ပန်းပွင့်ဝတ်မှုန်ကူးပေးသူများ လျော့နည်းလာမှုကို ကာကွယ်ပေးဖို့လိုပြီ
ကမ္ဘာ့ ဒေသအသီးသီးမှာရှိနေကြတဲ့ လုပ်ကွက်ငယ် တောင်သူများရဲ့ သီးနှံစိုက်ခင်းတွေမှာ ပျားစတဲ့ အင်းဆက်ပိုးများ အပါအဝင် ဝတ်မှုန်ကူးပေးသူများ များလာပါက သီးနှံအထွက် ပိုမိုတိုးတက်လာစေကြောင်း တွေ့ရပါတယ်။ ပန်းပွင့်တဲ့အပင်တွေမှာ ဝတ်မှုန်ကူးကာ သန္ဓေအောင်မြင်ပြီး အသီးနဲ့ အစေ့များ ဖြစ်လာကြတာဖြစ်ပါတယ်။ အပင်တွေမှာ ဝတ်မှုန်ကူးနည်းအဓိကအားဖြင့်နှစ်နည်းရှိပါတယ်။ ပထမနည်းမှာ ပန်းပွင့်မှာပါဝင်နေတဲ့ အဖိုဝတ်မှုန်များက မိမိပန်းပွင့်မှာရှိတဲ့ အမအင်္ဂါရဲ့ ဝတ်မှုန်ခံထိပ်ပေါ် တစ်နည်းနည်းနဲ့ ကျရောက်စေကာ ဝတ်မှုန်ကူးပေးပြီး သန္ဓေအောင်လာစေခြင်းဖြစ်ပါတယ်။ မိမိအပင်မှာရှိနေတဲ့ ပန်းပွင့်အတွင်းမှ ဝတ်မှုန်များက ပန်းပွင့်ရဲ့အမအင်္ဂါမှာပါတဲ့ ဝတ်မှုန်ခံထိပ်ပေါ် ကျရောက်ဝတ်မှုန်ကူးပေးတာ ဖြစ်တဲ့အတွက် “အပင်တည်းဝတ်မှုန်ကူးခြင်း”လို့ ခေါ်ကြပါတယ်။ ထိုအုပ်စုမှာ စပါး၊ ပဲမျိုးများနဲ့ခရမ်းချဉ် စတဲ့အပင်များ ပါဝင်ကြပါတယ်။ သို့သော် ထိုအပင်များမှာပင် ရာခိုင်နှုန်းပြည့်အပင်တည်းဝတ်မှုန်ကူးမှု မရှိနိုင်ကြတာကိုတွေ့ရပါတယ်။နောက်တစ်နည်းကတော့ပန်းပွင့်မှာ အဖိုနဲ့ အမအင်္ဂါများ ပါဝင်သော်လည်း အဖိုဝတ်မှုန်မျိုးမအောင်ဘဲ မြုံနေခြင်း၊ အဖိုဝတ်မှုန်မျိုးအောင်သည့်တိုင် အခြေအနေတစ်ခုခုကြောင့် ဝတ်မှုန်ကူးမှုမအောင်မြင်နိုင်ခြင်း၊ အဖို၊ အမ သီးခြားပန်းပွင့်များအဖြစ် ရှိနေကြခြင်း စတဲ့ အခြေအနေတစ်ခုခုကြောင့် ဝတ်မှုန်ကူးမှုမအောင်မြင်နိုင်ဘဲ တခြားသော ပန်းပွင့် သို့မဟုတ်တခြား အမျိုးတူအပင်မှ အဖိုဝတ်မှုန်များ ဝတ်မှုန်ခံထိပ်ပေါ်ကျရောက်လာကာ ဝတ်မှုန်ကူးပေးရတဲ့နည်း ဖြစ်ပါတယ်။ မိမိအပင် သို့မဟုတ် မိမိပန်းပွင့်မှ ဝတ်မှုန်နဲ့ ဝတ်မှုန်ကူးမှုမရှိဘဲ တခြားအပင်မှဝတ်မှုန်နဲ့ ဝတ်မှုန်ကူးကာ သန္ဓေအောင်ကြတဲ့အတွက် “အပင်ခြားဝတ်မှုန်ကူးခြင်း”လို့ ခေါ်ကြပါတယ်။ တခြားပန်းပွင့်၊ တခြားအပင်များမှ ဝတ်မှုန်ကို သယ်ဆောင်ပေးကာ ဝတ်မှုန်ကူးစေရန် ကူညီပေးကြရာမှာ လေဖြင့် သယ်ယူပေးနိုင်သကဲ့သို့ အဓိကအားဖြင့် တခြားသက်ရှိများက ကူညီပေးကြတဲ့အတွက် ဝတ်မှုန်ကူးပေးသူများလို့ ခေါ်ကြပါတယ်။
