cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဆောင်းသီးနှံ၌ ကြုံတွေ့နေရသော အပင်ကျစ်ခြင်း(ကြီးထွားမှုနှေးကွေးခြင်း)

. မြေဆီလွှာ
ဆောင်းရာသီ ဖြစ်နေသော်လည်း အအေးကလျော့ နှင်းကမကျနှင့် ယခုနှစ် ဆောင်းသီးနှံမှာ မျှော်မှန်းသလောက် အပင်အနေအထားမှာ ယခုထက်တိုင် ကောင်းမွန်လာခြင်း မရှိသည်ကို တွေ့နေရပါတယ်။
  • ယခုနှစ် ဆောင်းရာသီသည် လာနီညာရာသီဥတု ဟုဆိုထားသော်လည်း လက်ရှိ အချိန်တွင် အအေးပေါ့နေရာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ရာသီဥတုထက်ပင် အအေးလျော့နေပြီး ဆောင်းသီးနှံအတွက် အဓိက ပြဿနာ ဖြစ်၍နေပေပြီ။

    ဆောင်းရာသီ ဖြစ်နေသော်လည်း အအေးကလျော့ နှင်းကမကျနှင့် ယခုနှစ် ဆောင်းသီးနှံမှာ မျှော်မှန်းသလောက် အပင်အနေအထားမှာ ယခုထက်တိုင် ကောင်းမွန်လာခြင်း မရှိသည်ကို တွေ့နေရပါတယ်။

    သို့ဖြစ်၍

    မတ်ပဲစိုက်ခင်းများအား အဝေးမှကြည့်လျင် အပင်အခြေအနေ ကောင်းမွန်မှု ရှိနေသည်ဟု ပြော၍ ရသော်လည်း ကွင်းအတွင်း သေချာ ဆင်းကြည့်သော အခါဝယ် ~

    အပင်များ ရှိနေသော်လည်း အပင်ကြီးထွားမှု ရပ်တန့်နေသော အကွက်များအား လက်ရှိအချိန်တွင် အများအပြား တွေ့ရှိနေရတာပါ။ ထိုသို့သော အခြေအနေတွင် ဟော်မုန်းများသော ရွှေနဂါး ရွက်ဖြန်းမြေဩဇာ နှင့် အလားတူ များကိုသာ ထပ်ခါ ထပ်ခါ ပက်ဖြန်းဘို့ ကြိုးစားနေတဲ့သူတွေ ဟော်မုန်းများကို အားပြုပက်ဖြန်းသူတွေ အများအပြား တွေ့ရှိနေရပါတယ်။မိမိအပင်များ ဘာဖြစ်လို့ တက်မလာဘဲ ထိုင်နေ တုံ့နှေးနေတာလဲ ဆိုတာကို သေချာ လေ့လာသုံးသပ်ဘို့ လိုအပ်ပါတယ်။

    မိမိစိုက်ခင်းရှိ အပင်များ ကြီးထွားမှု နှေးကွေးပြီး အပင်များ ကျစ်နေတာဟာ

    ၁။ ရာသီဥတုကြောင့် အပင်ကြီးထွားမှု နှေးကွေးတာလား?

    ၂။ မိမိမြေကွက် အဟာရ ချို့တဲ့နေလို့လား?

    ၃။ မြေစို ထွန်ယက် စိုက်ပျိုးခဲ့ခြင်းကြောင့် မြေဟာပြီး အပင်ကြီးထွားမှု နှေးကွေး

    တာလား?

    ဆိုတာကို ဆန်းစစ်ရန် လိုအပ်ပါတယ်။

    ၁။ ရာသီဥတုကြောင့် အပင်ကြီးထွားမှု နှေးကွေးတာလား?

    မတ်ပဲများ ကြီးထွားမှု နှောင့်နှေးခြင်း ရပ်တန့်ခြင်း ဖြစ်ပွားနေမှု အများစုမှာ ရာသီဥတုကြောင့်လို့ ဆိုရမှာပါ။

    လက်ရှိအချိန်တွင် ရာသီဥတု အခြေအနေမှာ ပုံမှန်ရာသီဥတုထက် ပူပြင်းနေပြီး နှင်းမှာလည်း ကျဆင်းခြင်း မရှိ၍ အပင်များကြီးထွားမှု ရပ်တန့်တုန့်ဆိုင်း နေသည်ကို တွေ့နေရပါတယ်။

    ဆောင်းသီးနှံ အောင်မြင်စွာ ဖြစ်ထွန်းရန်မှာ ဒီဇင်္ဘာလနှင့် ဇန်နဝါရီလသည် အဓိက ကာလများဖြစ်ပြီး ထိုကာလတွင် ရာသီဥတုအေး၍ နှင်းကျမှသာလျင် သီးနှံများ ဖြစ်ထွန်းအောင်မြင်မှာပါ။ လက်ရှိအခြေအနေအရ နှင်းကမကျ အပူချိန်ကမြင့် ဖြစ်နေလေတော့ အဘယ်မှာလျင် ပဲပင် ကြီးထွားနိူင်ပါမည်နည်း။

