cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရာသီဥတု ပြောင်းလဲမှုကြောင့် လက်ဖက် အထွက်နှုန်းနှင့် အရည်အသွေး

. အပင်၏ဇီဝကမ္မဖြစ်စဉ်ပြောင်းလဲမှု
အပင်တစ်ပင်တည်းမှ အရွက်များဖြစ်သည့်တိုင် လက်ဖက်ပင်စိုက်ပျိုးထားတဲ့ မြေအခြေအနေ၊ မိုးရွာသွန်းမှု၊ အပူချိန် စတဲ့ ပတ်ဝန်းကျင်အခြေအနေများနဲ့အတူ အပင်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုအခြေအနေများပေါ် မူတည်ကာ လက်ဖက်ရွက်နုမှာ ပါဝင်တဲ့ ဓာတုပစ္စည်းများနဲ့ ပါဝင်တဲ့ပမာဏများမတူကွာခြားနိုင်ပါတယ်။
  • တရုတ်နိုင်ငံ၊ တောင်ပိုင်းဒေသဟာ လက်ဖက်ရဲ့ မူရင်းဒေသအဖြစ် သတ်မှတ်ထားပါတယ်။ လက်ဖက်ရည်ဟာ ရေပြီးလျှင် ကမ္ဘာပေါ်မှာ ဒုတိယအများဆုံး သောက်သုံးနေတာ ဖြစ်ပါတယ်။ လက်ဖက်ရည် သောက်သုံးတဲ့ အလေ့အထကိုလည်း တရုတ်နိုင်ငံမှပင်စတင်ခဲ့တာဖြစ်ပြီး အာဟာရဓာတ်များ ရရှိရေး၊ ကျန်းမာရေးနဲ့ တရားအားထုတ်ရာတွင်ပါ အကျိုးအာနိသင်များ ရရှိခံစားနိုင်ကြစေရန်အတွက် သောက်သုံးနေကြတာ ဖြစ်ကြောင်း သိရပါတယ်။ လက်ဖက်ရည် သောက်သုံးကြရာတွင် ခူးဆွတ်တဲ့ လက်ဖက်ရွက်နုအဆင့်၊ပြုပြင် ထုတ်လုပ်နည်းစဉ်များပေါ် မူတည်ကာ လက်ဖက်ခြောက် အမျိုးအစားများစွာရှိကြောင်း သိရပါတယ်။ အဓိက အမျိုးအစားများမှာ အမှုန့်ပြုလုပ်သောက်သုံးတဲ့ လက်ဖက်ခြောက်မှုန့်၊ အချဉ်ဖောက်မှုမရှိဘဲ ထုတ်လုပ်ထားတဲ့ အရွက်စိမ်းလက်ဖက်ခြောက်၊ တစ်ဝက်တစ်ပျက်သာ အချဉ်ဖောက်ထားတဲ့ အူလုံလက်ဖက်ခြောက်၊ အချဉ်ကောင်းစွာဖောက်ထားတဲ့ လက်ဖက်ရည်အခါးနဲ့ ဓာတ်တိုးမှု

    ပြုလုပ်ထားတဲ့ လက်ဖက်ခြောက်ဖြူတို့ ဖြစ်ကြပါတယ်။ လက်ဖက်သောက်သုံးမှု စတင်ခဲ့တဲ့ တရုတ်နိုင်ငံနဲ့ လက်ဖက်ယဉ်ကျေးမှုဆက်လက်ပျံ့နှံ့ ရောက်ရှိခဲ့တဲ့ ဂျပန်နိုင်ငံနဲ့ ကိုရီးယားနိုင်ငံ စတဲ့ အရှေ့အာရှနိုင်ငံများမှာ လက်ဖက်ခြောက်အမှုန့်နဲ့ အရွက်စိမ်းလက်ဖက်ခြောက် အပါအဝင် အရွက်အတိုင်း ပြုလုပ်သောက်သုံးကြတဲ့ လက်ဖက်ရည်များကို အဓိကသောက်သုံးကြပါတယ်။ ဥရောပ၊အရှေ့တောင်အာရှ၊ အာဖရိက စတဲ့ နိုင်ငံများသို့ လက်ဖက်ရည်သောက်သုံးမှု ပျံ့နှံ့ရောက်ရှိပြီးနောက် လက်ဖက်ရည်အခါးခြောက်အဖြစ် ပြုပြင်ထုတ်လုပ်မှု နည်းသစ်ကို တီထွင်ကာ သောက်သုံးမှု များပြားလာခဲ့ကြတာ ဖြစ်ပါတယ်။

    လက်ဖက်ခြောက် ပြုပြင်ထုတ်လုပ်မှု နည်းစဉ်အရ သောက်သုံးရတဲ့အရသာနဲ့ လက်ဖက်ခြောက်ရဲ့ အရည်အသွေးများ ကွာခြားကြပါတယ်။ ထို့အတူပင် အမျိုးအစားတူတဲ့ လက်ဖက်ပင်မျိုးကို စိုက်ပျိုး ထုတ်လုပ်သော်လည်း စိုက်ပျိုးထုတ်လုပ်တဲ့ ဒေသရဲ့ရေ၊ မြေ၊ ရာသီဥတုပေါ် မူတည်ကာ လက်ဖက်ခြောက်အရသာနဲ့ အရည်အသွေးများကွာခြားကြတာကိုလည်း တွေ့ရပါတယ်။ ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာနေမှုများကြောင့် သီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင်ဒေသအလိုက် သီးနှံအထွက်နှုန်းများ လျော့နည်းကျဆင်းလာသကဲ့သို့သီးနှံအရည်အသွေးများလည်း ကျဆင်းလာနေကြောင်းသိရပါတယ်။ မုတ်သုံမိုး ရွာသွန်းမှုကာလ ကြာရှည်လာမှုနဲ့ ရွာသွန်းတဲ့မိုးရေချိန်များလာခြင်းကြောင့် လက်ဖက်အထွက်နဲ့ လက်ဖက်အရည်အသွေး ကျဆင်းလာနေမှုကို တရုတ်နိုင်ငံရဲ့ လက်ဖက်စိုက်ပျိုးမှုများတဲ့တောင်ပိုင်းပြည်နယ်များမှာ လေ့လာတွေ့ရှိရကြောင်း သိရပါတယ်။ လက်ဖက်အထွက်နဲ့ လက်ဖက်အရည်အသွေးကို မထိခိုက်စေရန်အတွက် စိုက်ပျိုးနည်းစနစ်ဆိုင်ရာ ပြုပြင်မှုများ ဆောင်ရွက်ကြရန် လိုအပ်မှာဖြစ်ကြောင်း သုံးသပ်ကြပါတယ်။ စိုက်ပျိုးနည်းစနစ်များပြုပြင်ပြောင်းလဲရာတွင် မိုးများတဲ့ဒဏ်ကို ခံနိုင်ရည်ရှိတဲ့ လက်ဖက်မျိုးများစမ်းသပ်ရှာဖွေ အစားထိုးစိုက်ပျိုးနည်းကိုလည်း အဆိုပြုထားပါတယ်။ လက်ဖက်စိုက်ပျိုးထားတဲ့မြေကို ရေစီးစိမ့်မှု ပိုမိုကောင်းမွန်စေရန် ပြုပြင်ပေးရန်၊ သို့မဟုတ် ရေစုပ်ယူနိုင်စွမ်း ပိုမိုကောင်းမွန်စေရန် ပြုပြင်ဆောင်ရွက်ပေးကြရန်လိုမှာလည်း ဖြစ်ပါတယ်။

