ငါးမွေးကန်များတွင် ရေနောက်ကျိခြင်းနှင့် ကန်ရေ အနီရောင်ဖြစ်ခြင်း
ငါးမွေးကန်များတွင် ရေညှိပင်များကြောင့်လည်းကောင်း၊ ရွှံ့များပျော်ဝင်မှုများခြင်းကြောင့်လည်းကောင်း ကန်ရေနောက်ကျိနိုင်ပါသည်။ မိုးရွာသွန်းမှုများခြင်းကြောင့် ကန်ဘောင်မှမြေကြီးများ ပျော်ဝင်စီးဆင်းခြင်းကြောင့် ရေနောက်ကျိခြင်း၊ ငါးဖမ်းရန်ပိုက်ဆွဲခြင်းကြောင့်လည်းကောင်း ကန်ရေနောက်ကျိနိုင်ပါသည်။ ကန်ရေ နောက်ကျိခြင်းသည် ငါးများ၏ ပါးဟက်တွင် ရွှံ့အနယ်များ ပိတ်ဆို့ခြင်းကြောင့် ငါးများအသက်ရှူခြင်းနှင့် အောက် စီဂျင်ရရှိမှု ခက်ခဲပါသည်။ ကန်ရေနောက်ကျိနေခြင်းကြောင့် နေရောင်ခြည်သည် ကန်အောက်ခြေအထိ မဖောက် ထွင်းနိုင်သောကြောင့် သဘာဝအစာ (ရေဩဇာတက်ခြင်း)ပေါက်ဖွားမှုလည်း ကျဆင်းလာပါသည်။
အဆိုပါကန်ရေနောက်ကျိပါက အောက်ပါနည်းလမ်းအတိုင်း ဆောင်ရွက်ပေးပါရန် အကြံပြုအပ်ပါသည်-
တစ်ဧကလျှင် ထုံးမှုန့် ပိဿာ (၆၀-၉၀) အထိ (သို့မဟုတ်) ကောက်ရိုးပိဿာ (၆၀-၉၀)အထိထည့်သွင်း ပေးပါ။ ကောက်ရိုးကို အသုံးပြုပါက ၂ရက် ၃ရက်ကြာလျှင် ကောက်ရိုးများကိုပြန်လည်ဆယ်ထားပေးပါ
တစ်ဧကလျှင် ကျောက်ချဉ် (၁၅) ပိဿာထည့်ပေးခြင်းဖြင့်လည်း ကန်ရေကို ကြည်လင်စေပါသည်။
အချို့သောငါးမွေးကန်များတွင် ကန်ရေအရောင်သည် သံချေးရောင် (အနီရောင်)ဖြစ်ပေါ်တတ်သည်ကိုတွေ့ ရှိရပါသည်။ အဆိုပါဖြစ်ရခြင်းမှာ ကန်ရေတွင် သံဓါတ်များခြင်းကြောင့်လည်းကောင်း၊ အနီရောင်ရေညှိ များပေါက်ဖွားခြင်းကြောင့်လည်းကောင်း ဖြစ်ရခြင်းဖြစ်ပါသည်။ ကန်ရေမျက်နှာပြင်တွင် အနီရောင်(သံချေး) ရောင်ဖြစ်ပေါ်နေပါက ကန်ရေတွင် ပျော်ဝင်အောက်စီဂျင်လျှော့နည်းရခြင်းအပြင် သဘာဝအစာ(ရေဩဇာ) ပေါက်ဖွားခြင်းလည်း ကျဆင်းလာပါမည်။
အဆိုပါအခြေအနေတွင် အောက်ပါနည်းလမ်းအတိုင်းဆောင်ရွက်ပေးပါရန်အကြံပြုတိုက်တွန်းအပ်ပါ သည်-
ကြိုးတချောင်းတွင် ငှက်ပျောရွက်များချီနှောင်၍လည်းကောင်း၊ ကောက်ရိုးဖြင့်ကျစ်ထားသောကြိုး ဖြင့်လည်းကောင်း၊ ရေမျက်နှာပြင်ပေါ်ရှိ အနီရောင်များကို ဆွဲယူရှင်းလင်းနိုင်ပါသည်။
တစ်ဧကလျှင် ယူရီယားမြေဩဇာ (၆-၉)ပိဿာနှုန်းဖြင့် ၁၀ရက်ခန့်ခြားပြီး နှစ်ကြိမ် သုံးကြိမ်ထည့် ပေးပါ။
တစ်ဧကလျှင် ပိုတက်စီယမ်ဆေး (၆)ပိဿာနှုန်းထည့်ပေးနိုင်ပါသည်။
ဦးဆန်းအောင်
ထွက်တိုး
------------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက
ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။