဝမြေသြဇာ၊ မြေပဲသီးနှံအတွက် မြေပဲမြစ်ဖု ဇီဝမြေသြဇာစသည်ဖြင့် ပဲမျိုးအလိုက် သီးခြားစီထုတ်ထားသည်။သက်ဆိုင်ရာပဲအလိုက် မှန်ကန်စွာသုံးစွဲရန် ကျွန်တော် တိုက်တွန်းလိုပါသည်။ အကျိုးရှိမှုကိုလည်း ပြောပြလိုသည်။ရိုင်ဇိုဘီယမ် ဘက်တီးရီးယားလေးတွေက လေထဲရှိ နိုက်ထရိုဂျင်ကို ဖမ်းယူပြီး ပဲပင်များသုံးစွဲနိုင်အောင် ပံ့ပိုးပေးတာဖြစ်သည်။ ဤသို့ဖြင့် မြေကြီးထဲရှိ နိုက်ထရိုဂျင်လျော့ပါးမှုကို ကာကွယ်ပေးသည်။ အဲဒီတော့ စိုက်ပျိုးသည့် ပဲသီးနှံမှာနိုက်ထရိုဂျင်မြေသြဇာသုံးစွဲမှုကို လျှော့ချနိုင်ပါသည်။

    ➤ ဂျုံသီးနှံ မျိုးကောင်းမျိုးသန့် သုံးစွဲစိုက်ပျိုးရေးစစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် အခြားဒေသအချို့၌ ဂျုံသီးနှံကို နှစ်စဉ်စိုက်ပျိုးသည်။ တကယ်တော့ ဂျုံသီးနှံသည်ပြည်တွင်းစားသုံးမှု ဖူလုံခြင်းမရှိသည့် သီးနှံတစ်မျိုးဖြစ်သည်။ ပြည်ပက ဝယ်ယူတင်သွင်းနေရမှု သက်သာရေးနှင့် စိုက်ပျိုးသူ လယ်သမားများ အကျိုးအမြတ်ရှိရေးအတွက် စိုက်ဧရိယာတိုးချဲ့ရေးသာမက မျိုးကောင်းမျိုးသန့်သုံးစွဲရေးနှင့် နည်းပညာဖွံ့ဖြိုးရေးသည် အရေးပါလျက်ရှိပါသည်။စိုက်ပျိုးရေးသုတေသနက ထုတ်ဝေထားသည့်မျိုးများကို စိုက်ပျိုးရန်လိုသည်။ ဂျုံစိုက်တောင်သူများသည် ရေဆင်းဂျုံ-၁ မှ ရေဆင်းဂျုံ-၉ အထိမျိုးများကို စိုက်ပျိုးသည့်အတွေ့အကြုံရှိပြီးဖြစ်သည်။ ယခုအခါ ဂျုံမျိုးသစ်များဖြစ်သော ဇလုပ်ဖြူ-၁၊ ဇလုပ်ဖြူ -၂၊ဇလုပ်ဖြူ-၄၊ ရေဆင်းဂျုံဖြူ-၃ နှင့် ရေဆင်းဂျုံဖြူ-၇ တို့ကို စိုက်ပျိုးနိုင်ပြီဖြစ်သည်။ ဒေသရေမြေနှင့် ကိုက်ညီသောမျိုးကို ရွေးချယ်စိုက်ပျိုးစေလိုပါသည်။

