အိန္ဒိယမှ ပိုတိုးဝယ်သဖြင့် မြန်မာ့ပြောင်း ဈေးကောင်းဆက်ရနေ
အိန္ဒိယအပါအဝင် ဖိလစ်ပိုင်၊ ဗီယက်နမ် စတဲ့ နိုင်ငံတွေရဲ့ ဝယ်လိုအား တက်လာတာကြောင့် ပြည်တွင်းဈေးကွက်အတွင်းမှာ မြန်မာ့ပြောင်းဆံ ဈေးကောင်းဆက်ရနေကြောင်း ပြောင်းလုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။
မြန်မာ့ပြောင်းဆံရဲ့ အဓိကဝယ်လက်ဖြစ်တဲ့ ထိုင်းနိုင်ငံကို အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့ခွင့် ပြီးဆုံးသွားပေမယ့် ပြောင်းဈေး တက်ရိပ်ပြနေဆဲဖြစ်ပြီး ဈေးဆက်တက်နိုင်ချေ ရှိတယ်လို့ ဆိုကြပါတယ်။
“လက်ရှိက ထိုင်းနိုင်ငံကို တင်ပို့တဲ့ ကာလတော့ မဟုတ်သေးဘူး။ ဒါပေမယ့် အိန္ဒိယ၊ ဖိလစ်ပိုင်နဲ့ အခြားနိုင်ငံတွေက အမှာများနေတော့ အရောင်းအဝယ်ကောင်းနေပါတယ်”လို့ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း(MCIA)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ပြည်တွင်းပြောင်းဆံဈေးကို ကြည့်ရင် အောက်တိုဘာလမှာ ပြောင်းဆံတစ်ပိဿာ ၁,၃၅၀ ကျပ်မှ နိုဝင်ဘာလမှ ၁,၅၅၀ ကျပ်ဝန်းကျင်အထိ မြင့်တက်ခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်နေ့မှာဆိုရင် တစ်ပိဿာ ၁,၆၇၀ ကျပ်အထိ ပေါက်ဈေးရှိနေပါတယ်။
MCIA ရဲ့ စာရင်းတွေအရ ယခုဘဏ္ဍာနှစ် ၈ လအတွင်းမှာ ပြည်ပကို မြန်မာ့ပြောင်းဆံ တန်ချိန် ၁.၇ သန်းဝန်းကျင် တင်ပို့ထားကြောင်း သိရပါတယ်။
စိုက်ပျိုးရေးဦးစီးဌာနမှ ပြုစုထားတဲ့ စာရင်းတွေအပြင် လက်ရှိ ပြောင်းအထွက်နှုန်းနဲ့ မျိုးစေ့ရောင်ချရမှုအခြေအနေပေါ် လေ့လာတွက်ချက်မှုတွေအရ မြန်မာတစ်နိုင်လုံးမှာ စုစုပေါင်းပြောင်းစိုက်ဧက ၂ သန်းကျော် ရှိပါတယ်။
ပြောင်းထုတ်လုပ်မှုအနေနဲ့ မက်ထရစ်တန်ချိန် ၃.၂ သန်းခန့် ထွက်ရှိပြီး တန်ချိန် ၂.၂ သန်းကို ပြည်ပကို တင်ပို့ကာ လက်ကျန် တန်ချိန် ၁ သန်းခန့်ကို ပြည်တွင်းမှာ သုံးစွဲပါတယ်။
မြန်မာ့ပြောင်းဆံရဲ့ FOB ဈေးဟာ အမေရိကန်ဒေါ်လာ ၂၅၅-၂၆၅ ဝန်းကျင်ရှိပြီး ပြည်ပတင်ပို့မှုကနေ တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း ၇၀၀ ဝန်းကျင်လောက် ရရှိနေပါတယ်။
သတင်း - BETV Business မှ ကူးယူဖော်ပြပါသည်။
------------------------
သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe