ရာသီလိုက်သော စပါးမျိုး (ရာသီစပါး)
စပါးပင်သည် စပါးအပင်ရိုင်းအဖြစ် ခရစ်မပေါ်မီ နှစ်ပေါင်းသုံးထောင်ခန့်က အလေ့ကျပေါက်ရောက်သောအပင် ဖြစ်သည်။ စပါးရိုင်း၂၁ မျိုးခန့်ရှိပြီး မျိုးကူးစပ်ပြီး ယနေ့ စိုက်ပျိုးနေသောစပါးအယဉ်သို့ ပြောင်းလဲလာသည်ဟု မှတ်တမ်းများက ဖော်ပြခဲ့သည်။ပုဂံခေတ်တွင် ကျောက်စာများ ရေးထိုးမှတ်တမ်းတင်မှုအရ ထိုစဉ်ကာလက စပါးအထွက်နှုန်းသည် တစ်ဧက ခြောက်တင်းခန့်သာ ထွက်သည်။ ရာသီကိုမှီ၍ ပြည်တွင်းမျိုးများ၊ ဒေသမျိုးများသည် ရာသီစပါးများသာ ဖြစ်သည်။ မြန်မာနိုင်ငံတွင် အဓိကစိုက်ပျိုးကြသည်မှာ သက်တမ်းအလိုက်ပွင့်သီးသော အထွက်ကောင်း စပါးမျိုးနှင့် ရာသီအလိုက်ပွင့်သီးသော ရာသီစပါးမျိုးများ ဖြစ်ကြသည်။ ရာသီစပါးမျိုးများသည် အလင်းရောင်တုံ့ပြန်မှုရှိပြီး ရာသီလိုက်သောစပါးမျိုးများဖြစ်၍ တစ်နှစ်လျှင် တစ်ရာသီတစ်ကြိမ်သာ စိုက်နိုင်ကြသည်။ ပင်စည်ပျော့သည်။ အရွက်ကွေးသည်။ အနှံပါပင်ပွားနည်းသည်။ ဓာတ်မြေသြဇာများများထည့်လျှင်ယိုင်လဲတတ်သည်။ ဓာတ်မြေသြဇာကျွေးသော်လည်း တုံ့ပြန်အထွက်ပြမှုနည်းသည်။ စနစ်တကျ မဟုတ်ဘဲ ကောက်လျင်၊ကောက်လတ်၊ ကောက်ကြီးဟုသာ စပါးအုပ်စု ခွဲခြားကြသည်။ ၁၉၀၆ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စိုက်ပျိုးရေးဌာန စတင်ဖွဲ့စည်းထူထောင်ခဲ့ပြီး နောက်ပိုင်း စနစ်ကျသော စပါးမျိုးခွဲမှုရှိလာသည်။ အုပ်စုအေ ဧည့်မထ၊ အုပ်စုဘီ လက်ရွေးစင်၊ အုပ်စုစီ ငစိန်၊အုပ်စုဒီ မီးဒုံး၊ အုပ်စုအီး ဗြတ် ဆိုပြီး ခွဲခြားခဲ့ကြသည်။ ဧည့်မထစပါးမျိုးတွင် ရွှေဒင်္ဂါး၊ ရဲဘော်စိန်၊ ပင်တိုစိမ်း၊ ရခိုင်သူမ၊ ပဒင်းသူမ၊မြွေစွယ်၊ အီကရင်ကွ စပါးမျိုးများရှိသည်။
လက်ရွေးစင် အုပ်စုတွင် လက်ရွေးစင်မနှင့် မောင်ညိုစပါးမျိုးများ၊ ငစိန်အုပ်စုတွင် ရှင်ငြိမ်း၊ ရွှေခြေကျင်း၊ မှော်ဘီငစိန်မျိုးများ၊ မီးဒုံးအုပ်စုတွင် ငကျွဲ၊ ကမာကြည်၊ မီးဒုံးမွှေးနှင့် နာမည်ကြီးပေါ်ဆန်းစပါးတို့ ပါဝင်သည်။ဗြတ်အုပ်စုတွင် သီးထပ်စိန်စပါးမျိုး ပါဝင်သည်။ ရာသီစပါးမျိုးများသည် စိုက်ချိန် မည်သို့ပင်ကွာခြားမှုရှိသော်လည်း ရိတ်ချိန်မှာကွာခြားမှုမရှိလှသော စပါးမျိုးများဖြစ်ကြ၍ ရာသီချိန်ရောက်ရှိမှသာ ပုံမှန်ပွင့်သီးကြသော စပါးမျိုးများဖြစ်ကြသည်။ လက်ရှိစိုက်ပျိုးလျက်ရှိကြသော ကောက်လျင် စပါးမျိုးများဖြစ်သည့် ကောက်ညှင်း၊ လုံးသွယ်မွှေး၊ ပေါ်ဆန်းရင်၊ ဘေးကြားလေး စပါးမျိုးများသည် အောက်တိုဘာလဝန်းကျင် ပန်းပွင့်သည်။ နိုဝင်ဘာလကုန်တွင် မောင်းညိုချိန် ရောက်ရှိကြသည်။ ကောက်လတ်စပါးမျိုးများ ဖြစ်ကြသည့် နှံကား၊ မြီးကောက်၊ အင်းမရဲဘော် စပါးမျိုးများမှာ နိုဝင်ဘာလလယ်တွင် ပန်းပွင့်ကြပြီး ဒီဇင်ဘာလလယ်တွင် မောင်းညိုချိန်ဖြစ်၍ ရိတ်ကြ၊ သိမ်းကြသည်။ အဆိုပါ ကောက်လတ်စပါးမျိုးများသည် ကောက်လျင်စပါးမျိုးများထက် ၁၅ရက်နောက်ကျပြီး ပန်းပွင့်ရင့်မှည့်မှု ရှိကြသည်။ ပေါ်ဆန်း၊ ငကျွဲ၊ ငစိန်၊ မီးဒုံး စသည့် မျိုးအုပ်စုများသည် ကောက်ကြီးစပါးမျိုးများ ဖြစ်ကြသောကြောင့် ပန်းပွင့်ချိန်သည် နိုဝင်ဘာလကုန်ဖြစ်ပြီး မောင်းညိုချိန်သည် ဒီဇင်ဘာလကုန်၊ ဇန်နဝါရီလဆန်းပိုင်းရောက်မှ ရိတ်သိမ်းနိုင်ကြသည်။ ကောက်ကြီစပါးမျိုးများသည် ကောက်လတ်စပါးမျိုးများထက် ၁၅ ရက်ခန့်နောက်ကျပြီးမှပန်းပွင့်ရင့်မှည့်ကြသည်။ ရာသီစပါးမျိုးများ ပုံမှန်စိုက်ပျိုးမှုတွင် သက်တမ်းကာလ ခြောက်လ၊ ခုနစ်လကြာ၍ တစ်ဧကအထွက်နှုန်းမှာလည်း တင်း ၅၀၊ တင်း ၆၀ ခန့်သာ ထွက်ရှိသည်။သက်တမ်းအလိုက် ပွင့်သီးသောအထွက်ကောင်း စပါးမျိုးများကို တစ်ဧက အထွက်တိုးစေလိုပါက အထွက်တိုး ၁၀ ချက်ကိုလိုက်နာကျင့်သုံး စိုက်ပျိုးကြရန် ယခင်စပါးအထွက်တိုးစီမံကိန်း ပြုလုပ်စဉ်ကာလက နှိုးဆော်ခဲ့ကြသလို ရာသီအလိုက် ပွင့်သီးသော ရာသီစပါးမျိုးများကိုလည်း လက်ရှိ တစ်ဧကအထွက်တင်း ၅၀၊ တင်း ၆၀ ထက် ပိုမိုထွက်ရှိရန်အထွက်တိုးငါးချက်ကို လိုက်နာကျင့်သုံးပါက တစ်ဧက တင်း ၈၀ ကျော် ထွက်ရှိသည်ကို ဧရာဝတီတိုင်းဒေသကြီးတွင် ၁၉၉၈ ခုနှစ်က ကောက်ကြီးမျိုးဖြစ်သည့် ပေါ်ဆန်းမွှေးစပါးစိုက်ပျိုးမှုဖြင့် မှတ်တမ်းရှိခဲ့ပါသည်။ အဆိုပါ ငါးချက်သည် (၁) မျိုးသန့်အဆင့်မြင့် စပါးကို စိုက်ပါ၊(၂) သက်တမ်းငါးလမကျော်အောင်စိုက်ပါ၊ (၃) ကောက်ကွက်တစ်သိန်းရအောင်စိုက်ပါ၊ (၄) လက်ဆများများစိုက်ပါ၊ (၅)ဓာတ်မြေသြဇာ အချိုးကျသုံးပါဟု သတ်မှတ်ခဲ့ကြသည်။ ရာသီစပါးကို စောစောစိုက်ပျိုးထားပါသော်လည်း သက်တမ်းရှည်ပြီးသွားသည်။ ရက်စပါး (အထွက်ကောင်းစပါး)များနှင့်မတူပါ။ ရာသီမီသည်။ နောက်ကျစိုက်ပျိုးလျှင်လည်း သက်တမ်းတိုသွားသည်။ ရိတ်ချိန်မှာ စိုက်ချိန်စောစော သို့မဟုတ် နောက်ကျကျ ၎င်းင်းအချိန်သာ ရိတ်ရသည်။ လက်ရှိစိုက်ပျိုးနေကြသည်မှာသက်လျင်၊ ပေါ်ဆန်းရင်၊ ဘေးကြားစပါးများနှင့် နှံကားမျိုး၊ မြီးကောက်မျိုး၊ အင်းမရဲဘော်ဆိုသည့် ကောက်လတ်စပါးမျိုးများ၊ကောက်ကြီးစပါးမျိုးတွင် ငကျွဲ၊ မီးဒုံး၊ ငစိန်၊ ပေါ်ဆန်းမျိုးများ စိုက်ကြသည်။ ဤတွင် နာမည်ကြီးပေါ်ဆန်းစပါးသည် မီးဒုံးအုပ်စုဝင် ကောက်ကြီးမျိုးဖြစ်သည်။ ပေါ်ဆန်းစပါး ၁၉ မျိုးရှိရာတွင် ရာသီလိုက်သည့် စပါးကိုးမျိုး၊ သက်တမ်းစပါး ၁၀ မျိုးရှိသည်ဟုသိရသည်။ရာသီလိုက်ပေါ်ဆန်းစပါး ကိုးမျိုးသည် ပေါ်ဆန်းကြီးအုပ်စုဝင် ဖြစ်ကြသည်။ နိုဝင်ဘာလဒုတိယပတ် ပန်းပွင့်သည့်မျိုးသုံးမျိုး၊နိုဝင်ဘာလတတိယပတ် ပန်းပွင့်မှု ငါးမျိုးနှင့် နိုဝင်ဘာလ စတုတ္ထပတ်ပန်းပွင့်သည်မျိုး တစ်မျိုးရှိသည်။ ပေါ်ဆန်းစပါးမျိုးများသည် ဧရာဝတီတိုင်းဒေသကြီး၏ မူရင်းစပါးမျိုးများ ဖြစ်ကြသည်။ကောက်ညှင်းစပါးသည် သက်လျင်ရာသီစပါးဖြစ်သည်။
ကောက်လျင်လည်း “ဖုံးတုန်းလုံးတုန်း တန်ဆောင်မုန်း”ပါ။ မြန်မာလနှင့်ချိန်ဆလျှင် ကောက်လတ်စပါးမျိုးများသည်တန်ဆောင်မုန်းလပြည့်တစ်ဝိုက်တွင် စပါးပင်မှ ပန်းပွင့်သည်။ ပန်းပွင့်ပြီးတစ်လကြာ နတ်တော်လပြည့်ဝန်းကျင်တွင် မောင်းညို၍ စပါးရိတ်ကြသည်။ ထို့ကြောင့် ရှေးက ပြောကြဆိုကြသည်မှာ “ဖုံးတုန်းလုံးတုန်း တန်ဆောင်မုန်း”ဟု ခေါ်ကြပြောကြသည်။ ကောက်ကြီးစပါးမျိုးသည် တန်ဆောင်မုန်းလကုန်တွင် ပန်းပွင့်ပြီး နတ်တော်လကုန်တွင်မှ မောင်းညိုသည်။ ကောက်ကြီးစပါးမှာလည်း “ဖုံးတုန်းလုံးတုန်း တန်ဆောင်မုန်း”ပါပဲ။ လုံးသွယ်မွှေးစပါးသည် ရာသီစပါးဖြစ်သည်။ သီတင်းကျွတ်လပြည့်ဝန်းကျင်ရက်များ ပန်းပွင့်၍ တန်ဆောင်မုန်းလပြည့်ကျော်မှ မောင်းညိုသည်။ ရာသီစပါးသည် အရွက်ပျော့ပြီး နွဲ့ညွှတ်သည်၊ စိုက်ပျိုးနေကျ ငါးလထက်သက်တမ်းကျော်အောင် စိုက်ပျိုးလျှင် ရွက်ဖားထိုး၍ အပင်ဟုံပြီး