လက်ဖက်ပင် စိုက်ပျိုးနည်း
၁။ မူရင်းဒေသ
မြန်မာပြည် မြောက်ပိုင်း၊ ဧရာဝတီဖြစ်ဖျား ခံရာဒေသ တရုတ်ပြည်၊ ဂျပန်ပြည်။
၂။ မျိုးများ
စိုက်ပျိုးဖြစ်ထွန်းသော နေရာဒေသအလိုက် သုံးမျိုး ခွဲခြားထားပါသည်။
(က) တရုတ် လက်ဖက်
(ခ) အာသံလက်ဖက်
(ဂ) အင်ဒိုချိုင်းနား လက်ဖက်
တရုတ် လက်ဖက်မျိုးကို ရှမ်းပြည်နယ်တွင် စိုက်ပျိုးပြီး အပင်ပု၍ အရွက်သေးကာ ချုံပုတ်သဏ္ဍန်ဖြစ်သည် ။ အရွက်မှာ အစိမ်းရင့်ရောင် ဖြစ်ပြီး အထွက် နှုန်းနည်းသည်။ အာသံလက် ဖက်မျိုးသည် အပင်ငယ်သဏ္ဍန်ဖြစ်ပြီး အမြင့် ၃၀-၄၅ ပေ ရှိကာ အရွက် အရွယ်အစားကြီး မား၍ ရွက်ကြော ထင်ရှားစွာ တွေ့ရသည် ။
အင်ဒိုချိုင်းနား လက်ဖက်မျိုးသည် အာသံလက်ဖက်ခန့်ထူးပြီး အရွက်သည် အဝါ သို့ မဟုတ် အစိမ်းပျော့ရောင် ရှိသည်။
၃။ စိုက်ပျိုးသည့် ဒေသများ
ရှမ်းပြည်နယ်တွင် ကျောက်မဲ၊ နမ့်စန်၊ ပင်လောင်း၊ ပင်းတယ၊ မိုင်းကိုင် နှင့် မိုင်းရှူး မြို့နယ်များတွင် အများ အပြား စိုက်ပျိုးပြီး ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အနည်းငယ်စီ စိုက်ပျိုးကြောင်း တွေ့ရပါသည်။
၄။ ရေမြေရာသီဥတု
ပင်လယ်ပြင်မှ ပေအမြင့် ၄၀၀၀ မှ ၆၀၀၀ ကျော် ရှိသည့် ဒေသများ၊ မိုးရေချိန် လက်မ ၆၅ မှ ၈၅ အပူချိန် ပျမ်းမျှ ၈၅ံ ဖာရင်ဟိုက်၊ မြေသားထူ၍ မြေချဉ် ငန်ဓာတ် ၄.၅ မှ ၆ အထိ ရှိပြီး ရေမဝပ်သည့် တောင်ပေါ်မြေနီများကို နှစ် သက်သည်။
၅။ မြေပြုပြင်နည်း
လက်ဖက်စိုက်ပျိုးရန်အတွက် သစ်တောများကို ဒီဇင်ဘာလအတွင်း ခုတ်ထွင် ရှင်းလင်း၍ မတ်လတွင် မီး ရှို့ ပါသည်။ ၎င်းနောက် တစ်တန်းနှင့် တစ်တန်းငါးပေအကွာ ပန္နက်များ ရိုက်ပါ။ ကျင်းများကို ၁၂ လက်မ အကျယ်၊ ၁၈ လက်မ အနက်တူးပါ။ ၎င်းကျင်းများကို နွားချေး၊ မြေဆွေး တစ်ဝက်နှင့် ပေါ်ယံမြေဆွေး တစ်ဝက်ရောထား သော မြေဖြင့်လည်း ဖြည့်ပါ။
၆။ ပျိုးထောင်မျိုးပွားခြင်း
လက်ဖက်ကို မျိုးစေ့မှဖြစ်စေ၊ ပင်ပိုင်းဆိုင်ရာ မျိုးပွားနည်းများ နှင့် ဖြစ်စေ မျိုးပွားနိုင်ပါသည်။ မျိုးစေ့မှ ပျိုး ထောင်နည်းတွင် ဆွတ်ခူးပြီး လက်ဖက်မျိုးစေ့များကို တစ်ပတ်အတွင်း ပျိုးပါ။ မျိုးစေ့ကို ရက်ပေါင်းများစွာ သိုလှောင်ထားပါက အပင်ပေါက် ညံ့သွားတတ်ပါသည်။ လက်ဖက် ပျိုးဘောင် သို့မဟုတ် သေတ္တာများတွင် သန့် ရှင်းလတ်ဆတ်သည့် သဲမြေများ ထည့်ပေးရသည်။ လက်ဖက်စေ့များကို တစ်စေ့နှင့်တစ်စေ့ တစ်လက်မ အကွာတစ်တန်းနှင့် တစ်တန်း လေးလက်မ အကွာထား၍ မျိုးစေ့ချပါ။ သဲမြေဖြင့် အစေ့မြှုပ်ရုံ ဖုံး၍ အပေါ်မှ ကောက်ရိုးများဖြင့် ဖုံးအုပ်ပေးထားပြီး ရေဝသည့် တိုင်လောင်းပါ။ ပျိုးဘောင်များကို အရိပ် ပြုလုပ်ပေးရန် လိုပါသည်။
ပျိုးပင်ကလေးများ ပေါက်လာသည့်အခါတွင် ပလပ်စတစ် ပျိုးအိတ်တွင်းသို့ ရွေ့ပြောင်းစိုက်ပျိုးရသည်။ လက် ဖက်ပင်ဆိုင်ရာ မျိုးပွား နည်းဖြင့် မျိုးပွားမည်ဆိုပါက အထွက်နှုန်းကောင်းသော လက်ဖက်ပင်ကို ရွေးကာ ခြောက်လကြိုတင်၍ ကိုင်းဖြတ်ပေးရမည်။ မျိုးယူမည့် ကိုင်းမှ လက်ဖက်ကို မခူးမိစေရန် အထူးအရေးကြီး ပါသည် ။ ကိုင်းဖြတ်ပြီး ခြောက်လ အကြာတွင် သန်မာသော မျိုးကိုင်းသစ်များ ထွက်လာပြီး ထိုမျိုးကိုင်းမှ နုလွန်း သောအပိုင်းကို ပယ်ကာ မကျိုးလွယ်သော ကိုင်းကိုရွေးရမည်။ ကိုင်းဖြတ်ရာတွင် အဆစ်အောက်ကပ်လျက် စောင်းဖြတ်ပြီး အဆစ်အထက် လက်မဝက်ခန့် အမြင့်တွင် အတည့်ဖြတ်ပေးရ၍ မြေဆွေးထည့်ထားသော အိတ် တွင် ပျိုးနိုင်သည်။ အပင်ငယ် ၁၀ လက်မခန့် ရှိလျှင် စိုက်ခင်းသို့ ရွေ့စိုက်နိုင်ပါသည်။
၇။ စိုက်ပျိုးခြင်း
ပျိုးပင်သက်တမ်း တစ်နှစ် မှ နှစ်နှစ်သား အရွယ် မေ၊ ဇွန်လများတွင် ရွေ့ပြောင်းစိုက်ပျိုးနိုင်သည်။ လက်ဖက် စိုက်ရန် မြေကို မြေဆီ သြဇာတက်စေရန် ပဲမျိုးရင်းဝင် အပင်များ စိုက်ထားသင့်သည်။ တောင်စောင်းများတွင် စိုက်မည်ဆိုပါက စိုက်တန်များကို ၄×၂ ပေ ကွန်တို စိုက်တန်းဖော်၍ စိုက်ရန်ဖြစ်ပါသည်။ ကျင်းကို ၁-×၁×၁.၅ ပေ တူးကာ စိုက်ပျိုးနိုင်ပြီး ကျင်းအကျယ်ကို ထိပ်ကိုး လက်မ၊ အောက်ခြေ ခြောက်လက်မ အကျယ်ထား၍ စိုက်နိုင် ပါသည် ။
၈။ မြေသြဇာကျွေးနည်း
လက်ဖက်ပင်ကို စိုက်ခင်းအတွင်း စိုက်ပြီး နောက် ၄၅ ရက်သားအတွင်း အမြစ်စွဲပြီး ဖြစ်၍ မြေသြဇာ စတင်ကျွေး နိုင်ပါသည်။ နိုက်ထရိုဂျင် အဓိကလိုအပ်သည့်အတွက် ယေဘုယျအားဖြင့် တစ်ဧကလျှင် ယူရီးယား ၂၀၂ ပေါင် နှုန်း နှစ်စဉ် ထည့်ပေးသင့်ပါသည်။
၉။ အပင် ပြုစုနည်း
