မြန်မာနိုင်ငံမှ ဆန်ဖြူတန် ၁ သိန်း ဘင်္ဂလားဒေ့ရှ် ဝယ်ယူမည်
မြန်မာနိုင်ငံကနေ ဆန်ဖြူတန်ချိန် (၁) သိန်း ဝယ်ယူတင်သွင်းမယ်လို့ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရရဲ့ ဘဏ္ဍာရေးအကြံပေး Salehuddin Ahmed ဦးဆောင်တဲ့ ပြည်သူ့ဝယ်ယူမှုဆိုင်ရာ အစိုးရအဖွဲ့ကော်မတီက အတည်ပြုလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ဆန်စပါးဈေးကြီးမြင့်မှုကို လျှော့ချဖို့ ကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ မြန်မာနဲ့ အိန္ဒိယနိုင်ငံတို့က ဆန်တင်သွင်းဖို့ စီစဉ်ထားတာပါ။
အဆိုပါ အစီအစဉ်အရ မြန်မာနိုင်ငံကနေ ဆန်ဖြူတန်ချိန် ၁ သိန်းကို တစ်တန်ဈေး အမေရိကန်ဒေါ်လာ ၅၁၅ နဲ့ တင်သွင်းသွားဖို့ ရှိပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ အိန္ဒိယက ဘာစမာတီဆန်ကိုလည်း တစ်တန်ကို အမေရိကန်ဒေါ်လာ ၄၆၇.၇ ဈေးပေးပြီး တန်ချိန် ၅ သောင်း ဝယ်ယူမယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ မြန်မာနဲ့ ဗီယက်နမ်တို့အကြား ဆန်တင်သွင်းမှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးထားပြီး သဘောတူညီချက်တွေက ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိတယ်လို့ စားနပ်ရိက္ခာဝန်ကြီးဌာနမှ တာဝန်ရှိသူတွေက ဆိုပါတယ်။
မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရတို့ကြား ဆန်ရောင်းဝယ်မှုဆိုင်ရာ သဘောတူညီမှုဆိုင်ရာ MOU အရ မြန်မာက ဘင်္ဂလားဒေ့နိုင်ငံကို လက်ရှိမှာ ၃ ကြိမ်ထိ ဆန်တင်ပို့ရောင်းချထားပြီးဖြစ်ပါတယ်။
ပထမတစ်ကြိမ်မှာ ဆန်တန်ချိန် ၁ သိန်း၊ ဒုတိယအကြိမ်မှာ ဆန်တန်ချိန် ၂ သိန်းနဲ့ တတိယအကြိမ်မှာ ဆန်တန်ချိန် ၂ သိန်း အသီးသီး ရောင်းချထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က လက်ရှိဘဏ္ဍာနှစ်မှာ ပြည်ပကနေ ဆန်တန်ချိန် ၅ သိန်း တင်သွင်းသွားဖို့ အစီအစဉ်ရှိပြီး အပြိုင်အဆိုင်ဈေးပေးကာ လျင်လျင်မြန်မြန်နဲ့ အရည်အသွေးပြည့်မီစွာ ရောင်းချနိုင်သူတွေဆီကနေ ဝယ်ယူမယ်လို့ ပြောကြားထားပါတယ်။
သတင်း - BETV Business