    မုတ်သုံမိုးရွာသွန်းချိန်ကာလ ကြာရှည်လာမှုနဲ့ ရွာသွန်းတဲ့ မိုးရေချိန်များမှုကြောင့် လက်ဖက်အထွက်နဲ့ အရည်အသွေးကို ထိခိုက်စေနိုင်သကဲ့သို့ပင် အပူချိန်မြင့်တက်လာနေမှုကလည်း လက်ဖက်အရည်အသွေးကို ထိခိုက်စေနိုင်ပါတယ်။ ကမ္ဘာ့အပူချိန် မြင့်မားလာမှုကြောင့် အခြားသော တိရစ္ဆာန်များနဲ့ အပင်များမှာလည်း အကျိုးသက်ရောက်မှုရှိစေမှာ ဖြစ်တဲ့အတွက် လက်ဖက်နဲ့ အခြားသောသီးနှံများကို စိုက်ပျိုးကြတဲ့ တောင်သူများရဲ့ စီးပွားရေးကိုလည်း ထိခိုက်စေမှာ ဖြစ်ပါတယ်။ လက်ဖက်ကို မြေပြန့်ဒေသမှာ စိုက်ပျိုးနိုင်သော်လည်း အရည် အသွေးကောင်းတဲ့ လက်ဖက်များ ရရှိစေနိုင်ရန် အေးမြတဲ့ဒေသများ၊ မြင့်မားတဲ့ တောင်ကုန်းများမှာ စိုက်ပျိုးကြတာဖြစ်ပါတယ်။“လက်ဖက်ကောင်းစားချင်၊ ပလောင်တောင်တက် နှေးရတယ်”ဆိုတဲ့ စကားဟာ လက်ဖက်ကောင်းရစေနိုင်ရန်အတွက် မြင့်မားတဲ့တောင်များပေါ်မှာ စိုက်ပျိုးသင့်တယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်မယ်ထင်ပါတယ်။ မြန်မာနိုင်ငံမှာ မွန်ပြည်နယ်ကဲ့သို့ မိုးများတဲ့ ဒေသများမှာလည်း လက်ဖက်စိုက်ပျိုးထုတ်လုပ်ပါတယ်။ သို့သော် လက်ဖက်မှာပါဝင်တဲ့ ဓာတုပစ္စည်းများဟာ ရာသီအေးတဲ့ဒေသမှာ စိုက်ပျိုးရရှိတဲ့ လက်ဖက်မှာပါဝင်တဲ့ ဓာတုပစ္စည်းများနဲ့မတူ ကွာခြားနိုင်တဲ့အတွက် လက်ဖက်ခြောက်အရည်အသွေး ကျဆင်းစေပါတယ်။ သို့သော် လက်ဖက်စို ထုတ်လုပ်ရာတွင်မူ အသုံးပြုနိုင်တာကို တွေ့ရပါတယ်။ လက်ဖက် အရည်အသွေး သတ်မှတ်ရာတွင် ပြုပြင်ထုတ်လုပ်ထားတဲ့ လက်ဖက်ခြောက် အမျိုးအစားအလိုက် ပါဝင်တဲ့ ဓာတ်ပေါင်းများရဲ့ပမာဏ၊ ဓာတ်ပေါင်းများ ပြောင်းလဲသွားစေမှု စသည်တို့ အပေါ် သတ်မှတ်ကြတာ ဖြစ်ပါတယ်။

    လက်ဖက်ခြောက် ပြုပြင်ထုတ်လုပ်နည်းအလိုက် လှုံ့ဆော်စွမ်းအား၊ အရသာနဲ့ ကျန်းမာရေးအထောက်အကူပြု ဓာတ်ပစ္စည်းများ ပါဝင်မှုတို့ မတူညီကြပါ။

