မြေပဲစိုက်ပျိုးထွက်ရှိမှု၊ ဈေးနှုန်းဈေးကွက်နှင့် တောင်သူအကျိုးအမြတ် ရရှိမှု အခြေအနေ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဆီထွက်သီးနှံ ဖြစ်သည့် မိုးမြေပဲကို အဓိကစိုက်ပျိုးလျက်ရှိပြီး ဆောင်းမြေပဲကို အနည်းငယ်သာ စိုက်ပျိုးမှုရှိပါသည်။ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိုးမြေပဲကို (၆၃၈၆၀)ဧက စိုက်ပျိုးခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်း (၄၂.၁၉) တင်းနှုန်းဖြင့် တင်းပေါင်း(၂၆၉၄၅၅၁)တင်း ထွက်ရှိခဲ့ ပါသည်။ ဆောင်းမြေပဲစိုက်ပျိုးမှုအနေဖြင့် (၁၈၄)ဧကသာ စိုက်ပျိုးခဲ့ပြီး တစ်ဧကပျမ်းမျှ အထွက်နှုန်းမှာ(၄၆)တင်းဖြင့် တင်းပေါင်း(၈၄၆၄)တင်း ထွက်ရှိခဲ့ပါသည်။ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိုးမြေပဲကို စိုက်ပျိုးရန်လျာထားမှုအနေဖြင့် (၅၈၂၇၁) ဧက ဖြစ်ပြီး မိုးရာသီကုန်အထိ (၆၅၈၉၀)ဧကစိုက်ပျိုးခဲ့ပြီး ရိတ်ဧက(၅၄၉၈၁)ဧက ရိတ်သိမ်းပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၅၂.၂၉)တင်းဖြင့် အထွက်တင်း စုစုပေါင်း(၂၈၇၄၇၉၂) တင်းထွက်ရှိခဲ့ပါသည်။ ဆောင်းမြေပဲ စိုက်ပျိုးရန် လျာထားမှုမှာ(၃၁၉)ဧကရှိပြီး ယခုစိုက်ပျိုးပြီးစီးမှုမှာ(၁၈၅)ဧက ရှိပါသည်။ ထွက်ရှိသောမြေပဲများကို ကျောက်ပန်းတောင်းမြို့ နှင့်ထိစပ်လျက်ရှိသောကျေးရွာများမှ မြို့ပေါ်ရှိပွဲရုံများနှင့် ဆီစက်များသို့လာရောက်ရောင်းချကြပါသည်။ ၂၀၂၃-၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် မြေပဲဆီဆံတစ်တင်းလျှင်(၈၂၅၀၀)ကျပ်၊ မြေပဲလုံးဆံ တစ်တင်းလျှင်(၁၁၂၅၀၀) ကျပ်၊ မျိုးမြေပဲတစ်တင်းလျှင်(၁၂၀၀၀၀)ကျပ်များဖြင့် ရောင်းချခဲ့ကြပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ် ကာလတူလတွင် မြေပဲဆီဆံတစ်တင်းလျှင်(၁၀၅၀၀၀)ကျပ်၊ မြေပဲလုံးဆံ တစ်တင်းလျှင် (၁၃၀၅၀၀)ကျပ်၊ မျိုးမြေပဲတစ်တင်းလျှင်(၁၃၅၀၀၀)ကျပ်ဝန်းကျင်များဖြင့် အရောင်းအဝယ်ဖြစ် ပေါ်လျက်ရှိပါသည်။
၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကျောက်ပန်းတောင်းမြို့နယ်၏ မြေပဲတစ်ဧကစိုက်ပျိုးမှုကုန်ကျ စရိတ် အနေဖြင့်(၉၄၁၀၀၀)ကျပ်ဝန်းကျင်ကျသင့်ပြီး တစ်ဧကပျမ်းမျှအထွက်တင်း(၅၂.၂၉) တင်းနှုန်း ထွက် ရှိခဲ့ပါသည်။ ယခုမြေပဲတောင့်တစ်တင်းလျှင်(၄၀၀၀၀)ကျပ်နှုန်းရောင်းချခဲ့ရပြီး၊ တစ်ဧကဝင်ငွေ (၂၀၉၀၆၀၀)ကျပ်ရရှိ၍ တောင်သူအကျိုးအမြတ်မှာ(၁၁၅၁၆၀၀)ကျပ်ရရှိခဲ့သည်။ ဒေသထွက်မြေပဲများကို ယခင်က အခြားဒေသများသို့တင်ပို့ရောင်းချမှုများရှိခဲ့သော်လည်း ယခုအချိန်တွင် ပြည်ပသို့ ရောင်းချမှုနည်းပါးလာပြီး ဒေသတွင်း၌သာဆီကြိတ်ခွဲသုံးစွဲမှုများ လာပါသည်။ တောင်သူအကျိုး အမြတ်ရရှိသော ဆီထွက်သီးနှံမြေပဲကို ပိုမိုစိုက်ပျိုးပြီး ပြည်ပသို့ရောင်းချခြင်းမပြုပဲ ပြည်တွင်း၌ သုံးစွဲခြင်း၊ ဆီကြိတ်ခွဲရောင်းချခြင်းများပြုလုပ်ပါက ဒေသတွင်းဆီစားသုံးမှုဖူလုံလာခြင်း၊ တိရစ္ဆာန်အစာများပေါများလာခြင်း၊ ဒေသတွင်း လုပ်သား များအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေခြင်းအပြင် ဘေးအန္တရာယ်ကင်းသောဆီများ စားသုံးရခြင်းကြောင့် ကျန်းမာရေးညီညွတ်ကောင်းမွန်လာစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာစေသည့်အတွက် ဆီထွက်သီးနှံမြေပဲကို ပိုမိုတိုးချဲ့ စိုက်ပျိုးသင့်ပါသည်။
Source: DOCA(မန္တလေး)
----------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437