cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တရုတ်ဈေးကွက်နှင့် မြန်မာ့နာနတ်သီးတင်ပို့မှု အလားအလာ

. ဈေးကွက်သတင်းများ
ဈေးကွက်အခိုင်အမာရှိနေတဲ့ တရုတ်ဈေးကွက်သို့ ပြန်လည်တင်ပို့ခွင့်ရရှိခြင်းက ပြည်တွင်းက နာနတ်စိုက်တောင်သူတွေအတွက် အခွင့်လမ်းကောင်းဖြစ်သလို ရေရှည်အတွက် သတိပြုဆင်ခြင်ရမယ့် အကြောင်းအချက်တွေလည်း ရှိနေပါသေးတယ်။
  • မြန်မာနိုင်ငံမှာ နာနတ်သီးကို ဒေသမရွေးစိုက်ပျိုးနိုင်ပြီး အဓိကအားဖြင့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် အစရှိသည့်ဒေသများတွင် စိုက်ပျိုးလျက်ရှိကြပါတယ်။ ယခင်ကတော့ နာနတ် သီးကို ပြည်တွင်းစားသုံးမှုအတွက်သာ စိုက်ပျိုးခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ ပြည်ပပို့ကုန်အဖြစ်နဲ့ပါ စိုက်ပျိုးလာကြခြင်းဖြစ်ပါတယ်။

    ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့အတွင်း စီးပွားဖြစ်စိုက်ပျိုးကြတဲ့နေရာတွေအပါအဝင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နာနတ်သီးစိုက် ဧက ၃၅,၀၀၀ ခန့် စိုက်ပျိုးထားကြောင်းကို မြန်မာနိုင်ငံရှိ စိုက်ပျိုးရေးဦးစီးဌာန၏စာရင်းတွေမှာ ဖော်ပြထားပါတယ်။ ဈေးကွက်အပေါ်မူတည်ပြီး ရာသီအလိုက်တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသည့် စိုက်ခင်းများလည်းရှိကြပါတယ်။

    မြန်မာနိုင်ငံ၏ နာနတ်သီးအဓိကစိုက်ပျိုးသည့်ဒေသများတွင် ပုံမှန်အားဖြင့် ဇွန်လမှ စက်တင် ဘာလအတွင်း နာနတ်သီးများကို ခူးဆွတ်လေ့ရှိပါတယ်။ ယခင်က မြန်မာနိုင်ငံမှ နာနတ်သီးအများစုကို တရားဝင်နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုအစီအစဉ်ဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ခဲ့တာကြောင့်လည်း နာနတ်သီးစိုက်တောင်သူတွေအတွက် အခွင့်အလမ်းကောင်းတွေ ကြုံခဲ့ရပါတယ်။

    သို့သော်လည်း တရုတ်နိုင်ငံက ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် အဆိုပါလမ်းကြောင်းကို တရားဝင်ရပ်ဆိုင်းခဲ့ရာ မြန်မာ့နာနတ်သီးလုပ်ငန်းများအတွက် သိသိသာသာဆုံးရှုံးမှုတွေကြုံခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီး မြန်မာ့ပို့ကုန်လုပ်ငန်းရှင်များဟာ ထိုင်း၊ စင်္ကာပူနှင့် အခြားနိုင်ငံများသို့ အစားထိုးဈေးကွက်များ ရှာဖွေတင်ပို့ခဲ့သော်လည်း တင်ပို့မှုပမာဏမှာ နည်းပါးနေဆဲဖြစ်ပါတယ်။

    တရုတ်နိုင်ငံကို နာနတ်သီးတင်ပို့မှု ရပ်ဆိုင်းခဲ့ရတာ ၅ နှစ်ကျော်အကြာမှာတော့ နာနတ်စိုက်တောင်သူတွေအတွက် အခွင့်အလမ်းသစ်ထပ်မံပေါ်ထွက်လာပါတယ်။ အဲဒါကတော့ ယခင်က ပုံမှန်ဈေးကွက်တင်ပို့မှုရှိခဲ့တဲ့ တရုတ်နိုင်ငံက မြန်မာ့နာနတ်သီးတွေကို ပြန်လည်တင်သွင်းခွင့်ပြုလိုက်ခြင်းပင်ဖြစ်ပါတယ်။

    မြန်မာနိုင်ငံမှ လတ်ဆတ်သောနာနတ်သီးများကို တရုတ်နိုင်ငံသို့တင်သွင်းခွင့်ပြုမယ်လို့ တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Customs of China-GACC)က ၂၀၂၄ ခုနှစ် ၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ၎င်း၏ဝက်ဘ်ဆိုက်မှတစ်ဆင့်ကြေညာခဲ့ပါတယ်။

    နှစ်ပေါင်းများစွာ ညှိနှိုင်းဆွေးနွေးပြီးနောက် ယခုအခါတွင် မြန်မာနိုင်ငံမှ နာနတ်သီးများကို ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် တရုတ်နိုင်ငံသို့တင်ပို့ရန် နောက်ဆုံးတွင် ခွင့်ပြုချက်ရရှိခဲ့ပြီဖြစ်ပါတယ်။

    တရုတ်နိုင်ငံ ၊ GACC ၏ ကြေညာချက်အရ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ တရုတ်နိုင်ငံသို့ တင်ပို့လိုသော နာနတ်သီးစိုက်ခင်းများနှင့် ထုပ်ပိုးသည့်စက်ရုံများကို မှတ်ပုံတင်ရန်လိုအပ်ပြီး အဆိုပါစိုက်ခင်းများနှင့် လုပ်ငန်းများကို GACC မှ အတည်ပြုသွားမည်ဖြစ်ကာ ၎င်း၏ဝက်ဘ်ဆိုဒ်တွင်လည်း အတည်ပြုထားသောစာရင်းကို ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

    ဒါကြောင့် ဈေးကွက်အခိုင်အမာရှိနေတဲ့ တရုတ်ဈေးကွက်သို့ ပြန်လည်တင်ပို့ခွင့်ရရှိခြင်းက ပြည်တွင်းက နာနတ်စိုက်တောင်သူတွေအတွက် အခွင့်လမ်းကောင်းဖြစ်သလို ရေရှည်အတွက် သတိပြုဆင်ခြင်ရမယ့် အကြောင်းအချက်တွေလည်း ရှိနေပါသေးတယ်။

    ပြည်တွင်းက စိုက်ပျိုးသူများအနေဖြင့် ပြည့်စုံသောအရည်အသွေးစီမံခန့်ခွဲမှုနှင့် ခြေရာခံနိုင်မှုစနစ်များထူထောင်ရန်နှင့် ကောင်းမွန်သော စိုက်ပျိုးရေးအလေ့အကျင့်များနှင့် ပိုးမွှားစီမံခန့်ခွဲမှုနည်းစနစ်များကို အကောင်အထည်ဖော်ရန် လိုအပ်ပါတယ်။

    အသီးများနှင့် အရွက်များတွင် အင်းဆက်ပိုးမွှားများ၊ ခရုများ၊ မြက်မျိုးစေ့များ၊ အပင်အကြွင်းအကျန်များနှင့် မြေကြီးကဲ့သို့ အမှိုက်များကင်းစင်စေရန်အတွက် ထုပ်ပိုးမှုလုပ်ငန်းစဉ်အတွင်း လက်ဖြင့်စီခြင်း၊ စစ်ဆေးခြင်း၊ ရေဖြင့်ပွတ်တိုက်ဆေးကြောခြင်း သို့မဟုတ် ဖိအားမြင့်ရေပိုက်ဖြင့် ဆေးကြောသန့်စင်ခြင်းကဲ့သို့သော လုပ်ငန်းစဉ်များကို အဆင့်ဆင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရပါတယ်။

    ထို့အတူ နာနတ်သီးနှင့်ပတ်သက်၍ တရုတ်နိုင်ငံက စိုးရိမ်ရကြောင်း သတ်မှတ်ထားသည့် ပိုးမွှား(၅) မျိုး မှာ the spiraling whitefly (Aleurodicus dispersus)၊ gray pineapple mealybug (Dysmicoccus neobrevipes)၊ passionvine mealybug (Planococcus minor)၊ Jack Beardsley mealybug (Pseudococcus jackbeardsleyi) နှင့် the fungal plant pathogen Fusarium sacchari တို့ ဖြစ်ကြောင်း သိရပါတယ်။

