တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
ဆန်
ဆန်က ယခုရက်သတ္တပတ် ပြည်တွင်းဈေးကွက်မှာတော့ အကျဘက်ကို ဦးတည်နေပါတယ်။ နိုင်ငံ တကာဈေးကွက်တွင် အိန္ဒိယနိုင်ငံ၏ ရောင်းလိုအား တိုးမြှင့်မှုကြောင့် ဆန်ဈေးနှုန်းများ ဆက်တိုက်ကျဆင်းမှု၏ အကျိုးဆက်က ပြည်တွင်းသို့ စတင်သက်ရောက်လာပါတယ်။
ယခုလအတွက် စားသုံးသူရေးရာ ဦးစီးဌာနမှ ထုတ်ပြန်သော ရည်ညွှန်းဆန်ဈေးနှုန်းတွင် ဆန်ကြမ်းဈေးနှုန်းက ယခင်လထက် လျော့နည်းသွားသကဲ့သို့ ရန်ကုန်လက္ကားဈေးကွက်တွင် ဆန်ကြမ်းဈေးနှုန်းက ပျဉ်းမျှ တစ်အိတ်လျှင် ၁၀၀၀ ကျပ်မှ ၂၀၀၀ ကျပ် အကြား ဈေးကျဆင်းသွားပါတယ်။
သို့သော် ပြည်တွင်းဈေးကွက်ကိုသာ အဓိက ဦးတည်ထားသည့် ပေါ်ဆန်းဆန် အမျိုးအစားများက ဈေးနှုန်းပြောင်းလဲမှုမရှိပေ။
ယခုရက်သတ္တပတ် ရန်ကုန် လက္ကားဈေးကွက်မှာတော့ ပြည်တွင်းစားသုံးသည့် ဆန်ကြမ်းရှယ်အမျိုးအစားတွင် ရက် ၉၀ ဆန် တစ်အိတ်လျှင် အမြင့်ဆုံးဈေးနှုန်း ၉၆,၀၀၀ ကျပ် မှ ၉၅၀၀၀ ကျပ်၊ ဇီယာ ရှယ်တစ်အိတ်လျှင် အမြင့်ဆုံး ၈၄,၀၀၀ ကျပ်မှ ၈၂၀၀၀ ကျပ်သို့ ကျဆင်းလာပါတယ်။
သို့သော် ပြည်တွင်းအဓိက စားသုံးသည့် ပေါ်ဆန်းဆန်များ၏ ရည်ညွှန်းဈေးနှုန်းက ယခင်လများ အတိုင်းအပြောင်းအလဲမရှိသဖြင့် လက္ကားဈေးကွက်တွင် ရွှေဘိုပေါ်ဆန်းက အမြင့်ဆုံး တစ်အိတ် ၁၅၀,၀၀၀ ကျပ်၊ ကြားပျံပေါ်ဆန်းက တစ်အိတ်လျှင် ၁၃၅,၀၀၀ ကျပ် ဈေးဖွင့်ပါတယ်။
မတ်ပဲ
ပြည်ပ FOB ဈေးနှုန်း တည်ငြိမ်နေသော်လည်း ပြည်တွင်းဝယ်လိုအား အချို့ကြောင့် မတ်ပဲက ယခုရက်သတ္တပတ်တွင် ကျဈေးတွင် ဈေးနှုန်းအပြောင်းအလဲ အနည်းငယ်ရှိနေပါတယ်။
ရန်ကုန် ဘုရင့်နောင် ဈေးကွက်တွင် မတ်ပဲ FAQ အမျိုးအစး ဈေးနှုန်းက တစ်တန် ကျပ်သိန်း၃၀ အောက်တွင် အတက်အကျအနည်းငယ် ရှိနေပါတယ်။
ပြည်တွင်းဈေးကွက်တွင် မတ်ပဲဈေးက ဖေဖေါ်ဝါရီ ၃ တွင် တစ်တန်လျှင် ၂,၉၈၆,၀၀၀ ကျပ်ဖြင့် ဈေး စတင်ခဲ့ပြီးနောက် ၂,၉၃၀,၀၀၀ ကျပ်ကျော်ကို ပြန်လည်ကျဆင်းခဲ့ပါတယ်။ ထိုနောက် ဖေဖေါ်ဝါရီ ၅ ရက်တွင် ကျပ် ၂,၉၄၀,၀၀၀ ကျော်ကို ပြန်လည်မြင့်တက်၍ ဖေဖေါ်ဝါရီ ၇ တွင် ကျပ်၂,၉၃၀,၀၀၀ ကျော်ကို ပြန်လည် ကျဆင်းလာပါတယ်။
