ပေါင်မုန့်သီး___ပေါင်သီး
(Breadfruit Tree) Artocarpus altilis. (Moraceae Family.)
၈၅ ပေ အထိ မြင့်နိုင်သော စိုက်ပျိုးပင်ဖြစ်သည်။ အရှေ့တောင်အာရှနှင့် ပစိဖိတ် နိုင်ငံများတွင် ပျံ့နှံ့တည်ရှိသည်။ နယူးဇီလန်ကဲ့သို့ အလွန်အေးသည့် ဒေသများတွင် မဖြစ်ထွန်းပေ။ ၄င်း၏ ပန်းပွင့်ပုံ၊ အသီးသီးပုံတို့မှာ ပိန္နဲသီး သီးပုံနှင့်တူသည်။
ပေါင်မုန့်သီးပင်သည် ထွက်နှုန်းမြင့်မားသည့် စားသုံးသီးပင်ဖြစ်သည်။ အပင်တစ်ပင်မှ တစ်နှစ်လျှင် ကျွဲကောသီးအရွယ် အသီးများ ၂၀၀ ကျော်အထိထွက်ရှိနိုင်သည်။ ပစိဖိတ်ဒေသတွင် အလုံး ၅၀ မှ ၁၅၀၊ အိန္ဒိယ တောင်ပိုင်းတွင် ၁၅၀ မှ ၂၀၀ အထိ နှစ်စဉ်ရရှိသည်။ ရာသီဥတု၊ အပူချိန်တို့အပေါ်မူတည်၍ ထွက်နှုန်းကွာခြားနိုင်သည်။ ကာရစ်ဘီယံ(Caribbean) ဒေသတွင် တစ်ပင်လျှင် ၂၅ လုံးနှုန်းသာ ထွက်သည်။စိုက်ပျိုးသူ အများစုက အစေ့မဲ့ အသီးမျိုးများကို ရွေးချယ်စိုက်ပျိုးကြသည်။
ပေါင်မုန့်သီးပင်သည် နှစ်တစ်နှစ်၏ အချိန်ကာလတစ်ခုအတွင်း သီးနှုန်းမြင့်မားမှုကြောင့် အသီးများစုပုံကာ ၄င်းတို့ကိုမပျက်စီးစေရန် ထိန်းသိမ်းဖို့လိုလာသည်။ ရိုးရာထိန်းသိမ်းနည်းတစ်ခုမှာ- အခွံခွာ၊ ရေဆေးထားသောအသီးများကို အရွက်များသိပ်ထည့်ထားသည့် မြေကျင်းတစ်ခုအတွင်းထည့်၍ ရက်သတ္တပတ်များစွာ အချဉ်ဖောက်သိမ်းဆည်းခြင်းဖြစ်သည်။ ထိုသို့ သိုလှောင်ခြင်းဖြင့် တစ်နှစ်ထက်ပို၍ ကြာရှည်စွာ သိမ်းဆည်းထားနိုင်သည်။ တချို့သောတွင်းများကို နှစ် ၂၀ ကျော်မှဖေါ်၍ စားသုံးနိုင်သေးသည်ဟု မှတ်တမ်းမှတ်ရာများရှိသည်။ အချို့မျိုးစိတ်များမှာ တစ်နှစ်ပတ်လုံး အနည်းငယ်စီသီးကြ၍ လတ်ဆတ်သည့်အသီးများကို အမြဲရနိုင်သည်။ သို့သော် အချို့မျိုးများမှာ ရာသီချိန်မဟုတ်လျင် ရှားပါးသည်။
ပေါင်မုန့်သီးသည် အပူပိုင်းဒေသများစွာ၏ အဓိကအစားအစာဖြစ်သည်။ အသီးမှည့်ကိုချက်ပြုတ်လျင် အာလူးအနံ့အရသာရှိပြီး၊ ဖုတ်ပြီးကာစ လတ်ဆတ်သည့် ပေါင်မုန့်နှင့် ဆင်တူသည်။ ကစီဓာတ်ကြွယ်ဝသည်။ ကင်၊ ဖုတ်၊ ကျော်၊ ချက်ပြုတ်၍လည်းကောင်း၊ မုန့်အမျိုးမျိုးပြုလုပ်၍လည်းကောင်း စားသုံးနိုင်သည်။ အမှည့်လွန်အသီးများမှာ ကစီမှ ထုတ်ယူသည့် သကြားကဲ့သို့ ချိုသည်။
ပေါင်မုန့်သီးပင်၏ အစိတ်အပိုင်းအားလုံးမှ အဖြူရောင်အစေးများထွက်ရှိသည်။ ထိုအစေးများကို လှေစပ်၊ လှေဖာသည့် ပွေးညှက်အဖြစ်သုံးနိုင်သည်။ ငှက်မွေးကုတ်အင်္ကျီထုတ်လုပ်ရန်အတွက် ငှက်ထောင်ရန် ကော်စေးအဖြစ်လည်းသုံးသည်။ ပေါင်မုန့်သီးပင်၏သစ်သားသည် ပေါ့ပါး၍ ခြနှင့် ပိုးမစားသောကြောင့် ကနူးလှေများ၏ ရွက်တိုင်နှင့် ကိုယ်ထည်အထိန်း လက်တံများ ပြုလုပ်ရန်သုံးသည်။ စက္ကူပြုလုပ်ရန်လည်းသုံးသည်။ ပေါင်မုန့်သီးပင်ကို တိုင်းရင်းဆေးများတွင်လည်း အသုံးပြုသည်။ ဖျားနာခြင်း၊ မျက်စေ့ရောင်ခြင်းမှသည် အာရုံကြောရောဂါများအထိ ကုသနိုင်သည်။
ပေါင်မုန့်သီးတွင်ပါဝင်သော Capric, undecanoic နှင့် Lauric acids ဒြပ်ပေါင်း ၃မျိုးသည် အင်းဆက်ရန်ကို တွန်းလှန်နိုင်သည်။ ထိုဓာတ် ၃မျိုးဖြင့် ဖွဲ့စည်းထားသော fatty acid မှာ ခြင်များကို တွန်းလှန်နိုင်သည်ဟု ၂၀၁၂ သုတေသန အစီရင်ခံစာတွင် ဖော်ပြထားပါသည်။
Credit to Original uploader.
------------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - https://bit.ly/htwettoev2 ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။