    သုတေသီများဟာ ရာသီဥတု ပြောင်းလဲလာမှုကြောင့် လက်ဖက်ခြောက်အရည်အသွေးအပေါ် အကျိုးသက်ရောက်စေမှုကို တရုတ်နိုင်ငံ၊ယူနမ်ပြည်နယ်မှာ စိုက်ပျိုးထားတဲ့ လက်ဖက်စိုက်ခင်းများမှ ခူးဆွတ်ပြုပြင်ထုတ်လုပ်ထားတဲ့ လက်ဖက်ခြောက် အမျိုးအစားအလိုက် စမ်းသပ်လေ့လာခဲ့ကြပါတယ်။ “ဂရင်းတီး” လို့ခေါ်တဲ့ အချဉ်ဖောက်မထားတဲ့ လက်ဖက်ခြောက်တွင် ဓာတ်တိုးမှုကို ဆန့်ကျင်စေတဲ့ “ပိုလီဖီနော”လို့ခေါ်တဲ့ “အင်တီအောက်ဆီးဒင့်”ဓာတ်များ ပါဝင်မှုများတာကို တွေ့ရပါတယ်။ ဂရင်းတီးမှာ ပါဝင်တဲ့ အင်တီအောက်ဆီးဒင့် ဓာတ်များဟာအစာခြေစနစ်ကို ကူညီပေးခြင်း၊ နှလုံးရောဂါဖြစ်မှုကို ကာကွယ်ပေးနိုင်ခြင်းနဲ့ သွေးတွင်း သကြားဓာတ်ပါဝင်မှုကို ထိန်းညှိရာတွင် ကူညီပေးပါတယ်။ အင်တီအောက်ဆီးဒင့်ဓာတ်များ ပါဝင်မှုဟာ ကျန်းမာရေးကို အထေက်အကူပေးစေနိုင်တဲ့အပြင် လက်ဖက်ရဲ့ အနံ့နဲ့ အရသာကိုလည်း ဖြစ်စေနိုင်ပါတယ်။ မိုးရွာချိန် ကာလရှည်လာမှု၊ ရွာသွန်းတဲ့မိုးရေချိန် များလာမှု၊ အပူချိန်မြင့်မားလာမှု စတဲ့ ရာသီဥတုပြောင်းလဲလာမှုကြောင့် “ဂရင်းတီး” အရည်အသွေး ကျဆင်းလာစေတာကို တွေ့ရပါတယ်။ အင်တီအောက်ဆီးဒင့်ဓာတ်များအဖြစ် ကတီချင်ဓာတ်အပါအဝင် အဓိကဓာတ်ပေါင်းငါးမျိုး ပါဝင်ပါတယ်။ မိုးရွာကာလ ကြာရှည်ကာ မိုးရေချိန်များခြင်းကြောင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ စိုက်ပျိုးထုတ်လုပ်ရရှိတဲ့ လက်ဖက်ခြောက်တွင် အင်တီအောက်ဆီးဒင့် ဓာတ်များ ပါဝင်မှုဟာ ၅၀ ရာခိုင်နှုန်း ကျဆင်းသွားကြောင်းနဲ့ အခြားသောဓာတ်ပေါင်းများ ပိုမိုလာစေတာကို တွေ့ရပါတယ်။ လက်ဖက်ရွက်နုတွင် ဓာတုပစ္စည်းများအဖြစ် ဖီနော၊ဖလေဗိုနောများ၊ အမိုင်နိုအက်ဆစ်များ၊ ကလိုရိုဖီး၊ ကာဘိုဟိုက်ဒရိတ်၊ ကဖိန်းဓာတ်၊ သတ္တုဓာတ်များ၊ ဗီတာမင်ဓာတ်များနဲ့ အင်ဇိုင်းများပါဝင်တာကို တွေ့ရပါတယ်။