ပြည်တွင်းဈေး အနည်းငယ် အလှုပ်အခက်ရှိနေသော်လည်း ပြည်ပ FOB ဈေးနှုန်းက မတ်ပဲ FAQ တစ်တန်ကို အမေရိကန် ဒေါ်လာ ၇၄၀နှင့် ၇၅၀ သာ ဈေးဖွင့်ပါတယ်။
ပဲစင်းငုံ
အိန္ဒိယ အစိုးရ၏ လွတ်လပ်စွာတင်သွင်းခွင့် တစ်နှစ်သက်တမ်းတိုးရထားသော ပဲစင်းငုံက ရန်ကုန်ဈေးကွက် တွင် တစ်တန်ကျပ် ၂၉သိန်းအောက် ဈေးဖွင့်ပါတယ် ။
မြန်မာပြည်အလယ်ပိုင်း မိုးရာသီတွင် စိုက်ပျိုးပြီး လက်ရှိအချိန် ဈေးကွက်ထဲသို့ ပဲအသစ်များဝင်နေသည့် ပဲစင်းငုံက အကျဘက်တွင်သာ ဈေးအနည်းငယ်လှုပ်ခက်နေပါတယ်။
ယခုရက်သတ္တပတ်အတွင်း ပဲစင်းငုံ(အနီ) တစ်တန် ၂,၈၇၀,၀၀၀ ကျပ်ဖြင့် ဈေးစတင်ဖွင့်လှစ်ပြီး နောက် ကျပ်၂,၈၆၀,၀၀၀ ကျော်အထိ ဈေးကျဆင်း၍ ၂,၉၀၀,၀၀၀ ကျပ်သို့ ဈေးပြန်လည်မြင့်တက်ခဲ့ပါတယ်။
မတ်ပဲကဲ့ သို့ပင် ပဲစင်းငုံ၏ FOBဈေးနှုန်းကလည်း တည်ငြိမ်ပါတယ်။ ပဲစင်းငုံ (အနီ) တစ်တန်၏ FOBဈေး နှုန်း က ဒေါ်လာ ၇၂၀ နှင့် ၇၃၀ ဈေးဖွင့်ပါတယ်။
ပဲတီစိမ်း
အိန္ဒိယ အပြင် အခြားသော နိုင်ငံများကပါဝယ်လိုအားရှိသောပဲတီစိမ်းက ယခုရက်သတ္တပတ်တွင် ဈေးငြိမ်နေပါ တယ်။
ရန်ကုန်ဈေးကွက်တွင် ပဲတီစိမ်း(ခရမ်းရွှေဝါ)နှင့် ပဲခူးရွှေဝါက တစ်ပိသာ ၅,၅၈၀ ကျပ်၊ ပဲတီစိမ်း ငါးခယ်မ FAQက တစ်ပိသာ ၅,၀၈၀/၅,၁၀၀ ကျပ်ဈေးဖွင့်ပါတယ်။
မြန်မာနိုင်ငံ အလယ်ပိုင်းဈေးကွက်ကြီးတစ်ခုဖြစ်သည့် မန္တလေးဈေကွက်တွင် ပဲတီစိမ်း (အညာ) အသစ်က တစ်တန်လျှင် အမြင့်ဆုံး ၃၁သိန်းကျော် ဈေးဖွင့်ပြီး ပဲတီစိမ်းအသေး (စိမ်းနောက်)တစ်တန်လျှင် ၂၈သိန်းကျော် ဈေးဖွင့်ပါတယ်။
ပြောင်း
ထိုင်းနိုင်ငံ၏ အာဆီယံအခွန် သက်သာခွင့်ဖြင့် ပြောင်းဝယ်ယူမည့် အစီအစဉ်စတင်ချိန်တွင် ပြည်တွင်း ပြောင်းဈေး က ပြီးခဲ့သည့် ရက်သတ္တပတ်မှ စတင်ပြီး အတက်ဘက်ကို ဦးတည်နေပါတယ်။
