ပိုးသတ်ဆေး ကြိုဖျန်းချင်သူများဖတ်ရန်
ဘာဆေးမှ ကြိုမဖျန်းပါနဲ့လို့ပဲ ပြောချင်ပါတယ်။ ဆေးညွှန်းသူအချို့ဟာ ဒီလိုမျိုးညွှန်းနေကြတယ်လို့လည်း သိရသလို တောင်သူအချို့ကလည်း ဒီနည်းနဲ့ဆေးဖျန်းတာဟာ ပိုးမကျအောင် ကာကွယ်ဖို့ထိရောက်တယ်လို့ ထင်မြင်နေကြပါတယ်။
အင်းဆက်တွေရဲ့သဘောသဘာဝကို လေ့လာသင်ယူရတဲ့အခါမှာ behavior ecology ဆိုတဲ့ ဘာသာရပ်တစ်ခုကိုလည်း လေ့လာရပါတယ်။ အင်းဆက်ရဲ့ အလေ့အထနဲ့ သဘာဝပတ်ဝန်းကျင် ဆက်စပ်မှုကိုလေ့လာခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ ဒီခေါင်းစဉ်အောက်မှာပဲ ခေါင်းစဉ်ခွဲလေးတွေအနေနဲ့ အင်းဆက်တွေရဲ့အစာရွေးချယ်မှု၊ အစားအစာပေါ်မှာချဉ်းကပ်မှု၊ mating partner (အထီး၊ အမခြင်း မိတ်လိုက်ဖို့) ရွေးချယ်ချဉ်းကပ်မှု၊ မျိုးပွါးခြင်းဆိုင်ရာအလေ့အထ၊ ပျံသန်းမှု၊ ရွေ့လျားမှု စတဲ့စတဲ့ အပိုင်းတွေ သီးခြားခွဲခြားလေ့လာရပါတယ်။ မျိုးပွါးခြင်းဆိုင်ရာ အလေ့အထမှာ site selection for oviposition လို့ခေါ်တဲ့ ဥအုရန် နေရာရွေးချယ်မှုဆိုတဲ့အပိုင်းလည်း ပါပါတယ်။
အင်းဆက်တွေဟာ အုပ်စု/အမျိုးအစားအလိုက် ဥအုရန် နေရာရွေးချယ်မှုပုံစံ မတူပါဘူး။ ဒါ့အပြင် အင်းဆက်အမျိုးအစားများစွာရဲ့ ဥနဲ့ မျက်နှာပြင်ပေါ်ကို အုချလိုက်တဲ့ပုံစံဟာ sessile လို့ခေါ်တဲ့ တွယ်ကပ်ခြင်း (မြင်သာအောင်ပြောရရင် ရိုးတံ၊ အညှာမပါသော) ပုံစံနဲ့အုချပါတယ်။ ဒီထက်ပိုပြီး ရှင်းအောင်ပြောရရင် သူတို့ရဲ့ဉတွေကို အပင်/အရွက် မျက်နှာပြင်မှာ ထိုးဖောက် ချိတ်တွယ်နေခြင်းရှိတဲ့ပုံစံနဲ့ အုတာ မဟုတ်ပါဘူး။
အချို့က ရေးလေ့၊ ထင်လေ့ရှိပါတယ်။ အင်းဆက် အမ တစ်ကောင်က သူရဲ့ ဉအုချိန်မှာ ခန္ဓာကိုယ်အနောက်ပိုင်းမှာရှိတဲ့ ဉအုတံကို အရွက်တစ်ရှုးထဲ ထိုးသွင်းပြီး အုချသည် လို့ ရေးကြတာပါ။ ဒါဟာ အများစုသော အင်းဆက်တွေ (သီးနှံပင်ကို ဖျက်ဆီးသော အင်းဆက်တွေ)အတွက်ပြောရင် မမှန်ပါဘူး။
