ကြက်သွန်တွင် အဓိကကျရောက်သောရောဂါများ
(၁) ကြက်သွန်နီဥပုပ် ၊ အပျော့ပုပ်ရောဂါ
ကြက်သွန်ဥအမြစ်နှင့် ဥမှတစ်ဆင့် ဘက်တီးရီးယား ဝင်ရောက်မှု ကြောင့် ဥမှာပျော့၍ ပုပ်သွားပြီး အနံ့ဆိုး ထွက်နေသည်။ ။ ပုပ်သွားသည့် ဥတွင် မြေမှုန်များ ကပ်မနေပါက Pseudomonas ဘက်တီးရီးယားကြောင့် ဖြစ်သည့် ရောဂါဖြစ် သည်။ ဥပတ်လည်တွင် မြေမှုန်များ ကပ်ပါနေပါက Erwinia ဘက်တီးရီးယားကြောင့် ဖြစ်သည်။ ကာကွယ်နှိမ်နှင်းရန်မှာ နိုက်ထရိုဂျင် မြေသြဇာများစွာ ထည့်မှုကိုရှောင်ပါ။ မတူးဖော်မီ (၂-၃) ပတ်အတွင် မလိုအပ်ဘဲ ရေသွင်း ရေလောင်းခြင်း မပြုရ။ အခြားသီးနှံများနှင့် သီးလှည့်စိုက်ပါ။
(၂) ဒေါင်းနီးရွက်ခြောက်ရောဂါ
ကြက်သွန်မြိတ်ပေါ်တွင် အဖြူရောင်အစက် အစုအဝေးအဖြစ် စတင် တွေ့ရသည်။ မကြာမီ ပေါင်းစပ်သွားပြီး အဝါဖျော့ရောင် အကွက်ကြီး ဖြစ်လာကာ အနာကွက်ကြီး တစ်ခုနှင့်တစ်ခု ပေါင်းစပ်မှုကြောင့် ကြက်သွန်မြိတ် တစ်ခုလုံး ခြောက်သွားသည်။ အေး၍ နှင်းများသည့် ရာသီတွင် ကြက်သွန်မြိတ်အများစုသို့ ရောဂါကူးစက်ပါက ဥကြီးထွားမှု ကို ထိခိုက်ပြီး အထွက်သိသာစွာ လျော့စေပါသည်။
(၃) တောက်တဲ့မြီးရောဂါ
ကြက်သွန်မြိတ်ပေါ်တွင် အဝါဖျော့ရောင် ဘဲဥပုံ ရှည်မျောမျော အနာကွက်အဖြစ် စတင်တွေ့ရသည်။ အနာကွက် တဖြည်းဖြည်း ကျယ်ပြန့်လာသော်လည်း ဘဲဥပုံပင်ရှိသည်။ မကြာမီ အနာကွက် အလယ်ပိုင်းတွင် ပန်းရောင် ပြောင်းသွားသည်။ အနာကွက် နေရာ သည် ပါးလွှာသွားသဖြင့် ကြက်သွန်မြိတ် ကျိုးကျခြင်းနှင့် အနာ ကွက်များ ပေါင်းပြီး အမြိတ်ခြောက် သွားခြင်းကြောင့် ဥ ကြီးထွားမှုကို ထိခိုက်လျော့နည်းစေသည်။ အစေ့ထုတ်သည့် ကြက်သွန်ခင်းတွင် ပွင့်ခံတိုင်၌ကျပါက အစေ့မတည်မီ ပွင့်ခံတိုင် ကျိုးကျမှုကြောင့် အစေ့ မတည်ဘဲ မျိုးစေ့အထွက် သိသာစွာ လျော့နည်းစေပါသည်။
(၄) ဂျိုလိမ် (သို့) လည်လိမ်ရောဂါ
ကြက်သွန်မြိတ် အဖျားပိုင်းသည် လွတ်လပ်စွာ သီးခြားထောင်မတ် နိုင်ခြင်းမရှိဘဲ တစ်မြိတ်တည်း လိမ်နေခြင်း (သို့) အခြားအမြိတ်များ နှင့်တွဲ၍ လိမ်နေခြင်း ဖြစ်တတ်သည်။ ကြက်သွန်ဖြူတွင် အမြိတ်များ ထောင်မတ်မှုမရှိဘဲ ကွင်းအဖြစ် လိမ်နေသည်ကို ပိုမို တွေ့ရသည်။ အထိရောက်ဆုံး ကာကွယ်နှိမ်နှင်းနည်းမှာ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို နှစ်စဉ် ဆက်တိုက်မစိုက်ဘဲ အခြား သီးနှံများနှင့် အလှည့်ကျစိုက်ပျိုးပါ။
(၅) ခါးရိရောဂါ
ပျိုးပင် ထူလွန်းပြီး မြေအစိုဓာတ်များပါက ရောဂါ ပိုမိုဆိုးရွားသည်။ အပင်ခြေတွင် ရေစိုနာကွက်များ ဖြစ်ပေါ်၍ ၎င်းနေရာမှ ပျော့လာကာ ခါးရိပြီး အပင်လဲကျသွားသည်။ ရောဂါပြင်းထန်ပါက မျိုးစေ့မှ အညှောင့်ပေါက်ခါစတွင် ခါးရိ သေဆုံးသည်။ ကာကွယ်နှိမ်နှင်းနည်းရန်မှာမျိုးစေ့ကို မှိုဆေး (သို့မဟုတ်) မျိုးစေ့လူးနယ်ဆေး တစ်မျိုးမျိုး နှင့် လူးနယ်ပြီးမှ စိုက်ပျိုးပါ။ ပျိုးခင်း၊ စိုက်ခင်းပြုလုပ်မည့် မြေကွက်အား ၎င်းမှိုသတ်ဆေးဖြင့် ပတ်ဖျန်း ပြီးမှ ပျိုးထောင် စိုက်ပျိုးပါ။
✦✦✦✦✦✦✦✦✦✦✦✦
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။
စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752