လယ်ယာစိုက်ခင်းများတွင်ပြုလုပ်နိုင်သော ပိုးထောင်ချောက်များ
တောင်သူကြီးများ အများစုသည် ဒေသအနှံ့ လယ်ယာကိုင်းကျွန်းများတွင် သီးနှံဖျက်ပိုးနှင့် နပန်းလုံးနေကြရပါသည်။ သီးနှံမျိုးစုံစိုက်ပျိုးကြသည်မှာလည်း နွေ၊ မိုး၊ ဆောင်းတစ်နှစ်ပတ်လုံး ရှိနေသည်။ စိုက်ပျိုးမှလည်းစားကြရသည်။ ဝင်ငွေရကြသည် မဟုတ်ပါလား။ ဖျက်ပိုးမျိုးစုံကလည်း ကျလိုက်ကြသည်မှာ ပိုးသတ်ဆေးမျိုးစုံနှင့် လက်တွဲမိတ်ဆက်ထားကြရသည်။ ကုန်လိုက်သည့်ငွေကလည်း ပိုးမွှား ကာကွယ်စရိတ်က မနည်းလှပါ။ အေ<ကးရသည်ထားပါဦး သီးနှံထွက်တော့ ပြန်ဆပ်ကြရပါသည်။ဤသို့ဖြင့် ပိုးနှင့်ဆေး၊ ဆေးနှင့်ပိုးသည် လုံးချာလည်နေတော့သည်။ လုံးလည်ချာလည်လိုက်နေမှုက ပိုးက ဆေးတွေခံနိုင်လား။ဆေးက နှုန်းထားတွေမြှင့်ပြီး သုံးလာကြနှင့် ချာလပတ်လည်နေတော့သည်ဟု တောင်သူတွေက ပြောကြသည်။ ကြုံတွေ့နေရသည့်တောင်သူကြီးများကလည်း “ စိုက်ခင်းပိုးကျနေပြီ။ ဘာဆေးသုံးရမလဲ “ ဟု အများစုက စတင်မေးမြန်းကြပါသည်။ ဟုတ်ပါသည်။ ပိုးသတ်ဆေးကတော့ သုံးကြရတော့မည်။ အဘယ့်ကြောင့်ဆိုသော် သိရသောအချိန်သည် ပိုးကျမှုအခြေအနေက တော်တော်ဆိုးရွားနေကြပါပြီ။ အသိနောက်ကျမှုသည် စိုက်ခင်းကို မပြတ်ကြိုတင်စစ်ဆေးမှုနည်းပါးခြင်းကလည်း လိုအပ်ချက်တစ်ချက် ဖြစ်ပါလိမ့်မည်။ကာကွယ်ခြင်း၊ ကြိုတင်ကာကွယ်နှိမ်နင်းခြင်းမှာ ပိုးမွှားအတွက် ရှေ့ပြေးဆောင်ရွက်ရမည့် ထိရောက်သောအချက်ဖြစ်ပါသည်။ပိုးမကျခင်ဖြစ်စေ၊ ပိုးကျမှုစတင်စအချိန်ဖြစ်စေ ကြိုသိလျှင် ကြိုလုပ်နိုင်သောအချက်များရှိ၍ “ ဘက်စုံပိုးမွှားကာကွယ်ရေး“ ကိုအလေးထားဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်နေကြပါသည်။ သို့သော်လည်း တောင်သူကြီးများမှာလည်း အခက်အခဲပေါင်းများစွာနှင့် ရုန်းကန်လှုပ်ရှားသွားလာ ဆောင်ရွက်နေကြရသဖြင့် လစ်ဟာမှုအချို့ ရှိနိုင်ပါသေးသည်။နားလည်ပါသည်။သို့သော် သီးနှံဖျက်ပိုးတို့ကို နှိမ်နင်းမှုတွင် လက်ဦးမှုရယူရပါမည်။ဖျက်ပိုးတို့၏ အလေ့အထ သဘာဝကို ကြိုတင်လေ့လာသိရှိကြသင့်ပါသည်။ သီးနှံဖျက်ပိုးတို့ကို