ဉအုတံ (ovipositor) သည် အင်းဆက်ရဲ့ အမမျိုးပွါးင်္အဂါထဲကဉကို အပြင်ဘက်သို့ စွန့်ထုတ်ရာ လမ်းကြောင်း တစ်ခုသာဖြစ်ပါတယ်။ ဒါ့အပြင် ဉအုတံကို အချို့အင်းဆက်မျိုးစိတ်များဟာ အရွက်တစ်ရှုးထဲသို့ ထိုးသွင်းပြီး အုတာရှိသော်လည်း ဉအုတံသည် ဉများကို စွန့်ထုတ်ချထားပြီးတဲ့အခါ အင်းဆက်အမရဲ့ ခန္ဓာကိုယ်ကနေ ပြုတ်ထွက်/ကျွတ်ထွက်သွားလေ့ရှိတဲ့အတွက် ပိုးသတ်ဆေးအဆိပ်ရှိတဲ့ အပင်မျက်နှာပြင်မှာ ဉကို အုချစေဦးတော့ ထိုဆေးအဆိပ်ကြောင့် အင်းဆက်ကို မထိခိုက်စေနိုင်ပါဘူး။
သီးနှံပင်ကို ထိခိုက်မှုများစေတဲ့ အင်းဆက် (လိပ်ပြာဖလံ၊ ဂျပိုး၊ ကျိုင်း) အုပ်စုတွေဟာ sessile ဉ တွေကို အပင်၊အရွက်မျက်နှာပြင်ပေါ်မှာ ကပ်တွယ်နေအောင် သူတို့ရဲ့ ခန္ဓာကိုယ်ကထုတ်တဲ့ အဆီ၊ ဖယောင်း၊ ချည်မျှင်၊ honeydew စတာတွေနဲ့ ကပ်ထားတဲ့အလေ့အထ ရှိပါတယ်။ အချို့အင်းဆက်(ဉပမာ - ငမြောင်တောင်၊ စပါးဆစ်ပိုး) တွေဟာ ဉအုချပြီးတဲ့အခါ သူတို့ရဲ့ ဉတွေကို သားရဲအင်းဆက်တွေရဲ့ ရန်က ကာကွယ်ဖို့၊ သဘာဝပတ်ဝန်းကျင်ဒဏ်ကိုခံနိုင်ဖို့အတွက် ချည်မျှင်တွေနဲ့ ပြန်လည်ဖုံးအုပ်ထားတဲ့ အလေ့အထလည်း ရှိပါတယ်။
ဒါဆိုရင် အင်းဆက်တွေဟာ ဘယ်လိုအခြေအနေမျိုးအပေါ် မူတည်ပြီး သူတို့ရဲ့သားဆက်တွေ ရှင်သန်ဖို့ ဉအုရန်နေရာကို ရွေးချယ်လေ့ရှိပါသလဲ ……
၁။ visial cues လို့ခေါ်တဲ့ မျက်မြင်အခြေအနေ လုံခြုံမှုရှိတဲ့နေရာကို ရွေးချယ် ဉအုခြင်း (ဉပမာ - သစ်ပင်အခေါင်းပေါက်၊ အခေါက်၊ မြေကြီးကျင်း၊ စွတ်စိုမှု စသည်) ကျိုင်းအုပ်စုအချို့ရဲ့ အလေ့အထမှာ တွေ့ရပါတယ်။
၂။ Olfactory cues လို့ခေါ်တဲ့ သူတို့စားသောက်ဖျက်ဆီးမှုကို ပြုလုပ်နိုင်မယ့် အပင်အမျိုးအစားကနေ ထုတ်တဲ့ အနံ့၊ သူတို့စားသောက်တတ်တဲ့ အစာကနေ ထုတ်တဲ့အနံ့။ ဒါတွေအပေါ် မူတည်ပြီး ဉအုရန်နေရာကို ရွေးချယ်ပါတယ်။ (ဉပမာ - ယင် အုပ်စု အင်းဆက်တွေရဲ့ အလေ့အထမှာတွေ့ရမှုများပါတယ်။)
၃။ ပတ်ဝန်းကျင် ရာသီဉတုအခြေအနေ
ဒီအချက်ကလည်း အရေးကြီးတဲ့အချက်ပါ။ အင်းဆက်တွေဟာ သူတို့ရဲ့သားဆက်တွေ ကောင်းစွာရှင်သန်ခွင့်ရဖို့အတွက် ဉအုရန်နေရာ၊ အချိန်အခါကို စနစ်တကျရွေးချယ်လေ့ရှိပါတယ်။ ပူလွန်း၊ အေးလွန်း၊ စွတ်စိုလွန်းတဲ့ပတ်ဝန်းကျင်မျိုးကို ရွေးချယ်လေ့မရှိပါဘူး။ ချွင်းချက်အနေနဲ့ ရေရှိတဲ့၊ ရေနဲ့ နီးစပ်တဲ့နေရာမှာ ဉအုလေ့ရှိတာကတော့ ခြင်၊ ပုစဉ်းနဲ့ ရေနေအင်းဆက်တွေ ရှိပါတယ်။