    ထိုပဲပင်များမှာ လက်ရှိကာလမှစ၍ (၁၀-၁၅)ရက် အတောအတွင်း ရာသီဥတု ကောင်းမွန်လာလျင် အပင်များ ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိပြီး ကြီးထွားမှု ကောင်းမွန်လာမည် ဖြစ်သော်လည်း ထိုကာလထက် ကျော်လွန်ပြီးမှ ရာသီဥတု ကောင်းမွန်လာလျင် အထွက်နှုန်းလျော့ကျမှု ရှိနိူင်ရာ စိုက်ပျိုးသူများအနေဖြင့် အပင်အတွက်လိုအပ်မည့် မြေအစိုဓာတ် အဟာရတို့အား ဖြည့်တင်းလုပ်ဆောင်ခြင်း ပြုလုပ်နိူင်ရန် စဉ်းစားသင့်ပြီ ဖြစ်ပါတယ်။

    ၂။ မိမိမြေကွက် အဟာရချို့တဲ့ နေလို့လား?

    ဆိုလျင်တော့ မြေအဟာရ ချို့တဲ့သော စိုက်ခင်းများ များပြားလာပြီလို့ ဆိုချင်ပါတယ်။ ဆောင်းသီးနှံ စိုက်ပျိုးသူ အများစုသည် မိမိ၏ စိုက်ပျိုးမြေအား ပုံမှန် အဟာရဖြည့်တင်းမှု လိုအပ်သော်လည်း မြေခံထည့်၍ စိုက်ပျိုးသူမှာ အလွန်နည်းပါး ပါတယ်။

    မိုးစပါးစိုက်ပျိုးစဉ်တွင် ထည့်သွင်းသည့် အဟာရဓာတ်မှာလည်း ထည့်သင့်ထည့်ထိုက်သည်ထက် နည်းပါးနေတယ်လို့ ဆိုရမှာပါ(ရာသီဥတုဖောက်ပြန် သီးနှံကမထွက် သီးနှံစျေးကမရှိ)

    လယ်သမားများ၏ အတွေးထဲတွင် မိုးစပါး မှို့ကပ်ချိန် ပန်းပွင့်ချိန်၌ ဓာတ်မြေဩဇာ ထည့်သွင်းထားလျင် ဆောင်းသီးနှံ စိုက်ပျိုးချိန်တွင် သီးနှံအတွက် ကောင်းစွာအကျိုးရှိမည် လုံလောက်သည်ဟု ထင်စားနေသူ အများအပြားကို တွေ့နေရပါတယ်။ ပြန်လည်စဉ်းစားကြည့်လျင် စပါးမှို့ကပ်ချိန် အနှံထွက်ချိန်တွင် ထည့်သွင်းခဲ့သော ဓာတ်မြေဩဇာသည် ကွန်ပေါင်းမြေဩဇာ ဖြစ်နေသည်ထားအုံး စပါးရိတ်သိမ်းပြီး၍ ပဲစိုက်ပျိုးချိန်ထိဆိုလျင် ရက်ပေါင်း(၆၀)ကျော် ကြာမြင့်နေပြီဖြစ်ရာ အဘယ်မှာလျင် ကျန်ရှိနိူင်ပါတော့မည်နည်း။ ယူရီးယား(N) ဆိုလျင် သာ၍ပင် ဆိုးပေလိမ့်မည်။ ဓာတ်မြေဩဇာတို့၏ မြေတွင်းအဟာရ ရှိနေချိန် ကာလအား သိရှိရန် လိုအပ်နေပေပြီ။

    ဆောင်းသီးနှံအတွက် အကောင်းဆုံး အဟာရ ထည့်သွင်းမှုမှာ စိုက်ပျိုးချိန်တွင် မိမိတတ်နိူင်သမျှ (အိတ်၀က်/တစ်အိတ်) အား မြေခံအဖြစ် ထည့်သွင်း စိုက်ပျိုးရန်သာ ဖြစ်ပါတယ်။ မြေအဟာရချို့တဲ့၍ မြေမကျန်းမမာ ဖြစ်လျင် သီးနှံပင်မှာရော ကျန်းမာနိူင်ပါ့မလား အားအင်ရှိနိူင်ပါ့မလား စဉ်းစားကြည့်စေလိုပါတယ်။ မိမိသီးနှံ အောင်မြင်စွာ ဖြစ်ထွန်းရန်မှာ မိမိစိုက်ပျိုးမြေ အဟာရပြည့်စုံ၍ ကျန်မာရေးကောင်းမွန်ရန် အထူးလိုအပ်နေပါတယ်။

    ၃။ မြေစိုတွင် ထွန်ယက် စိုက်ပျိုးခြင်းကြောင့် မြေဟာပြီး အပင်ကြီးထွားမှု နှေးကွေးနေတာလား?

    ယခုနှစ်တွင် တောင်သူအများစုသည် စိုက်ချိန် နောက်ကျနေတယ်ဆိုပြီး မြေအစိုအား ထွန်ယက် စိုက်ပျိုးကြခြင်း၏ အကျိုးဆက်ဖြစ်သော အမြစ်ကျပ်၊ ခါးကျပ်၊ မြေဟာခြင်းလို့ မိမိအနေဖြင့် ရှုမြင်မိပါတယ်။ ထိုစိုက်ကွက်များရှိ အပင်များမှာ နံနက် (၁၀)နာရီခန့် ဆိုလျင် မြေအစိုတွင် စိုက်ပျိုးခဲ့သောကြောင့် အပင်များမှာ အရွက်များ ကပ်နေလေပြီ ညိုးနေလေပြီ ဘာဆက်လုပ်မှာလဲ? ရေသွင်းလို့ရလျင် ရေသွင်းပေးပါ။ ရေသွင်း၍မရနိူင်လျင် အပင်အမြစ်များက အစိုဓာတ်မှီမမှီ မြေကြီးကိုလက်နဲ့ယက်ပြီး စစ်ဆေးကြည့်ပါ။ အစိုဓာတ်ဆုတ်နေလျင် အားဆေးဖျန်းပြီး ရေရှည် ဆွဲထားချင်လို့ မရပါဘူး။ ရေများများ ဖျန်းပေးပါ (ဆေးဖြန်းပုံးနှင့် ပုံးရေများများပက်ပေါ့) အစိုဓာတ်မှီလျင် အမိုင်နိူအက်စစ်၊ ဂျီဘဲလစ်အက်စစ်(GA3) ဟော်မုန်းများနှင့် မိုလစ်ဒီနမ် နှင့်အနည်းလိုအဟာရများ ပါ၀င်သော ရွက်ဖြန်း အားဆေးများအား အသုံးပြု ပက်ဖြန်းလျင် အပင်တက်လာနိူင်ပါတယ်။

    နည်းမှန်လမ်းမှန်ဖြင့် အပင်ကြီးထွားရန် လုပ်ဆောင်ရမည့်အစား အပင်မြန်မြန်တက်ရန် ဟော်မုန်းများသော ရွက်ဖြန်းမြေဩဇာများ ဟော်မုန်းဆေး များကိုသာ ထပ်ခါထပ်ခါ သုံးနေလျင်ဖြင့် အပင်များမှာ ယခုအချိန် ဖြစ်ပေါ်နေသော ရာသီဥတု ဆိုးဝါးမှုဒါဏ်ကြောင့် ထင်သလို ကြီးထွားမလာသည့်အပြင် ပိုးမွားရောဂါ ကျရောက်မှု တို့ကိုလည်း ကြုံတွေ့နေရအုံးမှာပါ။

    စိုက်ပျိုးသူများအနေဖြင့် နှစ်စဉ်ကြုံတွေ့နေရသော ဆောင်းသီးနှံစိုက်ပျိုးချိန်မှာ ရာသီဥတု အခြေအနေအပေါ် များစွာတည်နေရာ ရာသီဥတု ခန့်မှန်တွက်ချက်မှုများအား မျက်ခြေမပြတ် လေ့လာသုံးသပ်နေရန်လိုအပ်ပြီး သီးနှံစိုက်ပျိုးရန် သင့်တော်သော မြေအခြေအနေအား ချင့်ချိန်တွက်ဆနိူင်ရန် လိုအပ်နေပါတယ်။

    မိမိ၏ စိုက်ပျိုး မြေ အဟာရချို့တဲ့မှု လျော့နည်းပြီး ကျန်းမာသော မြေအဖြစ် တည်ရှိရန်မှာ နွေထယ်ရေးဆောင်ရွက်ခြင်း၊ မြေနမူနာ စမ်းသပ် အဖြေရယူခြင်း၊ လိုအပ်သော အဟာရ ဖြည့်တင်းပြုပြင်ရန် မဖြစ်မနေ လိုအပ်လာပြီး ရာသီဥတု ဖောက်ပြန်မှုများအား မိမိတို့၏ ကြိုတင်ပြင်ဆင်မှု ဥာဏ်ရည်ဥာဏ်သွေး တို့ဖြင့် ဖြတ်ကျော်ပြီး စိုက်ပျိုးရေးလုပ်ငန်းအာ အောင်မြင်စွာ လုပ်ကိုင်ဆောင်ရွက် နိူင်ပါစေလို့

    ဆန္ဒပြုလျက်

    ဦးသက်လွင် (ထန်းညီနောင်ပျိုးဥယျာဉ်)

    မင်းလှမြို့နယ်

    ပဲခူးတိုင်းဒေသကြီး။

    ၂.၂.၂၀၂၁

    ဆရာ့အား လေးစားစွာ crd ပေးအပ်ပါသည်။

    -------------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - https://bit.ly/htwettoev2 ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes
6
comments
0
views
1644