ထို ဝတ်မှုန်ကူးပေးသူများတွင် ပျားများ၊ ပိတုန်းများ၊ လိပ်ပြာများ၊ ယင်ကောင်များ၊ ငှက်များနဲ့ တခြားတိရစ္ဆာန်များ ပါဝင်ကြပါတယ်။လူသားများကလည်း ကူညီဝတ်မှုန်ကူးပေးမှုလည်း ရှိနိုင်ပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (အက်ဖ်အေအို) ရဲ့ လေ့လာတွေ့ရှိချက်စစ်တမ်းအရ ကမ္ဘာပေါ်ရှိ ပန်းပွင့်တဲ့အပင်များရဲ့ ၈၀ ရာခိုင်နှုန်းခန့်ဟာ ဝတ်မှုန်ကူးသန္ဓေအောင်မြင်ကာ မျိုးစေ့များရရှိလာစေဖို့အတွက်ဝတ်မှုန်ကူးပေးသူများရဲ့ အကူအညီကို ရယူကြရကြောင်း သိရပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအတွက် စိုက်ပျိုးနေကြရတဲ့ စားသုံးသီးနှံမျိုးများ ရဲ့ အနည်းဆုံး သုံးပုံ တစ်ပုံ၊ ၃၅ ရာခိုင်နှုန်းသော အပင်များဟာလည်း အသီးသီးကာ မျိုးစေ့များရရှိစေဖို့အတွက် ဝတ်မှုန်ကူးပေးသူများကို အမှီပြုနေရကြောင်း တွေ့ရပါတယ်။ ထင်ရှားတဲ့အပင်များမှာ ငရုတ်၊ ခရမ်း၊ စတော်ဘယ်ရီ၊ မုန်ညင်းမုန်လာအုပ်စုဝင် အပင်များ၊ နေကြာ၊ပန်းနှမ်း၊ ခါကျက်ဥ၊ ကော်ဖီ၊ ကိုကိုး၊ ပန်းသီး၊ လိုက်ချီး၊ သရက်၊ ဗာဒံပင်များနဲ့ တခြားသော များစွာသော သီးနှံများ ပါဝင်ပါတယ်။ တချို့အပင်များဟာ ဝတ်မှုန်ကူးပေးသူများမရှိပါက အသီးနဲ့ အစေ့များ ဖြစ်မလာနိုင်ကြောင်းနဲ့ စိုက်ပျိုးရေးဆိုင်ရာအတွက် အပင်မျိုးကွဲများစွာ တည်ရှိနေစေရေးကိုလည်း ထိခိုက်လာစေနိုင်ကြောင်း အက်ဖ် အေအိုက သုံးသပ်ထားပါတယ်။ ပျား စတဲ့ အင်းဆက်ပိုးများ၊ ငှက်များ၊ လင်းနို့နဲ့ တခြားဝတ်မှုန်ကူးပေးသူများရဲ့ ကူညီမှုကြောင့် ကမ္ဘာ့အစားအစာထုတ်လုပ်မှုကို ၈၇ ရာခိုင်နှုန်း တိုးတက်လာစေနိုင်ကြောင်း သိရပါတယ်။ သို့သော် ကမ္ဘာပေါ်မှာ ဝတ်မှုန်ကူးပေးသူများ လျော့နည်းလာနေတာကို တွေ့ရပါတယ်။ မြေယာအသုံးပြုနည်းများ ပြောင်းလဲလာမှု၊ သီးနှံတစ်မျိုးတည်းကို ကျယ်ပြန့်စွာ စိုက်ပျိုးလာကြပြီး ပိုးသတ်ဆေးများ သုံးစွဲလာမှုနဲ့ ရာသီဥတုပြောင်းလဲလာနေမှုများဟာ ဝတ်မှုန်ကူးသူတွေကို များစွာခြိမ်းခြောက်မှုရှိလာစေတာ ဖြစ်ပါတယ်။ သို့အတွက် လယ်ယာသီးနှံများနဲ့ ဥယျာဉ်ခြံသီးနှံစိုက်ပျိုးနေသူများ၊ ကုမ္ပဏီများနဲ့ သက်ဆိုင်ရာနိုင်ငံများကို အုပ်ချုပ်နေကြသူများဟာ သဘာဝမှာရှိနေကြတဲ့ ဝတ်မှုန်ကူးသူများကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းများကို ရှာဖွေဆောင်ရွက်ကြရန်လိုအပ်သကဲ့သို့ စီးပွားဖြစ် ဝတ်မှုန်ကူးပေးသူများကို မွေးမြူထုတ်လုပ်ပေးကြရန်လည်း လိုအပ်မှာဖြစ်ပါတယ်။
ဝတ်မှုန်ကူးပေးသူများ လျော့နည်းလာရမှုမှာ သီးနှံတစ်မျိုးတည်းကို ဧရိယာတစ်ကွင်းတစ်စပ်တည်း ကျယ်ပြန့်စွာ စိုက်ပျိုးထုတ်လုပ်လာခြင်း စတဲ့နည်းစနစ်များ ပြောင်းလဲကျင့်သုံးလာကြခြင်း၊ ပိုးသတ်ဆေးဖော်နည်းကားအသစ်များ ပေါ်ထွက်အသုံးပြုလာကြခြင်း၊ပျား စတဲ့ဝတ်မှုန်ကူးပေးတဲ့ ပိုးတွေမှာ ဗိုင်းရပ်စ်ရောဂါ ကျရောက်ဖျက်ဆီးလာမှုများလာခြင်း၊ အပူချိန်မြင့်မားလာမှု၊ မိုးခေါင်မှု၊ ရေကြီးမှု စတဲ့ ရာသီဥတပြောင်းလဲလာမှု အရှိန်မြင့်လာနေခြင်း စတဲ့အချက်များဟာ ဝတ်မှုန်ကူးပေးသူများ လျော့နည်းလာစေတဲ့ အဓိကအချက်များဖြစ်ကြောင်း သုံးသပ်ကြပါတယ်။ သဘာဝမှာရှိနေကြတဲ့ ဝတ်မှုန်ကူးပေးသူများအပြင် စိုက်ပျိုးထားတဲ့ သီးနှံပင်များအတွက် ဝတ်မှုန်ကူးပေးနိုင်ရန် ပျားများမွေးမြူကာ ပျားအုံပုံးများကို စိုက်ခင်းများအနီး ချထားပေးတဲ့နည်းများဖြင့်လည်း ကူညီဆောင်ရွက်လာကြတာကိုလည်း တွေ့ရပါတယ်။ ရာသီအလိုက်စိုက်ပျိုးတဲ့ သီးနှံများ ပန်းပွင့်ချိန်နဲ့ ချိန်ညှိကာ ပျားအုံပုံးများ ချထားပေးခြင်းဖြင့် သီးနှံစိုက်ပျိုးတဲ့ တောင်သူများနဲ့ ပျားမွေးမြူတဲ့ ပျားတောင်သူများပါ နှစ်ဦးနှစ်ဖက် အကျိုးရှိစေတာကို တွေ့ရပါတယ်။ပျား၊ ပိတုန်း၊ လိပ်ပြာ စတဲ့ အင်းဆက်ပိုးများ၊ ငှက်များက ပန်းပွင့်များကိုကူညီဝတ်မှုန်ကူးပေးခြင်းဖြင့် အသီးနှင့် အစေ့များပိုမိုတိုးတက် ထွက်ရှိစေနိုင်ကြောင်းကို တောင်သူများ အထူးသဖြင့် လုပ်ကွက်ငယ်တောင်သူများနဲ့ ဥယျာဉ်ခြံစိုက်ပျိုးကြသူများကို ပညာပေးစည်းရုံး ဆောင်ရွက်ကြရန် လိုအပ်မှာဖြစ်ပါတယ်။ လုပ်ကွက်ငယ်တောင်သူများနဲ့ ဥယျာဉ်ခြံစိုက်ပျိုးကြသူများကို ပိုးသတ်ဆေးများ အသုံးပြုမှုလျှော့ချရေး၊ အော်ဂဲနစ်စနစ်နဲ့ စိုက်ပျိုးထုတ်လုပ်ရေး စတဲ့ နည်းစနစ်များကို ပြောင်းလဲကျင့်သုံးလာကြစေရန် စည်းရုံးဆောင်ရွက်ပေးနိုင်ခြင်းဖြင့် ဝတ်မှုန်ကူးပေးသူများကို တိုးတက်လာစေကာ သီးနှံအထွက်တိုးတက်လာစေနိုင်တဲ့အပြင် စားသုံးသူများအတွက်ကျန်းမာရေးကို အကျိုးပြုပေးစေနိုင်သကဲ့သို့ ဇီဝမျိုးကွဲများ ပိုမိုများပြားလာစေကာကောင်းမွန်တဲ့ပတ်ဝန်းကျင်ကိုလည်း ဖန်တီးပေးစေနိုင်မှာ ဖြစ်ပါတယ်။
နည်းလမ်းတစ်ခုဖြစ်တဲ့ ပျားမွေးမြူရေး တိုးတက်ကောင်းမွန်လာစေရန်လည်း ဆောင်ရွက်နေကြပါတယ်။ ပျားများရဲ့ ပုံမှန်လုပ်ငန်းများဆောင်ရွက်နေမှုကို မထိခိုက်စေဘဲ ပျားရည်ရယူနိုင်တဲ့ နည်းများကို စမ်းသပ်ဖော်ထုတ်နေကြပါပြီ။ သီးနှံသစ်တော ရောနှောစိုက်ခင်းများ ထူထောင်ပေးခြင်း၊ ဒေသအလိုက်သဘာဝအလျောက် ပေါက်နေတဲ့ အပင်မျိုးရိုင်းများကို သီးနှံစိုက်ခင်းများ ပတ်ဝန်းကျင်တွင် စိုက်ပျိုးပေးထားခြင်းနည်းလမ်းများဖြင့်လည်း ဝတ်မှုန်ကူးသူများ တိုးတက်လာစေရန် ဆောင်ရွက်လာနေကြပါတယ်။ မြို့များနဲ့ လူဦးရေထူထပ်တဲ့ မြို့ကြီးများမှာနေထိုင်နေကြသူများဟာလည်း ဝတ်မှုန်ကူးပေးနိုင်တဲ့ ပျား၊ လိပ်ပြာ စတဲ့ အင်းဆက်ပိုးများ တိုးတက်လာစေရန် များစွာကူညီပေးနိုင်တာကိုတွေ့ရပါတယ်။ ယခုအခါ မြို့ပြဝန်းကျင် စိုက်ပျိုးရေးနဲ့ တွဲဖက်ကာ ပျားမွေးမြူရေးကိုလည်း တိုးတက်ဆောင်ရွက်လာကြပါတယ်။ မြို့တွေမှာနေထိုင်ကြသူ မိသားစုအများစုဟာ အိမ်တွင်းစိုက်အပင်များ စိုက်ပျိုးကြလေ့ရှိကြပါတယ်။ အထူးသဖြင့် ပန်းပွင့်တဲ့ အလှစိုက်အပင်များ၊ သစ်သီးပင်များကို စိုက်ပျိုးကြလေ့ရှိကြရာ သဘာဝမှာရှိနေကြတဲ့ ပျား၊ လိပ်ပြာ စတဲ့ ဝတ်မှုန်ကူးပေးသူများအတွက်မှီခိုရန် အခြေအနေပေးတဲ့အပြင် ပိုးများအတွက် အန္တရာယ်ကျရောက်စေမှုလည်း