၄။ အစာရေစာပေါများမှုနဲ့ အပင်ရဲ့အာဟာရ
အင်းဆက်တွေဟာ သူတို့ရဲ့ ဉကနေ အကောင်ပေါက်လာမယ့် သားလောင်း အကောင်ငယ်လေးတွေ ဉကနေထွက်လာလာခြင်း အစာနဲ့အာဟာရကို ချက်ခြင်းစားသုံးလို့ရနိုင်မယ့်နေရာကို ရွေးချယ်ပြီး အုလေ့ရှိပါတယ်။ ဒါကြောင့် သီးနှံဖျက်ပိုးအများစုဟာ သီးနှံပင်ရဲ့ အညွန့်အဖူး အနုပိုင်းတွေမှာ ဉအုလေ့ရှိသလို သားလောင်းအတွက် ပရိုတင်းကို အလွယ်ပြည့်စုံစေမယ် နိုက်ထရိုဂျင်များစွာထည့်သွင်းထားသော အရွက်သားပါးပါး၊ နူးညံ့တဲ့အပင်အစိတ်အပိုင်းတွေမှာ အုချလေ့ရှိတာပါ။
၅။ သားရဲအင်းဆက် အန္တရာယ်ရှောင်ရှားမှု
ဓာတုဆေးတွေ သုံးစွဲမှုများစွာမရှိတဲ့နေရာမှာ မိတ်ဆွေပိုးများ ကောင်းစွာရှင်သန်နေသလို ဖျက်ပိုး၊ မိတ်ဆွေပိုး သဘာဝမျှခြေအနေအထားလည်းရှိသလို၊ ဖျက်ပိုးတွေဟာ သူတို့ရဲ့ ဉတွေကို စားသောက်ဖျက်ဆီးနိုင်သူရှိမယ့်နေရာကို ဉအုရန် ရွေးချယ်လေ့မရှိပါဘူး။
၆။ အရေးအကြီးဆုံးလို့ ပြောရမယ်ြအချက်ပါ။ ဒါကတော့ plant characters ဆိုတဲ့အချက်ပါ။
ဖျက်ပိုးဒဏ်ကို ခံနိုင်ရည်ရှိသော သီးနှံအမျိုးအစားကို မျိုးစပ်ထုတ်လုပ်တဲ့ breeder ပညာရှင်တွေ အာရုံစိုက်တဲ့အချက်မှာ အပင်ရဲ့ သွင်ပြင်လက္ခဏာတစ်ခုဖြစ်တဲ့ hairs, trichomes စတဲ့ အရွက်မှာ၊ သီးတောင့်မှာ၊ ပင်စည်မှာ အမွှေးတို/ဆူးကဲ့သို့ အမျှင်တိုလေးတွေပါတဲ့ (အထူ၊ အပါး) မျိုးတွေကို ထုတ်လုပ်ခြင်းဖြင့် ဖျက်ပိုးဒဏ်ကို ခံနိုင်ရည်ရှိစေခြင်းဆိုတဲ့အချက်လည်း ပါပါတယ်။
အထက်မှာ ရေးခဲ့တဲ့အတိုင်း ဖျက်ပိုးဉ အများစုက sessile ပါ။ ကုတ်တွယ်ထိုးဖောက်စရာမပါသော၊ မိခင်အင်းဆက်ရဲ့ ခန္ဓာကိုယ်ကထုတ်သော စေးကပ်စေသောအရာနဲ့ မျက်နှာပြင်ပေါ်မှာ ကပ်တွယ်ထားသော ဆိုတဲ့အချက်ပါ။
အရွက်မှာ အမွှေးထူထူ၊ ဆူးပါးပါး ပါတဲ့ အပင်မျိုးကို ဉအုဖို့ရွေးချယ်လေ့မရှိပါဘူး။ သီးနှံပင်ရဲ့ မျိုးလက္ခဏာက အရေးကြီးပါတယ်။
