အရည်အသွေးမြင့် Non-GMO ပြောင်းများ ဝယ်ယူလိုကြောင်း တရုတ်ကုမ္ပဏီ ကမ်းလှမ်း
မြန်မာနိုင်ငံကနေ စိုက်ပျိုးထွက်ရှိတဲ့ မျိုးရိုးဗီဇ ပြောင်းလဲထားခြင်းမရှိသော ပြောင်းအမျိုးအစား (Non-GMO Corn) တွေ ဝယ်ယူလိုကြောင်း တရုတ်ကုမ္ပဏီတစ်ခုကနေ ကမ်းလှမ်းလာတယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးကနေ သိရပါတယ်။
တရုတ်နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Eastwind International Trade Co., Ltd က ဝယ်ယူလိုတဲ့ အရည်အသွေးမြင့် Non-GMO ပြောင်းအမျိုးအစားတွေကို တင်ပို့လိုတဲ့ ကုမ္ပဏီတွေရှိပါက မြန်မာနိုင်ငံ ကုန်သည်/စက်မှုအသင်းချုပ် (UMFCCI) နဲ့ လိုအပ်သလို ချိတ်ဆက်ဆောင်ရွက်နိုင်တယ်လို့ အသိပေးထားပါတယ်။
စိုက်ပျိုးရေးဦးစီးဌာနမှ ပြုစုထားတဲ့ စာရင်းတွေအပြင် လက်ရှိ ပြောင်းအထွက်နှုန်းနဲ့ မျိုးစေ့ရောင်ချရမှုအခြေအနေပေါ် လေ့လာတွက်ချက်မှုတွေအရ မြန်မာတစ်နိုင်လုံးမှာ စုစုပေါင်းပြောင်းစိုက်ဧက ၂ သန်းကျော် ရှိပါတယ်။
ပြောင်းထုတ်လုပ်မှုအနေနဲ့ မက်ထရစ်တန်ချိန် ၃.၂ သန်းခန့် ထွက်ရှိပြီး တန်ချိန် ၂.၂ သန်းကို ပြည်ပကို တင်ပို့ကာ လက်ကျန် တန်ချိန် ၁ သန်းခန့်ကို ပြည်တွင်းမှာ သုံးစွဲပါတယ်။
ပြည်ပတင်ပို့မှုကနေ တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း ၇၀၀ ဝန်းကျင်လောက် ရရှိနေပြီး အများစုကို ထိုင်းနိုင်ငံကို တင်ပို့ရောင်းချကာ တရုတ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတွေရဲ့ ဝယ်လိုအားလည်း ရှိနေပါတယ်။
မြန်မာ့ပြောင်းဆံရဲ့ FOB ဈေးဟာ အမေရိကန်ဒေါ်လာ ၂၅၀-၂၆၀ ဝန်းကျင်ရှိပြီး မြန်မာပြည်တွင်းဈေး (ရန်ကုန်) ပြောင်းတစ်ပိဿာ ငွေကျပ် ၁၆၀၀ ပတ်ချာလည် ရှိပါတယ်။
BETV Business မှကူးယူဖော်ပြပါသည်။
---------------------
မိုးလေဝသခန့်မှန်းချက်များ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe