ပြည်တွင်း သကြားစျေး အမြင့်စျေးတွင်ရှိ💹💹
ပြီးခဲ့သည့် နှစ်က စျေးကောင်းမရှိခဲ့သည့်အတွက် လျော့ချစိုက်ပျိုးခဲ့၍ အထွက်နှုန်း လျော့ကျခဲ့ ပြီး လက်ရှိတွင် သကြားလက်ကျန်နည်းနေကာ ဗီယမ်နမ်က သကြားစျေး ပိုပေးနေခြင်းကြောင့် သကြားစျေးကောင်းနေခြင်း ဖြစ်ကြောင်း သကြားလုပ်ငန်းရှင် အသိုင်းဝိုင်းက သုံးသပ်ထားသည်။
ပြီးခဲ့သည့် ကြံကြိတ် ရာသီအစ ဧပြီလက သကြား တစ်ပိဿာလျှင် ၃၂၀၀ မှ ၃၃၀၀ ဝန်ကျင်သာ ရှိခဲ့ပြီး ယခုနှစ် အောက်တိုဘာလ နောက်ဆုံးပတ်ကတည်းက တစ်ပိဿာလျှင် ၄၆၅၀ ကျပ်သို့လည်းကောင်း၊ နိုဝင်ဘာလအစ က တစ်ပိဿာလျှင် ၄၇၅၀ ကျပ် သို့လည်းကောင်း တဖြည်းဖြည်း မြင့်တက်ခဲ့ရာ လက်ရှိတွင် သကြား တစ်ပိဿာလျှင် ၄၈၀၀မှ ၅၁၀၀ ကျပ်ဝန်းကျင်ထိ စျေးကောင်း ရရှိနေကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။
“ကြံကြိတ်ခွဲရာသီက နှစ်စဉ်ဒီဇင် ဘာလကနေ ဧပြီလ ဆန်းပိုင်းအထိ ဆိုတော့ ကြံတွေ စကြိတ်နေပြီ၊ အခုမှ စကြိတ် ခါစရယ်၊ လက်ကျန်ကုန်နည်းတာရယ်ဆိုတော့ ဒီလိုချိန် တွေမှာ စျေးက ကောင်းနေတာ။ သကြားကတော့ ဒီနှစ်က စျေးကောင်း ရတဲ့နှစ်ပါ။” ဟု ရှမ်းတောင် ရွှေညောင် မှ သကြား လုပ်ငန်းရှင်တစ်ဦးကပြောသည်။
ဗီယမ်နမ် အနေဖြင့် ပြည်တွင်း ထွက်သကြားကို တရုတ်နိုင်ငံ သို့ တင်ပို့ ပြီး မြန်မာပြည်မှ သကြားကို တင်သွင်းကာ သုံးစွဲနေခြင်းကြောင့် မြန်မာ သကြားကိုစျေးကောင်းပေးလေ့ရှိကြောင်း သကြားလုပ်ငန်းရှင်များ ရှင်းပြထားသည်။
ပြည်တွင်းသကြားဈေးမှာ ပြီးခဲ့သည့် နှစ်များဖြင့် ယှဉ်ပါကလည်း အတက်စျေးတွင်ရှိနေပြီး ပြီးခဲ့နှစ်များက သကြား စျေး အမြင့်ဆုံး စျေး တစ်ပိဿာလျှင် ၃၀၀၀ကျော် သာ ရှိ ခဲ့ ကြောင်းသိရသည်။
ပြီးခဲ့ သည့်နှစ်က ပြည်ပသို့ တန်ချိန် တစ်သိန်း သုံးသောင်းခန့် အထိ တင်ပို့ နိုင်ခဲ့ပြီး ယခုနှစ်တွင် ယခင်နှစ် ထပ် မလျော့သော နှုန်းထားဖြင့် တင်ပို့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သကြား နှင့် ကြံထွက် ပစ္စည်းလုပ်ငန်းရှင်များ အသင်း မှ တာဝန်ရှိသူတစ်ဦး ပြောထားသည်။
ပြီးခဲ့သည့် နှစ်များက သကြားစျေးကွက်မှာ အရှုံးပေါ်ခဲ့ပြီး ကြံစိုက်ဧကများကို လျော့ချ စိုက်ပျိုးခဲ့ခြင်း များလည်း ရှိခဲ့ကာ ယခုနှစ်တွင် စျေးကောင်းရနေသည့် အတွက် ကြံ တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း လည်း ကြံစိုက် တောင်သူများထံမှ သိရသည်။
ယခုနှစ်တွင် သွင်းအားစုများ ဈေးမြင့်လာသဖြင့် တစ်ဧကကုန်ကျစရိတ်မှာ ယခင်နှစ်ကထက်စာရင် ထက် ဝက်နီးပါးခန့်ဈေးများ မြင့်တက်လာခြင်းကြောင့် တောင်သူများအနေဖြင့် ကြံများလည်း ဈေးကောင်း ရရှိရေး မျှော်မှန်းနေကြကြောင်း သိရပါသည်။
လက်ရှိ export အနေဖြင့် ဗီယမ်နမ်သို့ အများဆုံး တင်ပို့ရမည်ဖြစ်ကြောင်း သိရပြီး အီးယူနိုင်ငံများသို့ လည်း အနည်းငယ်တင်ပို့မည် ဖြစ်ကြောင်းသိရသည်။
ဖိုးချဲ(AMIA)
✦✦✦✦✦✦✦✦✦✦✦✦
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။
စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752