စားဖိုဆောင်သီးနှံ စျေးကွက်သုံးသပ်ချက် (၃၀ .၁၂.၂၀၂၄ မှ ၃.၁.၂၀၂၅)
ကြက်သွန်ဖြူ
ကြက်သွန်ဖြူကတော့ ဒီတစ်ပတ်မှာ တရုတ်ကြူကုတ်ရော ရှမ်းကြက်သွန်ဖြူတွေပါ စျေးကျလာပါတယ်။
ကြူကုတ်တွေ အဝင်ရှိနေသလို ရှမ်းကြက်သွန်ဖြူတွေလည်းအဝင်ရှိနေတာကြောင့်စျေးတန်းပြန်ကျဆင်းလာတာဖြစ်တယ်လို့သိရပါတယ်။
ဘုရင့်နောင်ကုန်စည်ဒိုင်စျေးကွက်မှာ ကြူကုတ် တစ်ပိဿာကို ဒီတစ်ပတ်မှာ ၁၅၈၀၀ ကျပ်ရှိပါတယ်။ ရှမ်းကြက်သွန်ဖြူတွေဖြစ်တဲ့ ထူး၂က ၁၁၅၀၀၊ ထူး၃ က ၁၃၀၀၀၊ ထူး၄က ၁၄၀၀၀ ၊ထူး၅က ၁၅၀၀၀ ကျပ်ရှိပါတယ်။
ရှမ်းပြည်နယ်အောင်ပန်းကုန်စည်စျေးကွက်မှာတော့ အောင်ပန်း ထူး၂ တစ်ပိဿာကို ၁၂၅၀၀ ကျပ်၊ အောင်ပန်းထူး ၃ က ၁၃၅၀၀ ကျပ်၊အောင်ပန်းထူး ၄က ၁၄၅၀၀ ကျပ်ရှိပြီး အောင်ပန်းထူး ၅ တစ်ပိဿာကို ၁၅၅၀၀ ကျပ်၊ ကြူကုတ်က ၁၈၀၀၀ ကျပ်ရှိပါတယ်။
အာလူး
အာလူးကလည်း ဒီတစ်ပတ်မှာ စျေးတန်းကျဆင်းလာပါတယ်။
တရုတ်အာလူးက ပစ္စည်းအဝင်ပြန်ရှိလာပြီး ရှမ်းအာလူးတွေလည်းအဝင်ရှိနေတာကြောင့်စျေးတန်းကျလာတာဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန် ဘုရင့်နောင်စျေးကွက်မှာ တရုတ်အာလူးတစ်ပိဿာကို ၅၀၀၀ မှ ၅၅၀၀ ကျပ်သာစျေးတန်းရှိပါတယ်။
အောင်ပန်းစျေးကွက်မှာတော့ မျက်နီ S1/ OK က ၆၀၀၀ ကျပ်၊ မျက်နီ OK က ၅၅၀၀ ကျပ်၊ မျက်နီ A1 က ၄၅၀၀ ကျပ်၊ A1ဆွဲမျက်နီက ၃၅၀၀ ကျပ် ရှိလာပြီးလုပ်ငန်းသုံးအကြော်သီးတွေ ဖြစ်တဲ့ မားကစ် S2/ S-1 နဲ့ မျက်နီ S-2 /S1 က ပစ္စည်းပြတ်နေတယ် လို့ သိရပါတယ်။
မန်ကျည်းသီး
မန်ကျည်းသီးမှည့်ကတော့ အရင်အပတ်ကဖြစ်ပေါ်ခဲ့တဲ့ အတက်စျေးတန်းမှာပဲ ဈေးငြိမ်နေပါတယ်။ စျေးကွက်ထဲကို မန်ကျည်းသီးမှည့် ဝင်ရောက်မှု နည်းပြီးဝယ်လိုအားကောင်းတာကြောင့် မန်ကျည်းသီးစျေးနှုန်းက ဆက်တိုက်မြင့်တက်လာပြီး အမြင့်စျေးတန်းမှာပဲ ရှိနေတာဖြစ်ပါတယ်။
ရန်ကုန် ဘုရင်နောင်စျေးကွက်မှာ မန်ကျည်းသီး (ပွင့်ကပ်)အစေ့ပါ တစ်ပိဿာကို ၃၃၀၀ ကျပ်မှ ၃၅၀၀ ကျပ်ရှိပြီး အစေ့ထုတ်ပြီး မန်ကျည်းသီးအသား တစ်ပိဿာကိုတော့ ၉၅၀၀ မှ ၁၃၀၀၀ ကျပ်ရှိပါတယ်။
သကြား
သကြားကတော့ ပြည်တွင်းစျေးကွက်မှာ အရင်ကဖြစ်ပေါ်ခဲ့တဲ့ အတက်စျေးမှာပဲရှိနေပါတယ်။
ကြံကြိတ်ခွဲရာမှာကုန်ကျစရိတ်တွေမြင့်တက်လာတာကြောင့် သကြားစက်ရုံတွေကသကြားကို စျေးနှုန်း မြင့်ရောင်းချခြင်း လက်ကျန်သကြားနည်းခြင်းကြောင့်သကြားစျေးက အတက်စျေးမှာပဲရှိနေတာဖြစ်တယ်လို့သိရပါတယ်။
ဘုရင့်နောင်ကုန်စည်ဒိုင်မှာ သကြားတစ်ပိသာကို ၄၈၀၀ မှ ၅၁၀၀ ကျပ်စျေးတန်းရှိနေပါတယ်။လက်ကားစျေးကွက်မှာတော့ တစ်ပိဿာကို ၈၀၀၀ ကျပ်အထိရှိနေပါတယ်။
ခရမ်းချဥ်သီး
ခရမ်းချဥ်သီးကတော့ နယ်အစုံကနေ ခူးဆွတ်နေပြီးစျေးကွက်ထဲ ဝင်ရောက်နေပြီဖြစ်လို့ စျေးထပ်မတက်ဘဲ အကျစျေးတန်းမှာပဲငြိမ် နေပါတယ်။ ရှမ်းပြည်နယ်အောင်ပန်းကုန်စိမ်းစျေးကွက်မှာဆိုရင် ခရမ်းချဥ်သီး ဂွတ်သီးတစ်ပိဿာကို ၃၅၀၀ ကျပ်၊ခရမ်းချဥ်သီး ရှယ်သီးကတစ်ပိဿာကို ၃၀၀၀ ကျပ်နဲ့ ခရမ်းချဥ်သီးတစ်ပိဿာ ၂၅၀၀ ကျပ်အထိ သာရှိပါတယ်။
ကျန်တိုင်းနဲ့ပြည်နယ်တွေမှာတော့ ခရမ်းချဥ် တစ်ပိဿာကို ၄၀၀၀ ကျပ်ရှိပါတယ်။
(AMIA)