    နာနတ်သီးကို တရုတ်သို့တင်ပို့တဲ့ ကုန်သွယ်မှုစတင်ပြီးနောက် ပထမ(၂)နှစ်အတွင်း မြန်မာနိုင်ငံမှ သက်ဆိုင်ရာအာဏာပိုင်များဟာ ကုန်ပစ္စည်းတင်ပို့မှုတစ်ခုစီအတွက် (၂)ရာခိုင်နှုန်းထက်မ နည်းသော နမူနာများကို စစ်ဆေးရန်လိုအပ်တယ်လို့ လည်း သိရပါတယ်။ ထိုနှစ်နှစ်အတွင်း ပိုးမွှားဆိုင်ရာပြဿနာများ မပေါ်ပေါက်ပါက နမူနာနှုန်းကို (၁)ရာ ခိုင်နှုန်းသို့ လျှော့ချနိုင်မည်ဖြစ်ကြောင်းလည်း သိရပါတယ်။

    အဲဒီအချက်တွေကို အောင်မြင်စွာဖြတ်ကျော်နိုင်မှသာ ဈေးကွက်အခိုင်အမာရှိထားတဲ့ တရုတ်ဈေးကွက်ထဲကို မြန်မာ့နာနတ်သီးတွေ ရေရှည်ဆက်လက်တင်ပို့နိုင်ဖို့ အခွင့်အရေးတွေ ဆက်လက်ရရှိနေမှာ ဖြစ်ပါတယ်။

    တရုတ်နိုင်ငံအနေနဲ့လည်း သူ့ပြည်တွင်းမှာ နာနတ်စိုက်ပျိုးထုတ်လုပ်မှုတွေရှိသလို စားသုံးသူလိုအပ်ချက်အရ အခြားသောပြည်ပနိုင်ငံတွေကလည်း တင်သွင်းလျက်ရှိနေပါတယ်။

    တရုတ်နိုင်ငံသို့ နာနတ်သီးအများဆုံး တင်ပို့သည့်နိုင်ငံတွေထဲမှာ ဖိလစ်ပိုင်နိုင်ငံက အများဆုံးဖြစ်ပြီး စုစုပေါင်းတင်ပို့မှု၏ ၄၃ ရာခိုင်နှုန်းရှိပါတယ်။ အလားတူ ဂျပန်နိုင်ငံမှာ ၃၀ ရာခိုင်နှုန်းနှင့် ကိုရီးယားနိုင်ငံက ၁၄ ရာခိုင်နှုန်း တင်ပို့လျက်ရှိကြောင်း သိရပါတယ်။

    ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်မှစတင်ကာ သတ်မှတ်ချက်နှင့်ကိုက်ညီသည့် မြန်မာနိုင်ငံမှ နာနတ်သီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက နိုဝင်ဘာလ ၁၅ ရက် ရက်စွဲနဲ့ သံရုံးရဲ့ လူမှုကွန်ရက်ကတဆင့် အသိပေးကြေညာခဲ့ပါသေးတယ်။

    မြန်မာ့နာနတ်သီးများသည် အခြားနိုင်ငံများမှ နာနတ်သီးများနှင့်မတူဘဲ တစ်မူထူးခြားသော သစ်သီးမွှေးရနံ့ရှိပြီး အသီးအရသာမှာလည်း ချိုချဉ်လတ်ဆတ်ကာ အရည်ရွှမ်းသောကြောင့် တရုတ်နိုင်ငံအတွင်းရှိ စားသုံးသူများကို အလွယ်တကူဆွဲဆောင်နိုင်ခဲ့ကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

    အခုဆိုရင် မြန်မာ့နာနတ်သီးများကို တရုတ်နိုင်ငံအတွင်းသို့ တရားဝင်တင်သွင်းခွင့်ရမည်ဖြစ်ရာ ပြည်တွင်းသစ်သီးဝလံဈေးကွက်ထဲမှာ အပြောင်းအလဲများဖြစ်ပေါ်လာနိုင်ကြောင်း ခန့်မှန်းမှုတွေရှိနေကြပါတယ်။

    ဒါကြောင့် ပြည်တွင်းက နာနတ်စိုက်တောင်သူတွေအနေနဲ့ ပြည်ပဈေးကွက်ကိုတင်ပို့ခြင်းအား ဖြင့် ဝင်ငွေပိုမိုရရှိနိုင်မှာဖြစ်သလို ပြည်ပဈေးကွက်ကိုပုံမှန်တင်ပို့နိုင်ရန်အတွက်လည်းသက်ဆိုင် ရာနိုင်ငံတွေက သတ်မှတ်ထားတဲ့ စံနှုန်းတွေကို ပြည့်မီအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

    ခန့်မောင်

    Opinion Leaders Media မှကူးယူဖော်ပြပါသည်။

    ----------------------------------

    မိုးလေဝသခန့်မှန်းချက်များ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes
0
comments
0
views
1369