ပြောင်းဖူးစိုက်ပျိုးသည့်မြေအလိုက် သုံးစွဲသင့်သည့် နိုက်ထရိုဂျင်မြေသြဇာ
မြေဆီသြဇာ ထက်သန်သော နုန်းမြေ၊ ရွှံ့စေးနုန်းမြေနှင့် သဲနုန်းမြေတို့သည် ပြောင်းဖူး စိုက်ပျိုးရန် အကောင်းဆုံးဖြစ်သည်။သဲမြေ၊ ကျောက်စရစ်မြေ၊ ရေဝပ်သောမြေနှင့် စမ်းပေါက်သောမြေတို့တွင် မစိုက်ပျိုးသင့်ပါ။ သို့သော် နိုင်ငံတစ်ဝန်း တစ်နံ တစ်လျား၌ သဲ၊ နုန်း၊ မြေစေးပါဝင်မှု အချိုးအစားအမျိုးမျိုးရှိသောမြေတွင် ပြောင်းဖူးကို စိုက်ပျိုးလျက်ရှိပါသည်။
နိုက်ထရိုဂျင်၊ဖော့စ်ဖားရပ်နှင့် ပိုတက်စီယမ်တို့သည် ပြောင်းဖူးအတွက်မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များဖြစ်သည်။ အရေးပါသောအာဟာရဓာတ်မှာနိုက်ထရိုဂျင်ဖြစ်သည်။
စိုက်ပျိုးမြေအများစု၌ ပြောင်းဖူးအတွက် ပြည့်စုံလုံလောက်သောအာဟာရဓာတ်ပမာဏ ပါဝင်လေ့မရှိပါ။ ပြောင်းဖူးစိုက်ပျိုးရာတွင် အထွက်နှုန်းမြင့်မားရန် ထည့်သွင်းပေးသင့်သည့် နိုက်ထရိုဂျင် ပမာဏမှာတစ်ဧကလျှင် ပေါင် ၁၀၀ မှ ပေါင် ၂၀၀ ဖြစ်သည်ဟု သိရသည်။မြန်မာနိုင်ငံတွင် အသုံးများသော နိုက်ထရိုဂျင်မြေသြဇာမှာ ယူရီးယားဖြစ်သည်။ ယူရီးယားတွင် နိုက်ထရိုဂျင် ၄၆ ရာခိုင်နှုန်း ပါဝင်သည်။ သို့ဖြစ်၍ ပြောင်းဖူးစိုက်ပျိုးရာတွင် ယူရီးယားမြေသြဇာကို တစ်ဧကလျှင် ၂၂၄ ပေါင်မှ ၄၄၈ ပေါင်သုံးစွဲရန်ထောက်ခံထားသည်။ သို့မှသာ ထည့်သွင်းပေးသင့်သည့် နိုက်ထရိုဂျင်အာဟာရပမာဏကို ပြည့်မီမည် ဖြစ်ပါသည်။
ပြောင်းဖူးအတွက် နိုက်ထရိုဂျင်မြေသြဇာသုံးစွဲရန် ထောက်ခံချက်သည် စင်စစ် ယေဘုယျအားဖြင့် သတ်မှတ်ထားခြင်းဖြစ်သည်။ စိုက်ပျိုးရေးတွင် မည်သည့်အရာမျှ ပုံသေသတ်မှတ်ထား၍ မရချေ။စိုက်ပျိုးသည့် ဒေသ၊ ရေ၊ မြေပေါ် မူတည်ပြီး မိမိစိုက်ပျိုးမြေအတွက် အမှန်တကယ်သုံးစွဲသင့်သည့် နိုက်ထရိုဂျင်မြေသြဇာနှုန်းကို သတ်မှတ်နိုင်က ပိုမိုသင့်တော်ပါမည်။ အကြောင်းမှာစိုက်ပျိုးမြေတွင်ရှိသည့် နိုက်ထရိုဂျင်အာဟာရသည် လည်းကောင်း၊ပြောင်းဖူးပင်၏ နိုက်ထရိုဂျင် အာဟာရ ရယူသုံးစွဲမှုသည်လည်းကောင်း အခြေအနေအရပ်ရပ်အပေါ်တွင် မူတည်နေသောကြောင့် ဖြစ်ပါသည်။