    လက်ဖက်ရွက်နုတွင် ပိုလီဖီနောများပါဝင်မှုဟာ ၂၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းထိ ရှိနိုင်ပါတယ်။ လက်ဖက်ရွက်နုမှာ ပါဝင်တဲ့ ပိုလီဖီနောများတွင် ကတီချင်ဓာတ်ပါဝင်မှုဟာ များပြားပြီး ၆၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းထိ ပါဝင်နိုင်ပါတယ်။ ဗီတာမင်ဓာတ်များနဲ့ အခြားသောဓာတ်များဟာလည်း အရေးပါသော်လည်း ကတီချင်ဓာတ်ဟာ လက်ဖက်အရည်အသွေးနဲ့ ကျန်းမာရေးကို များစွာအကျိုးပြုစေပါတယ်။ ကတီချင်ဓာတ်ကို အခြားသောအပင်များ ဥပမာစပျစ်စေ့နဲ့ ကိုကိုးစေ့များမှာလည်း ပါဝင်နေတာတွေ့ရပါတယ်။ သို့သော် ပါဝင်တဲ့ပမာဏ နည်းပါးနေပါတယ်။ လက်ဖက်ရွက်နုမှာမူ ပမာဏများစွာ ပါဝင်တဲ့အတွက် လက်ဖက်ရည်သောက်သုံးခြင်းဖြင့် ကျန်းမာရေးကိုများစွာအထောက်အကူပြုစေတာ ဖြစ်ပါတယ်။ လက်ဖက်ရည် သောက်ခြင်းဖြင့် ကျန်းမာရေးကို အကျိုးပြုနိုင်စေတဲ့အပြင်သောက်သုံးသူများရဲ့စိတ်ကို နှိုးဆွပေးစေနိုင်တဲ့ အခြားဓာတ်ပေါင်းနှစ်ခုလည်း ပါဝင်နေတာကို တွေ့ရပါတယ်။ ဓာတ်ပေါင်းတစ်ခုမှာ ကဖိန်းဓာတ် ဖြစ်ပါတယ်။ ကော်ဖီစေ့မှာကဲ့သို့ပင်လက်ဖက်ရွက်မှာလည်း ကဖိန်းဓာတ် ပါဝင်ပါတယ်။ ဒုတိယဓာတ်ပေါင်းကတော့ လက်ဖက်ရွက်မှာ ထူးခြားစွာပါဝင်နေတဲ့ သီးယားနင်းလို့ခေါ်တဲ့ အမိုင်နိုအက်စစ်ဖြစ်ပြီး လက်ဖက်ရွက်အခြောက် အလေးချိန်ရဲ့ နှစ်ရာခိုင်နှုန်းထိ ပါဝင်တာကိုတွေ့ရပါတယ်။ သီးယားနင်းဓာတ်ဟာ ဗဟိုအာရုံကြောကို ဖြေလျော့ပေးစေနိုင်ပါတယ်။ ထို့ပြင် ကဖိန်းဓာတ်ကြောင့် ရရှိခံစားရနိင်တဲ့ ဘေးထွက်ဆိုးကျိုးကိုလည်း လျော့နည်းစေတဲ့အပြင်စိတ်အာရုံစိုက်ဆောင်ရွက်စေနိုင်ရန်နဲ့ မှတ်ညဏ်ပိုကောင်းလာစေနိုင်ရန်လည်း အကျိုးပြုပါတယ်။

    အပင်တစ်ပင်တည်းမှ အရွက်များဖြစ်သည့်တိုင် လက်ဖက်ပင်စိုက်ပျိုးထားတဲ့ မြေအခြေအနေ၊ မိုးရွာသွန်းမှု၊ အပူချိန် စတဲ့ ပတ်ဝန်းကျင်အခြေအနေများနဲ့အတူ အပင်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုအခြေအနေများပေါ် မူတည်ကာ လက်ဖက်ရွက်နုမှာ ပါဝင်တဲ့ ဓာတုပစ္စည်းများနဲ့ ပါဝင်တဲ့ပမာဏများမတူကွာခြားနိုင်ပါတယ်။ ရာသီဥတု ပြောင်းလဲလာမှုကြောင့် လက်ဖက်ရွက် အထွက်ကျဆင်းသွားစေနိုင်သကဲ့သို့ လက်ဖက်ခြောက်အရည်အသွေးလည်း လျော့နည်းကျဆင်းသွားနိုင်ပါတယ်။ သို့အတွက် ပြောင်းလဲလာနေတဲ့ ရာသီဥတုနဲ့ လိုက်လျောညီထွေဖြစ်စေမယ့်လက်ဖက်ပင်စိုက်ပျိုးနည်းစနစ်များကို ပြောင်းလဲစီမံ ကျင့်သုံးသွားရန်လိုအပ်မှာ ဖြစ်သကဲ့သို့ ရာသီဥတုဒဏ်ကိုခံနိုင်ရည်ရှိစေမယ့် လက်ဖက်မျိုးသစ်များရှာဖွေဖော်ထုတ်ကြရန်လည်း လိုအပ်ပါတယ်။ ယခုအခါ ကဖိန်းဓာတ်ပါဝင်မှုနည်းတဲ့ လက်ဖက်မျိုးရိုင်းတစ်မျိုးကို တရုတ်နိုင်ငံတွင်တွေ့ရှိထားကြောင်း သိရပါတယ်။

    - ဒေါက်တာ စိန်လှဗိုလ်

    မြန်မာတောင်သူကြီးများ ဂျာနယ်


  • article
likes
3
comments
0
views
1817