ငါးမွေးမြူရေးကန်များတွင် ထုံးကိုစနစ်တကျ ပုံမှန်သုံးစွဲခြင်းအကြောင်း
ငါးမွေးမြူသော တောင်သူအများစုသည် ကန်ပြင်ဆင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရန်တွင် ထုံးကိုသုံးစွဲခြင်း ကန်အနှံ့ထုံးဖြူးခြင်းကို ဆောင်ရွက်ကြပါသည်။ သို့သော် ကန်ပြင်ဆင်ခြင်းလုပ်ငန်းတွင် ထုံးသုံးစွဲခြင်းပမာဏမှာ သတ်မှတ်ထားသောနှုန်းထက် လွန်စွာနည်းပါးကြောင်း တွေ့ရှိရပါသည်။ အချို့တောင်သူများသည် တစ်ဧကလျှင် ထုံး ပိဿာ ၂၀-၃၀ ခန့်သာ သုံးစွဲကြပါသည်။ ကန်ပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ထုံး သုံးစွဲရမည့်နှုန်းမှာ တစ်ဧကလျှင် ပိဿာ ၂၄၀ ခန့် သုံးစွဲရပါမည်။ သိပ္ပံနည်းကျ ထုံးသုံးစွဲလိုပါက ကန်အောက်ခြေ၏ မြေချဉ်ဖန်နှုန်းကို တိုင်းတာပြီး ထုံးထည့်သွင်းပါက ပိုမိုကောင်းမွန်ပါသည်။
ငါးမွေးကန်အတွင်း ထုံးထည့်သွင်းရခြင်းအကြောင်းမှာ ကန်အောက်ခြေ၏ မြေသားချဉ်ဖန်နှုန်းကို မြင့် တက်စေသည့်အပြင် ကန်ရေ၏ချဉ်ဖန်နှုန်းကိုလည်း မြင့်တက်စေပါသည်။ ကန်အောက်ခြေရှိ အင်းဆက်ပိုးများ လည်း သေစေနိုင်ပါသည်။ ထို့အပြင် ကန်အောက်ခြေရှိ အမိုးနီးယားဓါတ်ငွေ့များ ဟိုက်ဒြိုဂျင်ဆာလဖိုဒ်ဓါတ်ငွေ့ များကိုလည်း ဖယ်ရှားပေးပါသည်။ ကန်ရေနောက်ကျိခြင်းကိုလည်း ကြည်လင်စေပါသည်။
ငါးမွေးမြူသောတောင်သူအများစုသည် မိရိုးဖလာ ထုံးသုံးရမည့်ဆိုသော်လည်း စနစ်တကျသုံးစွဲခြင်းကို အားနည်းကြောင်းတွေ့ရှိရပါသည်။ ဧရာဝတီ၊ ရန်ကုန်တိုင်းအတွင်းရှိ မြေသားများသည် မိုးများသဖြင့် မြေသား သည် ချဉ်ဖန်နှုန်း အမြဲကျနေတတ်ပါသည်။ မန္တလေးတိုင်းအတွင်းရှိ မြေသားသည် ယခင်ကတည်းက ထုံးဓာတ်ရှိသဖြင့် မြေသားချဉ်ဖန်နှုန်း မြင့်တက်နေတတ်ပါသည်။
ငါးမွေးမြူထားသော ကန်အောက်ခြေတွင် အစာကြွင်း၊ အစာကျန်များနှင့် အညစ်အကြေးများ အပင် ဆွေးများစုပုံလာပြီး အဆိပ်ဖြစ်သော ဓာတ်ငွေ့များထွက်ပေါ်ခြင်း၊ ရောဂါဖြစ်စေသော ဘက်တီးရီးယားများပေါက် ဖွားလာခြင်းဖြင့် မွေးမြူထားသော ငါးများအတွက် အန္တရာယ်ကို ဖြစ်စေပါသည်။ တဆက်တည်းမှာပင် ငါးမွေးကန် ရေအရည်အသွေး ကျဆင်းလာပြီး ကန်ရေဩဇာလည်း ကျဆင်းလာတတ်ပါသည်။ ထို့အခြေတွင် ငါးများအတွက် အစာစားနှုန်းကျဆင်းခြင်းနှင့် ကန်အတွင်းအောက်စီဂျင်လျော့နည်းခြင်းများ ဖြစ်တတ်ပြီး ငါးကြီးထွားနှုန်းလည်း ကျတတ်ပါသည်။
ငါးကန်ရေ အရည်အသွေးမပျက်စီးစေရန်နှင့် ကန်အောက်ခြေ အပုတ်အဆွေးများ၏ ဆိုးကျိုးကို တားဆီး နိုင်ရန်အတွက် မွေးမြူရေးကာလတစ်လျှောက် ၂ - ၃ လလျှင်တစ်ကြိမ် တစ်ဧကလျှင် ထုံး (၂၅)ကီလို /၁၅.၅ပိဿာ မှ (၃၀)ကီလို /၁၈.၆ ပိဿာ ပုံမှန်ထည့်သွင်းပေးရန် လိုအပ်ပါကြောင်း တင်ပြအပ်ပါသည်။ ထုံးထည့်သွင်းရာတွင် တစ်ညအိပ်ရေစိမ်ပြီး၊ နောက်တစ်နေ့ မနက်ပိုင်း နေပူချိန်တွင် ကန်အနှံ့ပက်ပေးပါ။
ဦးဆန်းအောင်
ထွက်တိုး
-----------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - - https://www.facebook.com/groups/4200052776702483 တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။