စိုက်ပျိုးမြေတစ်ကွက်အတွက် ထည့်သွင်းသင့်သည့် နိုက်ထရိုဂျင်မြေသြဇာနှုန်းကိုသတ်မှတ်ရန် စဉ်းစားသင့်သည့်အချက်များမှာ (၁) မြေအမျိုးအစား၊ (၂) သုံးစွဲမည့်မြေသြဇာ၊ (၃) သီးထပ်သီးလှည့်သီးနှံပုံစံ၊(၄) ထွန်ရေးပြုပြင်မှု၊ (၅) ရာသီဥတုနှင့် (၆) မြေသြဇာနှင့် ပြောင်းဖူးဈေးနှုန်းတို့ ဖြစ်ပါသည်။ ထိုအချက်များကို သုံးသပ်ပြီး ပြောင်းဖူးစိုက်ပျိုးသည့်မြေအလိုက် သုံးစွဲသင့်သည့် နိုက်ထရိုဂျင်မြေသြဇာနှုန်းကို သတ်မှတ်နိုင်ပါသည်။
မြေအမျိုးအစား
ပြောင်းဖူးစိုက်ပျိုးသည့် မြေအမျိုးအစားတွင် နုန်း၊ သဲ၊ မြေစေးပါဝင်မှု အချိုးအစားအရ ဖွဲ့စည်းတည်ရှိမှု၊ စိုက်ပျိုးရေးအတွက်အသုံးဝင်သည့် မြေဆီလွှာထုအတိမ်အနက်၊ မြေဆီလွှာတွင် အော်ဂဲနစ်ပစ္စည်းပါဝင်မှုပမာဏ၊ ရေစိမ့်ဆင်းနိုင်မှုအခြေအနေ
စသည်တို့ ပါဝင်သည်။ နိုက်ထရိုဂျင်အာဟာရဓာတ် လိုအပ်မှုသည် ဖော်ပြပါမြေအမျိုးအစားအခြေအနေအမျိုးမျိုးအရ ကွာခြားနိုင်ပါသည်။နုန်းမြေသည် နိုက်ထရိုဂျင်အာဟာရလိုအပ်မှု နည်းသည်။ ထို့ကြောင့် မြေသြဇာကို လျှော့ချအသုံးပြုနိုင်သည်။
မြေစေးမြေသည် အာဟာရထိန်းသိမ်းနိုင်မှု အားကောင်းသည်။ လေလွင့်ဆုံးရှုံးမှု နည်းနိုင်သဖြင့် မြေသြဇာထည့်သလောက်အကျိုးရှိသည်။ သို့ဖြစ်၍ ထောက်ခံချက်အတိုင်း လိုက်နာထည့်သွင်းလျှင် အထွက်ပိုမည်။ သို့သော် သဲမြေသည် အာဟာရကို ကြာရှည်စွာထိန်းထားနိုင်ခြင်း မရှိပေ။ လေလွင့်ဆုံးရှုံးနိုင်သည်။ သို့ဖြစ်၍ ထောက်ခံချက်ထက် ပိုမိုထည့်သွင်းသင့်သည်။ထိုမျှမက နှစ်ကြိမ်၊ သုံးကြိမ်ခွဲ၍ နိုက်ထရိုဂျင်မြေသြဇာကို အလီလီကျွေးသင့်ပါသည်။
သုံးစွဲမည့်မြေသြဇာ
ပြောင်းဖူးအတွက် နိုက်ထရိုဂျင်အာဟာရရရှိစေရန် သုံးစွဲနိုင်သည့် မြေသြဇာများစွာရှိသည်။ ဓာတ်မြေသြဇာတွင် ယူရီးယားနှင့် အမည်အမျိုးမျိုးဖြင့်ရောင်းချသော ကွန်ပေါင်းမြေသြဇာများကို သုံးစွဲနိုင်သည်။ သဘာဝမြေသြဇာများတွင် ကြက်ချေး၊ဘဲချေး၊ ငှက်ချေး စသည့် တိရစ္ဆာန်ချေးများနှင့် မြေဆွေးတို့ကို သုံးစွဲနိုင်သည်။ မြေသြဇာတစ်မျိုးနှင့်တစ်မျိုးသည် နိုက်ထရိုဂျင်အာဟာရဓာတ်ပါဝင်မှု မတူညီပါ။မြေသြဇာထည့်သွင်းနည်းစနစ် ပေါ်မူတည်၍လည်းသုံးစွဲသင့်သည့်မြေသြဇာပမာဏကိုခွဲခြားသတ်မှတ်ရန် လိုအပ်သည်။
ပြောင်းဖူးစိုက်ပျိုးရာတွင် နိုက်ထရိုဂျင်မြေသြဇာကိုမြေခံအဖြစ်စိုက်ပျိုးချိန်တွင် ထည့်သွင်းခြင်း၊ မြေခံသာမက ပြောင်းဖူးအပင်ခြေတွင်တစ်ကြိမ် ထည့်သွင်းခြင်း၊ နှစ်ကြိမ်ထည့်သွင်းခြင်း စသည်ဖြင့် ထည့်သွင်းနည်းစနစ်အမျိုးမျိုးရှိသည်။ သုံးစွဲသည့် မြေသြဇာအမျိုးအစား၊ ထည့်သွင်းနည်းစနစ်တို့အပေါ် မူတည်ပြီး နိုက်ထရိုဂျင်မြေသြဇာပမာဏကို သတ်မှတ်ရန် ဖြစ်ပါသည်။