လျော့နည်းစေတဲ့အတွက် ကောင်ရေတိုးတက်ပွားများလာစေမှာ ဖြစ်ပါတယ်။ အပင်မျိုးစုံလင်စွာ စိုက်ပျိုးထားကြခြင်းဖြင့်လည်း ရာသီအလိုက်ပွင့်နေတဲ့ ပန်းများ အမြဲရှိနေစေနိုင်ကာ ပျားများ၊ လိပ်ပြာများအတွက်ဝတ်ရည်အမြဲရရှိနေစေကာ ပေါက်ပွားမှုကိုလည်း အားပေးစေနိုင်မှာ ဖြစ်ပါတယ်။ ဝတ်မှုန်ကူးပေးသူများဟာ ယဉ်ကျေးမှုဓလေ့ထုံးစံများနဲ့ စီးပွားရေးအတွက်အရေးပါကြောင်းကို နိုင်ငံအသီးသီးက အုပ်ချုပ်သူများ သိရှိသဘောပေါက်လာနေကြပြီ ဖြစ်ပါတယ်။
ဝတ်မှုန်ကူးပေးသူ လျော့နည်းလာနေမှုကို ကာကွယ်ပေးနိုင်ဖို့ လိုက်နာဆောင်ရွက်ကြရန် အောက်ပါအချက်များကို သုတေသီများက အဆိုပြုထားပါတယ်။ (၁) နိုင်ငံအလိုက် ပိုးသတ်ဆေးသုံးစွဲမှုစံနှုန်းများကို သတ်မှတ်ပေးကြရန်၊ (၂) ဘက်စုံပိုးနဲ့ ရောဂါကာကွယ်ရေးကို ပိုမိုတိုးတက်ဆောင်ရွက်ကြခြင်းဖြင့် ပိုးသတ်ဆေးသုံးစွဲမှု လျော့နည်းလာစေရန်၊ (၃) မျိုးဗီဇပြုပြင်ပြောင်းလဲထားတဲ့ သီးနှံမျိုးများရဲ့ သွယ်ဝိုက်သောနည်းများနဲ့ ပိုးများသေစေနိုင်မှုဆိုင်ရာ အကဲဖြတ်ခြင်းကို တိုးမြှင့်ဆောင်ရွက်ကြရန်၊ (၄) ဝတ်မှုန်ကူးပေးသူများရဲ့ ရွေ့လျားသွားလာမှုကို ထိန်းကျောင်း စီမံပေးကြရန်၊ (၅) သီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် ပိုးသတ်ဆေး စတဲ့ ဓာတုဆေးများသုံးစွဲမှု လျှော့ချလာစေရန်နဲ့ ပတ်ဝန်းကျင်ဂေဟစနစ် ပိုမိုတိုးတက် ကောင်းမွန်လာစေရန်၊ စိုက်ပျိုး ထုတ်လုပ်သူများကို သီးနှံအာမခံစနစ် စတဲ့မက်လုံးပေးတဲ့ အစီအစဉ်များ ချမှတ်ဆောင်ရွက်ပေးရန်၊ (၆) အပင်များကို ဝတ်မှုန်ကူးပေးမှု လုပ်ငန်းဟာလည်း သီးနှံများ စိုက်ပျိုးထုတ်လုပ်ကြရာတွင် သွင်းအားစုတစ်ခုအဖြစ်အသိအမှတ်ပြုလာကြစေရန်၊ တောင်သူများကို စည်းရုံးပညာပေးရာတွင် ထည့်သွင်းဆောင်ရွက်ကြရန်၊ (၇) သီးနှံတစ်မျိုးတည်း စိုက်ပျိုးနေမှုမှသီးနှံမျိုးစုံ စိုက်ပျိုးတဲ့စနစ်ကို အားပေးကူညီရန်၊ (၈) စိုက်ပျိုးရေးလုပ်ငန်းများနဲ့အတူ မြို့ပြမြေယာအလှ လုပ်ငန်းများကို တွဲဖက်ကာ လိုက်လျောညီထွေရှိစေရေးအားပေးကူညီကြရန်၊ (၉) အပင်များ ဝတ်မှုန်ကူးမှုနဲ့ ဝတ်မှုန်ကူးပေးသူများရဲ့ အခြေအနေများကို ရေရှည်လုပ်ငန်းအဖြစ်လေ့လာ စောင့်ကြည့်သွားကြရန်၊ (၁၀) ပတ်ဝန်းကျင်ဂေဟစနစ် ပိုမိုတိုးတက်ကောင်းမွန်လာစေနိုင်တဲ့ စိုက်ပျိုးရေးနည်းစနစ်များနဲ့ အော်ဂဲနစ်စိုက်ပျိုးရေး နည်းစနစ်များတွင် အထွက်နှုန်းတိုးတက်မြင့်မားလာစေရန် လိုအပ်တဲ့ သုတေသနလုပ်ငန်းများကို ပိုမိုဆောင်ရွက်သွားကြရန်တို့ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ သီးနှံစိုက်ခင်းတွေမှာ ပန်းပွင့်ရာသီနဲ့ကိုက်ညီစွာ ပျားအုံပုံးများ ချပေးထားပြီး ဝတ်မှုန်ကူးမှုကို ကူညီစေကာ သီးနှံအထွက်တိုးတက်စေသကဲ့သို့ ပျားမွေးတောင်သူများမှာလည်း ပျားရည်ထုတ်လုပ်မှု ကောင်းမွန်စေပါတယ်။ နေကြာ၊ နှမ်း၊ပန်းနှမ်း စတဲ့ ပင်ခြားဝတ်မှုန်ကူးကြတဲ့ရာသီသီးနှံစိုက်ခင်းများ၊ လိုက်ချီး၊ လောင်ဂန်၊ မက်မန်း၊ ဆီးသီး စတဲ့ သစ်သီးပင်များ ပန်းပွင့်ရာသီမှာ ပျားအုံပုံးများ ချထားပေးလေ့ရှိကြပါတယ်။စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်က ဆီးပင်စိုက်ပျိုးတဲ့ တောင်သူများနဲ့ ပျားမွေးမြူသူများအကြားအဆင်မပြေမှုများကြောင့် ဆီးခြံများအနီးပျားပုံးများထားနေမှုကို ဆန္ဒပြကြကြောင်းသိရပါတယ်။ ဆီးပင်စိုက်ခင်းမှာ ပျားပုံးများချထားခြင်းကြောင့် ဆီးသီးအထွက် ကျဆင်းစေတဲ့အတွက် ပျားမွေးမြူသူများနဲ့ အဆင်မပြေမှုများရှိခဲ့ကြောင်း ကြားသိရပါတယ်။ ပျားများကို ပန်းပွင့်များ ဝတ်မှုန်ကူးရန် အားကိုးရတဲ့ အင်းဆက်ပိုးအဖြစ် သတ်မှတ်ထားကြပါတယ်။ ပျားအုံပုံးများ ချထားပေးခြင်းဖြင့် အသီးတင်မှုကောင်းစေကာ သီးထွက်တိုးစေနိုင်တယ်လို့ ယူဆကြပါတယ်။ သို့အတွက် ဆီးသီးအထွက် ကျဆင်းရခြင်းအကြောင်းရင်းကို သေချာသိရှိစေနိုင်ဖို့ပျားမွေးမြူရေးပညာရှင်များ၊ ကိမိလဗေဒပညာရှင်များနဲ့ စိုက်ပျိုးရေး ပညာရှင်များပူးပေါင်းလေ့လာစစ်ဆေးကာ အဖြေဖော်ထုတ်ပေးရန် လိုအပ်မှာဖြစ်ကြောင်းပါခင်ဗျာ။
ဒေါက်တာစိန်လှဗိုလ်
မြန်မာတောင်သူကြီးများ ဂျာနယ်