    ➤ ကြံသီးနှံအပင်ရေ ပြည့်မီရေးအဓိကထားပြီး ကျွန်တော်ပြောလိုသည်မှာ အပင်ရေပြည့်မီရေးဖြစ်သည်။ လယ်ယာသီးနှံမျိုးစေ့များလို သုံး၊ လေးညအိပ်ဆိုလျှင် အပင်ပေါက်စုံတာမဟုတ်ပါ။ ကြံမျိုးပိုင်းရှိ အဆစ်များကနေ တစ်ဆစ်ပြီးတစ်ဆစ် အပင်ပေါက်လာရတာဖြစ်လေတော့ သီတင်းပတ်နှင့်ချီပြီး အပင်‌ပေါက်စုံအောင် စောင့်ရသည်။ အဆစ်တိုင်းက အပင်ပေါက်ထွက်မလာလို့ ကျိုးတိုးကျဲတဲ အပင်ပေါက်မစုံတာတွေ တွေ့မြင်နေရပါသည်။ ကြံစိုက်ပျိုးရာတွင် မျိုးပိုင်းများကို ၄၅ ဒီဂရီထောင်လို့ဖြစ်စေ၊ အလျားလိုက်ဖြစ်စေ၊ အရင်ပိုင်းချင်းဆိုင်လို့ဖြစ်စေ စိုက်ကြောင်းထဲတွင် စိုက်သင့်ပါသည်။အသုံးပြုရမည့် ကြံမျိုးပိုင်းကတော့ တစ်ဧကလျှင် ကြံမျိုးပိုင်း ၁၂၀၀၀ မှ ၁၅၀၀၀ ခန့် အသုံးပြုစိုက်ပျိုးရန် လိုပါသည်။

    ➤ နွေစပါး အလျင်အမြန်စိုက်ပျိုးရေးမြန်မာနိုင်ငံအောက်ပိုင်း (အထူးသဖြင့်) ဧရာဝတီတိုင်းဒေသကြီးက လယ်သမားများကို ကျွန်တော်အကြံပြုလိုတာရှိသည်။နွေစပါးကို ဒီဇင်ဘာလအတွင်း ပြီးစီးအောင် စိုက်ပျိုးရန်ဖြစ်သည်။ နိုဝင်ဘာလမှာ မိုးစပါးရိတ်သိမ်းပြီး နွေစပါးကို စတင်စိုက်ပျိုးနေပြီ။ ထွန်ရေးအမြန်ပြုပြင်ပြီး စိုက်ပျိုးတာ အလေ့အကျင့်တော့ ရနေပြီ။ အများစုမှာ စိုက်ဧရိယာပိုင်ဆိုင်မှုများလေတော့ မိုးစပါးရိတ်သိမ်းမှု၊ ထွန်ရေးပြင်မှုတွင် နှောင့်နှေးကြန့်ကြာတတ်သည်။ဒီဇင်ဘာလမှာ မပြီးလို့မဖြစ်ပါ။ မေလကုန်မုတ်သုံဝင်လျှင် ဧရာဝတီတိုင်းဒေသကြီးလို အောက်ပိုင်းဒေသတွေမှာ စတင်ဝင်တာဖြစ်သည်။ နွေစပါးရိတ်သိမ်းချိန် အဆိုပါမုတ်သုံမိုးနှင့် ကြုံပြီး လေလွင့်ဆုံးရှုံးမှာ စိုးရသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် နွေစပါးအဖြစ် အများစုစိုက်ပျိုးသည်က သီးထပ်ရင်စပါးမျိုးဖြစ်သည်။ အသက်ရက်၁၀၅ ရက်မှ ရက် ၁၁၀ထက်မကျော်ဘဲရိတ်သိမ်းနိုင်သည်။ အထွက်သာမက ဈေးကွက်ကြိုက်ပြီး ရေမြေအခြေအနေနှင့်လည်း ကိုက်ညီသောမျိုးဖြစ်ကြောင်း သိရသည်။ယခုအခါ သက်လျင်အထွက်ကောင်းမျိုးတွေ သုတေသနပြုထုတ်‌ဝေထားတာ များစွာရှိရာ အခြားသင့်တော်ရာစပါးမျိုးများကိုလည်း စိုက်ပျိုးနိုင်ပြီဖြစ်သည်။ သို့သော် စိုက်ပျိုးမည့်မျိုးသည် သီးထပ်ရင်ထက် သက်တမ်းရက်မရှည်မှသာ ဒီဇင်ဘာစိုက်ချိန်နှင့် မိုးဦးကျမုတ်သုံမိုးကြောင့် ပျက်စီးမှု မရှိမှာဖြစ်ပါသည်။

    မောင်ဖူးဝေ(တောင်တွင်းကြီး)မြန်မာတောင်သူကြီးများ ဂျာနယ်

    -------------------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - https://bit.ly/htwettoev2 ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။



  • article
  • article
likes
11
comments
0
views
1559