ဂျင်းစျေး ထက်ဝက်ခန့် စျေးကျနေ
ပြည်ပတင်ပို့ဖို့ အခက်ခဲရှိနေသည့်အတွက် ပြီးခဲ့သည့်နှစ်ဖြင့် ယှဉ်ပါက ဂျင်းစျေး ထက်ဝက်ခန့် စျေးကျဆင်းနေကြောင်း ကုန်သည်များထံမှ သိရပါသည်။
ပြည်တွင်းထွက် ဂျင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အဓိက တင်ပို့နေရခြင်းဖြစ်ပြီး အဆိုပါ နိုင်ငံကို တင်ပို့နေတဲ့ အဓိက လမ်းကြောင်းများ အဆင်မပြေနေခြင်းကြောင့် အခုချိန်ထိ တင်ပို့နိုင်ခြင်း မရှိသေးကြောင်း ကုန်သည်များ ဆိုပါသည်။
ပြီးခဲ့သည့်နှစ်က ဂျင်းစျေး တစ်ပိဿာကို ၇၀၀၀ မှ ၈၀၀၀ ကြား ရရှိခဲ့ပြီး လက်ရှိမှာတော့ ၂၀၀၀ မှ ၃၀၀၀ ခန့်သာ ရှိတော့ကြောင်း သိရပါသည်။
“ဂျင်းစျေးတက်ဖို့ အစီစဉ် မရှိသေးပါ။ ဘင်္ဂလားဒေ့ရှ်ကို ရခိုင်လမ်းကြောင်းကနေ ပို့လို့မရသေးလို့ပါ။ အခုက ရခိုင်လမ်းကြောင်းကလဲ ပိတ်ထားတာ ကြာပြီ၊ ကုန်လမ်းလဲ မရ၊ ရေလမ်းကလဲ အဆင်မပြေဘူး အဓိက ဆွဲတဲ့ လမ်းကြောင်း ပျောက်သွားတယ်” ဟု ရှမ်းပြည်နယ် အောင်ပန်း ကုန်စည်အမျိုးမျိုး ရောင်းဝယ်လုပ်ကိုင်သူ တစ်ဦးက ပြောပါသည်။
လက်ရှိ ရှမ်းပြည်နယ်၊ အောင်ပန်းတွင် မြေနီဂျင်း အခက်ကြီး တစ်ပိဿာလျှင် ၃၀၀၀ ကျပ်၊ အကြီး အသေးရော တစ်ပိဿာလျှင်၂၅၀၀ ကျပ်သာ ရှိကြောင်း သိရသည်။
လက်ရှိ ဂျင်းကို ပြည်တွင်းသုံးစွဲမှုမှာလည်း နည်းနေခြင်းကြောင့် စျေးကွက် အေးနေရခြင်းဖြစ်ကြောင်းလည်း သုံးသပ်ကြသည်။
ပြည်တွင်းအခြေအနေများ ဖြစ်ပေါ်နေ၍ လမ်းကြောင်းများ ပိတ်ထားသည့်အတွက် ပြည်ပသို့ တင်ပို့နေသည့် ကုန်သည် အချို့ မှလည်း ဂျင်း အဝယ်ရပ်ထားရကြောင်း ပြောသည်။
“လက်ရှိကုန်စိမ်း တော်တော်များများ ကျသွားတယ်။ လမ်းကြောင်းမပွင့်လို့ ကုန်သည်တွေက အခုချိန်အထိ အခက်အခဲ ဖြစ်နေတာ။ ပစ္စည်းရှိပြီး တင်ပို့လို့မရတော့ စျေးက ကျသွားတယ်” ဟု ကုန်သည်တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံမှာ ဂျင်းကို ရှမ်းပြည်နယ် တောင်ပိုင်းတွင် မေလနှင့် ဇွန်လတို့တွင် စိုက်ပျိုးကြပြီး ဒီဇင်ဘာလနှင့် မတ်လတွင် တူးဖော်ကြကြောင်း သိရပါသည်။
ယခုနှစ်မှာ ဂျင်း အထွက်နှုန်းများ ပြီးခဲ့သည့်နှစ်လောက် မလှကြောင်း၊ အရမ်းနုသေးကြောင်း သိရသည်။
ဖိုးချဲ(AMIA)
----------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437