နောက်တချက်ကတော့ သီးနှံမျိုးစပ်တဲ့ပညာရှင်တွေက ဖျက်ပိုး ဉအုဖို့ မနှစ်သက်စေသော ဓာတုဓာတ်ပေါင်း၊ အနံ့ ထုတ်ပေးနိုင်တဲ့ အပင်မျိုးတွေကို မျိုးစပ်ထုတ်လုပ်ပေးခြင်းဖြစ်ပါတယ်။ စပ်မျိုးအပြင် အချို့ ဒေသမျိုးတွေမှာလည်း ဒီလိုဓာတုဓာတ်ပေါင်း၊ အနံ့ထုတ်ပေးတာမျိုးရှိနိုင်တာကြောင့် ဘယ်မျိုးကတော့ ပိုးမကြိုက်ဘူး၊ ဘယ်မျိုးကတော့ ပိုးကြိုက်တယ် စသဖြင့် သီးနှံတူတာတောင် မျိုးအလိုက် ပိုးကျရောက်မှုကွာခြားတာကိုလည်း တွေ့ရတတ်ပါတယ်။
နောက်တချက်ကတော့ ဗီဇပြုပြင်သီးနှံလို့ခေါ်တဲ့ Bt သီးနှံတွေထုတ်လုပ်ခြင်းပါ။ Bt သီးနှံတွေနဲ့ပက်သက်လို့ ကျနော်သေချာရေးခဲ့ဖူးတာကြောင့် ဒီအပိုင်းမှာ အကျယ်မရေးတော့ပါဘူး။
ဒါကြောင့် ပိုးမလာအောင်၊ ပိုးမအုအောင် ပင်လုံးပြန့်ဆေးဖျန်းပြီး ကြိုကာထားပါဆိုတဲ့အချက်က အသုံးဝင်/ မဝင် ကိုယ်တိုင်သုံးသပ်ပါ။
နောက်တချက်က ဆေး (ပင်လုံးပြန့်ဖြစ်စေ၊ ထိသေဖြစ်စေ) ပိုးမကျခင် ကြိုဖျန်းထားတဲ့အခါ ဆေးအာနိသင်သည် အပင်တစ်ရှူးထဲမှာ ပိုး ရောက်မလာမခြင်း အာနိသင်အပြည့်နဲ့ စောင့်နေမှာမဟုတ်ပါဘူး။ သဘာဝပတ်ဝန်းကျင်ကို ရောက်သွားတဲ့ဆေးဟာ စက္ကန့်နဲ့အမျှ ဓာတ်ပြိုကွဲ လျော့ပါးနေမှာဖြစ်ပါတယ်။ ပိုးလာတဲ့အခါ အဲဒီပိုးကို သေစေဖို့လုံလောက်တဲ့ အာနိသင်မရှိတော့ပဲ အနည်းငယ်သော မထိရောက်တဲ့ဆေးအာနိသင်ကို ပိုးက ထိတွေ့စုပ်ယူစားသောက်မိတဲ့အခါ သဘာဝ defense ရဲ့ခုခံမှုကြောင့် ပိုးက ဆေးကို အလွယ်တကူယဉ်ပါးသွားဖို့ အခြေအနေပေးနိုင်ပါတယ်။ ဒါကိုလည်း ဆင်ခြင်သုံးသပ်မိဖို့လိုပါတယ်။
ပိုးမလာအောင် ဆေးအနံ့လေးပေးပြီး ကာထားတယ်။ ပိုးမအုအောင် ပင်လုံးပြန့်ဆေးနဲ့ ကြိုကာထားတယ်။ အပင်သက်တမ်း ၁၅ ရက်သားရှိပြီ ပိုးမကျပေမယ့် ဘာဆေးနဲ့စပြီး ကာထားရမလဲ ဆိုတာတွေကို ကိုယ်တိုင်ပြန်ပြီး သုံးသပ်နိုင်ရန် ရည်ရွယ်ပါတယ်။
Source: Dr. DaDa
Ph. D Entomology
----
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - https://bit.ly/htwettoev2 ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။