အပင်ယိုင်လဲတတ်သည်။စောစောစိုက်မိလျှင် အပင်ရှည်ကြီးထွားပြီးယိုင်လဲကာ ပွင့်ရမည့်၊ သီးရမည့်ရာသီ မရောက်မချင်း ပွင့်လည်းမပွင့်၊ သီးလည်းမသီးပါ။ပွင့်ချိန်၊ သီးချိန်တွင် လေပြင်းတိုက်၊ မိုးရွာမှုများပါက ဒဏ်မခံနိုင်ဘဲ အပင်ယိုင်လဲသဖြင့် စပါးထွက်လျော့နည်းဆုံးရှုံးရသည်။ယိုင်လဲသဖြင့် အဖျင်းများသည်။ ဆန်စက်တွင် ကြိတ်ခွဲရာ၌လည်း အကျိုးအကြေများပြီး ဆန်ရောင်ဆန်သား မလှနိုင်။ စိုက်ပျိုးကြသည့်အလေ့အထ ခြောက်လ၊ ခုနစ်လအစား စပါးပင်သက်တမ်း ငါးလနှင့် ငါးလအောက်သက်တမ်းရှိသော ရာသီစပါးပင်သည် အပင်တိုသွားသဖြင့်လေဒဏ်၊ မိုးဒဏ် ခံနိုင်သည်။ အနှံထွက်၍ရင့်မှည့်သော်လည်း အပင်မရှည်သဖြင့် ယိုင်မလဲတော့။ ယိုင်မလဲသဖြင့် ဆန်ထွက်နှင့် ဆန်အရည်အသွေး ကောင်းလာသည်။ ငါးလကျော်သက်တမ်း ထားခြင်းဖြင့် စပါးပင်ပွားများသည်။ အောင်မြင်သောစပါးနှံရရှိရန် အခွင့်အလမ်းနည်းလာသည်။ အနှံထွက်မှုနည်းပြီး စပါးပင်သာ ရှည်လာ၊ မြင့်လာသဖြင့် ကောက်ရိုးထွက်သည့် ပင်ပွားရရှိမှု များလာသည်။ ရာသီစပါးကို ကောက်ကွက်စိပ်စိပ်စိုက်ပျိုးပြီး သက်တမ်းကိုလည်း ငါးလလျှော့ချလိုက်သဖြင့် ကောက်ရိုးထွက်မည့် ပင်ပွားနည်းသွားသည်။ ပင်ပွားလျော့နည်းမှုကိုကောက်ကွက်တစ်သိန်း စိုက်ခဲ့ကြသဖြင့် အနှံပါပင်ပွား များလာသည်။ လက်ဆကိုလည်း သာမန်လက်ဆထက် နှစ်ဆပိုများ စိုက်ခဲ့သဖြင့်ခေါင်နှံများ များများရပြီး စပါးထွက်ပိုလာသည်။ လက်ဆများ စပါးစိပ်စိပ်စိုက်ပျိုးထားသဖြင့် စပါးပင်ယိုင်လဲမှု သက်သာသည်။
ရာသီစပါးတွင် ဓာတ်မြေသြဇာထည့်လျှင် အထွက်ကောင်းစပါးကဲ့သို့ တုံ့ပြန်မှုနည်းသည်ဟု သိကြသည်။ ရာသီစပါး၏ ပုံမှန်သက်တမ်းကို လျှော့ချလိုက်သဖြင့် စပါးပင်မမြင့်ဘဲ အပင်ပုတိုလာသဖြင့် အဓိက ဓာတ်မြေသြဇာ သုံးမျိုး N / P / K ကိုမြေခံတွင်ထည့်ပေးခြင်း၊ အပင်ပွားချိန် N ကို တစ်ကြိမ်ထည့်ပေးခြင်းဖြင့် အထွက်ကိုများစေသည်။ရာသီစပါးစိုက်ပျိုးမှုတွင် နည်းပညာ အသုံးချစိုက်ပျိုးခြင်းဖြင့် အထွက်ကို ကောင်းစေကြောင်း ယခင်က စမ်းသပ်စိုက်ပျိုးမှုမှတောင်သူများ၏ လယ်ကွက်အရောက် မှတ်တမ်းပြုခဲ့မှုများ ဧရာဝတီ တိုင်းဒေသကြီးတွင် ရှိခဲ့ပါသည်။ နည်းပညာအသုံးချစိုက်ပျိုးခြင်း မပြုခဲ့စဉ်ကာလတစ်လျှောက်တွင် ရာသီစပါးသည် တစ်ဧက တင်း ၅၀ ခန့်သာ ထွက်ရှိကြသည်။ သို့သော် နည်းပညာကျင့်သုံးနိုင်ပါကတစ်ဧက တင်း ၈၀ ကျော် ထွက်ရှိမှုကို ပေါ်ဆန်းမွှေးစပါး၌ ဆောင်ရွက်နိုင်ပါသည်။ ထိုင်းနိုင်ငံတွင်လည်း ရာသီစပါးဖြစ်သော လုံးသွယ်မွှေးကို နည်းပညာဖြင့် တစ်ဧကတင်း ၁၀၀ ကျော်ထွက်ရှိအောင် ပြုလုပ်နိုင်ခဲ့သည်။တောင်သူများ နည်းပညာကျင့်သုံးလာကြသည်။ မျိုးကိုသန့်အောင် ပြုလုပ်ကြသည်။ သက်တမ်းငါးလမကျော်အောင် စိုက်ရသည်။ (ဝါဆိုလပြည့် ပျိုးထောင်ပါက ဝါခေါင်လပြည့်စိုက်လျှင် နတ်တော်လတွင် ရိတ်နိုင်သည်။) ဤသည်မှာ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင် ရာသီစပါးစိုက်ပျိုးမှုပုံစံဖြစ်သည်။ သက်တမ်းငါးလကျော်လျှင် အပင်ရှည်ပြီး ယိုင်လဲခြင်းမှာအကြီးမားဆုံး ပျက်စီးမှု ဖြစ်သည်။ စပါးနှံထွက်ပြီး ယိုင်လဲလျှင် အဖျင်းများ၍ စပါးပျက်သည်။ ငါးလသက်တမ်းဝန်းကျင်ရှိလျှင် အပင်တို၍ အနှံထွက်လျှင်လည်း လေဒဏ်၊ မိုးဒဏ် ခံနိုင်သည်။ ထို့ပြင် သက်တမ်းငါးလကျော်လျှင်ထွက်လာသောစပါးအပင်များသည် အနှံစမကောင်းဘဲ အနှံမထွက် ကောက်ရိုးသာထွက်သော ပင်ပွားများဖြစ်ကြသည်။အထွက်ကောင်း စပါးများ၏ သက်တမ်းကို ပြန်လည်စိစစ်ကြည့်ပါသော်လည်း သက်တမ်းကို ငါးလမကျော်အောင် ပြုလုပ်ကြသည်။ ထို့ကြောင့် အထွက်ကောင်းရရှိသည်။ ရက် ၆၀၊ ရက် ၉၀၊ ရက် ၁၀၀၊ ရက် ၁၂၀ ရှိသည်။ ရာသီစပါးမျိုးများကို ပျိုးသက်တစ်လ၊ အပင်ပွားချိန် တစ်လခွဲ၊ အနှံဖြစ်ချိန် (မှို့ကပ်ချိန်မှ ပန်းပွင့်ချိန်) တစ်လ၊ အစေ့ဖြစ်ချိန် (ပန်းပွင့်နို့ရည် စတည်ချိန်မှမောင်းညိုချိန်အထိ) တစ်လ စုစုပေါင်းလေးလခွဲနှင့် စိုက်ပျိုးမှု ချိန်ညှိဆောင်ရွက်ကြသည်။ စပါးပင်သက်တမ်း သုံးလထက်နည်းလျှင်လည်း ရာသီစပါးသည် အထွက်ကျနိုင်ပါသည်။ ယခုအခါ ရာသီစပါးများကို ဇီဝနည်းပညာဖြင့် ရက်စပါး (အထွက်ကောင်းစပါး) အဖြစ် ပြောင်းလဲနိုင်ပါပြီ။ အတတ်ပညာ၊ နည်းပညာဖြင့် စိုက်ပျိုးမှုတိုးတက်အောင်ပြောင်းလဲဆောင်ရွက်နိုင်ကြပါသည်။
ဆွေရည်မြန်မာတောင်သူကြီးများ ဂျာနယ်
photo internet
✦✦✦✦✦✦✦✦✦✦
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752