ကာကွယ်နှိမ်နင်းနိုင်သော“ ထောင်ချောက်“ တို့ကိုလည်း သိသင့်ကြပါသည်။ ထောင်ချောက်သီးနှံပင်အဖြစ် စိုက်ခင်းဘေးနှင့် စိုက်ခင်းထဲတွင် ပြောင်းပင်အနည်းငယ်ကိုထည့်၍ စိုက်ပျိုးခြင်းမှာတောင်သူအများစုပြုလုပ်လေ့ရှိကြပါသည်။ ဖျက်ပိုးများသည် မိမိစိုက်ပျိုးထားသော သီးနှံထက် အဆိုပါထောင်ချောက်သီးနှံပင်သို့ သွားရောက်ကျနိုင်ပြီး နှိမ်နင်းကြပါသည်။ အထူးသဖြင့် သီးလုံးဖောက်ပိုး၊ပဲသီးစားပိုးတို့ကို နှိမ်နင်းကာကွယ်နိုင်ကြသည်။ ဟင်းသီးဟင်းရွက်စိုက်ခင်းနှင့် ပဲမျိုးစုံစိုက်ခင်းများတွင် ပြောင်းဖူးပင်များ ညှပ်၍ စိုက်ပျိုးထားကြလျှင် ပြောင်းဖူးပင်သည် ထောင်ချောက်သီးနှံပင်ဖြစ်သွားသည်။အဝါရောင်ပန်းပွင့် ပွင့်တတ်သောအပင်များကို စိုက်ခင်းဘေးပတ်လည်တွင် စိုက်ပျိုးထားလျှင် ဖျက်ပိုးများသည် သီးနှံစိုက်ခင်းကအပင်ထက် ထောင်ချောက်ပင်သို့ သွားရောက်ကြလေ့ရှိသည်။ နေကြာရိုင်းပင်၊ နေကြာပွင့်များ၊ ပန်းနှမ်းပင်များ စိုက်ပျိုးကြသည်။စိုက်ခင်းရှိ အပင်များ သီးကင်းဝင်စအချိန်တွင် ပန်းပွင့်အောင်ချိန်ဆ စိုက်ကြသည်။ ဟင်းသီးဟင်းရွက်စိုက်ခင်း၊ ပဲမျိုးစုံစိုက်ခင်းနှင့် သရက်၊ မာလကာ၊ ပိန္နဲ စသည့် ဥယျာဉ်ခြံသီးနှံပင်များ၏ စိုက်ခင်းများတွင် ပြုလုပ်နိုင်ကြသည်။ အချို့မှာ အဝါရောင်ကတ်ပြားများဖြင့် ထောင်ချောက်ပြုလုပ်ချိတ်ဆွဲကြသည်။ ပဲပုပ်၊ ပဲလွမ်းစိုက်ခင်းများတွင် ကျရောက်လေ့ရှိသော ပဲကြမ်းပိုးကို ကာကွယ်နှိမ်နင်းရာတွင် ထောင်ချောက်သီးနှံအဖြစ်ပြောင်းဖူးပင်၊ ဝါပင်၊ ဆေးရွက်ကြီးပင် စိုက်ပျိုးကြလေ့ရှိသည်။ ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် သီးနှံမစိုက်ပျိုးခင် မြေပြုပြင်ချိန် စိုက်ခင်းဘေးပတ်လည်တွင် ပေါင်းမြက်များ၊ သစ်ရွက်ခြောက်အမှိုက်များ စုပုံချထားလျှင်ပိုးမွှားများ လာရောက်ခိုအောင်းပြီး နှိမ်နင်းကြသည်မှာလည်း အမှိုက်ထောင်ချောက်ဖြစ်သည်။ အထူးသဖြင့်ကိုင်းကျွန်းသဲသောင်ပြင်၊ မြေနုကျွန်းစိုက်ခင်းများတွင် ကျရောက်သော ပုရစ်ကို ဤနည်းဖြင့် နှိမ်နင်းကြသည်။ ယင်ဖြူ၊ သစ်ရွက်ခြေပုံဂျပိုးလည်း နှိမ်နင်းနိုင်သည်။ မြေအောင်းပုရစ်နှင့် ကြွက်တို့ကို အစာနှင့် ပိုးသတ်ဆေးရောနှော၍ ထောင်ချောက်အစာများကိုချထားနိုင်ကြသည်။ပိုးမွှားနှင့် အပင်ရောဂါ ကာကွယ်နှိမ်နင်းမှုတွင် သီးနှံအားလုံးအတွက် အမြဲညွှန်ပြနေကြသည်မှာ ပေါင်းမြက်ရှင်းလင်းရေးဖြစ်ပါသည်။ ရှင်းလိုက်သော ပေါင်းမြက်တို့ကို ထောင်ချောက်အမှိုက်ပြုလုပ်ပြီးစုပုံထားကာ ရက်ကြာကြာမထားဘဲ တစ်ရက်၊ နှစ်ရက်ထားရှိ၍ နံနက်စောစောအချိန်တွင် အမှိုက်ကို မီးရှို့ခြင်းဖြင့် သီးနှံမစိုက်ခင်ကြိုတင် ကာကွယ်နှိမ်နင်းနိုင်ကြပါသည်။ စိုက်ခင်းတစ်ခင်းမှ တစ်ခင်းသို့ကူးဖြတ်မသွားနိုင်ရန် စိုက်ခင်းဘေးပတ်လည်တွင် ရေမြောင်းတူးထားခြင်းဖြင့် ရေရရှိသောမြောင်းထဲ ပိုးလောက်ကောင်များကျရောက်ပြီး နံနက်စောစောတွင် ကောက်ယူဖျက်ဆီးခြင်းဖြင့် ကာကွယ်နှိမ်နင်းမှုကိုပဲစိုက်ခင်း၊ ဟင်းသီးဟင်းရွက်စိုက်ခင်း၊ စပါးစိုက်ခင်းများတွင် အဓိကဖျက်သောငမြှောင်တောင်ဖျက်ပိုးကို ထောင်ချောက်ရေမြောင်းတူး၍ ပြုလုပ်နိုင်ကြသည်။ ရေမြောင်းသည် အကျယ်နှစ်ပေ၊ အနက်တစ်ပေဖြင့် ပြုလုပ်နိုင်သည်။ ငမြှောင်တောင်ကဲ့သို့ ညနေ နေစောင်းချိန်မှ ညဘက်အထိ ထွက်လေ့ရှိသော ဖျက်ပိုးဖလံများကို ပိုးဖလံမျိုး မီးကိုတိုးဆိုသကဲ့သို့ မီးရောင်ထောင်ချောက်ဖြင့် ထိရောက်စွာနှိမ်နင်းနိုင်ကြပါသည်။ ငမြှောင်တောင်၊ သီးထိုးပိုး၊ ပဲသီးစားပိုး၊ စပါးနှံစုပ်ပိုး၊ ဖြုတ်ပိုး၊ စပါးဆစ်ပိုး၊ ဥယျာဉ်ခြံသီးထိုးပိုး၊ ညထွက်ဖလံအမများကို မီးရောင်ဖြင့်ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်သည်။ ယခင်က ရေနံဆီ၊ ရေနံချေး မီးတုတ်များဖြင့် ညဘက်ထွန်းကြသော်လည်း ယခုအခါဆိုလာမီးအိမ်များနှင့် မီးအိမ်အောက်တွင် ပိုးကျသည့်အိတ်၊ ဆန်ခါ တွဲလျက် လယ်ထဲ၊ ခြံထဲသုံးနိုင်သော ကိရိယာများရှိလာကြပြီ ဖြစ်ပါသည်။
ကိုရဲ(စိုက်ပျိုးရေး)မြန်မာတောင်သူကြီးများ ဂျာနယ်
✦✦✦✦✦✦✦✦
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။
စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752