ကိုင်းဖြတ်ခြင်းကို မိုးဦးနှင့် မိုး လယ်တွင် ဆောင်ရွက်သင့်ပြီး ကိုင်းဖြတ်ရာတွင် အပင်မြင့် နှစ် ပေခန့်တွင် သန် မာသော ဘေးကိုင်းနှစ်ကိုင်းကို ချန်ပြီး ကျန်ကိုင်းများကို ၄၅ံ ဒီဂရီစောင်း၍ ဖြတ်ပစ်ရမည်။ ကိုင်းဖြတ်ခြင်းကို ပေ ၄၀၀၀ အောက် မြေနိမ့်ဒေသများတွင် သုံးနှစ်ကြိမ် ဆောင်ရွက်သင့်သည်။ ကိုင်းဖြတ်ခြင်းဖြင့် အောက်ပါ အကျိုး ကျေးဇူးများ ရရှိစေပါသည်။
၁။ အပင်အိုများ နုပျိုလာခြင်း
၂။ လက်ဖက်ပင်များ သန်စွမ်းပြီး ရွက်နုပိုထွက်စေခြင်း
၃။ လက်ဖက်ခူးရန် လွယ်ကူသော အပင်အမြင့်ကို ထိန်းသိမ်းထားနိုင်ခြင်း
၄။ လက်ဖက်အထွက် နှုန်းတိုးတက်စေခြင်း
လက်ဖက်သည် သုံး နှစ်သားထိ ဆီးနှင်းဒဏ်ခံနိုင်ရည် မရှိ၍ ဆီးနှင်းမှ ကာကွယ်ရန် ကောက်ပင်၊ မြက်ခြောက်၊ ကောက်ရိုးခြောက် တို့ဖြင့် မိုးအုပ်ပေးလေ့ ရှိပါသည် ။
၁၀။ ရောဂါပိုး မွှားများ
ရွက်စားပိုး နှင့် ပင့်ကူနီများ ကျတတ်ပါသည်။ ရွက်စားပိုးများကို ဆိုက်ပါမီသရင်း သုံး၍ နှိမ် နင်ပြီး ပင့်ကူနီများ ကို ကန့်မှုန့်များ သုံး၍ နှိမ်နင်းနိုင် ပါသည်။ ရောဂါများ အကြီးအကျယ် ကျရောက်ကြောင်း မတွေ့ရပါ။
၁၁။ အရွက် ခူးခြင်းနှင့် အထွက်
လက်ဖက်ရွက်ခူးခြင်းကို သုံးနှစ်သား အပင်များမှသာ ဆောင်ရွက်လေ့ ရှိပါသည်။ ပြုစုစောင့်ရှောက်မှု နည်းသော လက်ဖက်ပင်များတွင် ၁၅ ရက် တစ်ကြိမ်သာ ခူးနိုင်ပြီး လက်ဖက်ခူးသည့် အကြိမ် တစ်ကြိမ် နှင့် တစ်ကြိမ် ကြား ကာလတိုတောင်းပါက တစ်ဧကအထွက် မြင့်မားပါသည်။
အရွက် ခူးရာတွင် ဂရုပြုသင့်သော အချက်များ
၁။ မြေပြင် မှ နှစ်ပေခွဲအတွင်းရှိသော အရွက် များကို မခူးရပါ။
၂။ အရွက် ခူး ရမည့် ထိပ် ပိုင်းအတွက် မျက်နှာပြင်သည် ပြန့်ကားနေရမည် ။
၃။ အရွက် ခူး ယူသည့် အခါ အထက် သို့ တက် လာသော အတက် သစ် ကို ၆-၈ လက် မထိ ချိန် ပေး ရမည် ။
၄။ ဘေး အစို့ နှင့် ကြားဖူးမှ အရွက် ကြီးများ ထွက်လာစေရန် အရွက်သေးကို အမြဲတမ်း ချန်ပေးရမည် ။
၅။ အပင် အတွင်းပိုင်းရှိ အစို့သစ် နှင့် အရွက်ခူးယူသည့် မျက်နှာပြင် အောက်ရှိ ဘေး အကိုင်းမှ အစို့သစ်များကို မခူးသင့်ပါ။
လက်ဖက်စိုက်ပျိုးနည်းစနစ်၊ အပင် ပြုစုစောင့် ရှောက်နည်းစနစ် နှင့် လက်ဖက်ခူးသော စနစ်များ အလိုက် တစ် ဧကလျှင် လက်ဖက်ခြောက် ပိဿာ ၁၂၀ မှ ၂၄၀ ထိ ထွက်နိုင်ပါသည်။
Source by – လယ် /ဆည်