အမျိုးအစားအလိုက် ဈေးနှုန်း အတက် ဘက်ကို ပြောင်းလဲနေပြီး ယခုရက်သတ္တပတ်တွင် ဗမာပြောင်းက တစ်တန်ကို ကျပ် ၁၀,၀၀၀ ကျော် ဈေး မြင့် တက်ပါတယ်။ ဖေဖေါ်ဝါရီ ၃တွင် တစ်တန်လျှင် အမြင့်ဆုံး ကျပ် ၉၄၀,၀၀၀ကျော် ဈေးဖွင့်ခဲ့သော ဗမာပြောင်း အမျိုးအစားက ကျပ် ၉၅၀,၀၀၀ ကျော်သို့မြင့်တက်လာပါတယ်။
သို့သော် ရှမ်းပြာင်းနှင့် CPပြောင်း က ပြီးခဲ့သည့် ရက်သတ္တပတ် အမြင့်ဈေးအတိုင်း တည်ငြိမ် နေပါတယ်။ရှမ်းပြောင်းက တစ်တန်လျှင် ကျပ် ၉၇၅,၀၀၀ ကျော်၊ CPပြောင်းက ကျပ် ၉၆၃,၀၀၀ ကျော်တွင်ဈေးငြိမ်နေပါတယ်။
မြန်မာ့ပြောင်း၏ အဓိက ဈေးကွက်တစ်ခုဖြစ်သော ထိုင်းနိုင်ငံ၏ ပြောင်းထုတ်လုပ်မှုက ယခင်နှစ်ထက် ၂ရာ ခိုင် နှုန်း တိုးတက်ပြီး အထွက်နှုန်း ၅ဒသမ၄သန်းရှိမည် ဟု ခန့်မှန်းနေသကဲ့သို့ နိုင်ငံတကာ၏ ပြောင်း ထုတ်လုပ်မှု ကလည်း စုစုပေါင်းထုတ်လုပ်မှုပမာဏ အနည်းငယ် လျော့ နည်းမည့်မှန် ခန့်မှန်းမှုများလည်းရှိနေ ပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကတော့ နှစ်ပတ်ဆက်တိုက် အကျဈေး နဲ့ ဈေးငြိမ်နေပါတယ်။ဈေးကွက်အတွင်း နယ်စုံက ကြက်သွန်တွေ အဝယ်ရှိနေပြီး အသစ်တွေ ဈေးကွက်ထဲ ဆက်တိုက် ဝင်နေတဲ့တွက် ဈေးက အကျဈေးနဲ့ရှိနေတာ ဖြစ်ပါတယ်။
ဈေးကွက်ထဲကို ဆိပ်ဖြူ၊မြင်းခြံ၊မြစ်သား၊ပခုက္ကူကို အဝင်များပြီး တစ်ပိဿာကို ၁၉၀၀ မှ ၃၇၀၀ ကြား ရှိပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူက ရှမ်း ရော ကြူကုတ်ရော အကျဈေး နဲ့ ရှိနေပါတယ်။တရုတ်နှစ်သစ်ကူး မတိုင်ခင် ကတည်းက ဈေးကွက်ထဲ အဝင်များပြီး ဈေးကျဆင်းနေတာ ဖြစ်ပါတယ်။လက်ရှိမှာတော့ ပြည်တွင်းဈေးကွက်ထဲ ကို ပုံမှန် အဝင်ရှိပေမယ့် ပြည်တွင်း ဝယ်လိုအား ပုံမှန်အခြေအနေသာ ရှိနေခြင်းကြောင့် အကျဈေးနဲ့ ငြိမ်နေတာ ဖြစ်ပါတယ်။
ကြက်သွန်ဖြူ (ကြူကုတ်)ကတော့ တစ်ပိဿာကို ၁၄၅၀၀ ကျပ်ရှိပါတယ်။ကြက်သွန်ဖြူ(ရှမ်း အောင်ပန်း)ကတော့ တစ်ပိဿာကို ၉၀၀၀ မှ ၁၂၀၀၀ ကြား ရှိပြီး တစ်လအတွင်း တစ်ပိဿာကို ၂၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။
(AMIA)
--------
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437