သီးထပ်သီးလှည့်သီးနှံပုံစံ
မြန်မာနိုင်ငံတွင် တစ်နှစ်အတွင်းပြောင်းဖူးတစ်သီးသာစိုက်ပျိုးသောစနစ် နည်းပါးသည်။ ပြောင်းဖူးမစိုက်ပျိုးမီနှင့် စိုက်ပျိုးရိတ်သိမ်းပြီး အချိန်များတွင် သီးနှံတစ်မျိုးမျိုးကို စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးသင့်သည့်သီးနှံမှာ ပဲမျိုးစုံသီးနှံဖြစ်ပါသည်။ ပြောင်းဖူး
သည် မြေဆီသြဇာကို လွန်စွာစုပ်ယူစားသုံးသဖြင့် ပြန်လည်ဖြည့်တင်းရန် ဤသို့ ပြောင်းဖူး-ပဲမျိုးစုံ၊ ပဲမျိုးစုံ-ပြောင်းဖူးသီးနှံပုံစံကို ကျင့်သုံးရန်ဖြစ်ပါသည်။ မြေဆီလွှာဖွံ့ဖြိုးစေသော သီးထပ်သီးနှံပုံစံသာမက သီးနှံအလှည့်ကျ စိုက်ပျိုးနည်းစနစ်ကိုလည်းကျင့်သုံးသင့်သည်။
သီးနှံအလှည့်ကျစိုက်ပျိုးနည်းစနစ်မှာ သီးနှံမျိုးတူကို နှစ်စဉ်ဆက်တိုက် ပုံစံတူစိုက်ပျိုးခြင်းမပြုဘဲအလှည့်ကျစိုက်ပျိုးခြင်းဖြစ်သည်။ဥပမာ- ပြောင်းဖူးနှင့် မြေဆီသြဇာဖွံ့ဖြိုးစေသော ပဲပုပ်၊ ပဲလွမ်း စသည့် ပဲမျိုးစုံသီးနှံအတွဲ အမျိုးမျိုးကို တစ်နှစ်ခြား သို့မဟုတ်နှစ်နှစ်ခြား အလှည့်ကျစိုက်ပျိုးခြင်းဖြစ်သည်။ ဤသို့ သီးနှံအလှည့်ကျစိုက်ပျိုးသည့်မြေတွင် နိုက်ထရိုဂျင် အာဟာရလိုအပ်မှုနည်းမည်ဖြစ်သဖြင့် မြေသြဇာပမာဏကို လျှော့ချသုံးစွဲနိုင်မည် ဖြစ်ပါသည်။ ပဲမျိုးစုံပါသောသီးနှံပုံစံ သို့မဟုတ် သီးနှံအလှည့်ကျ စိုက်ပျိုးခြင်း မလုပ်နိုင်ပါက ပြောင်းဖူးမစိုက်မီ မြေတွင် ကြားခံသီးနှံ တစ်မျိုးမျိုးကိုစိုက်ပျိုး၍ မြေဆီလွှာကို ဖုံးအုပ်ထားနိုင်သည်။ ဤသို့ဖြင့် နိုက်ထရိုဂျင်အာဟာရလိုအပ်မှုကို အထိုက်အလျောက် လျော့နည်းအောင်ဆောင်ရွက်နိုင်သည်။ ထိုသို့သောမြေတွင် ပြောင်းဖူးစိုက်ပျိုးရာ၌ မြေသြဇာလိုအပ်မှုပမာဏ လျော့နည်းမည်ဖြစ်ပါသည်။
ထွန်ရေးပြုပြင်မှု
မိုးရာသီပြောင်းဖူးစိုက်ပျိုးရန် မြေကို ယခင်နှစ် ဆောင်းရာသီသီးနှံ ရိတ်သိမ်းပြီးသည်နှင့် တစ်ပြိုင်နက် နွေထယ်ရေးကို နက်နက်ထိုးထားရန်လိုသည်။ ဤသို့ဖြင့် မိုးဦးကျချိန်ရွာသွန်းသောမိုးရေကို အခြားသို့စီးဆင်းသွားစေခြင်းမရှိဘဲ မြေအတွင်းသို့စိမ့်ဝင်သွားစေကာ မြေဆီလွှာကို ဖွံ့ဖြိုးစေမည် ဖြစ်ပါသည်။ မိုးရာသီတွင် ထယ်ထိုးခြင်း၊ ထွန်မွှေခြင်းတို့ကို အဆင့်ဆင့်ဆောင်ရွက်သည့် မြေပြုပြင်ခြင်းလုပ်ငန်းများ ကောင်းသည်နှင့်အမျှ နိုက်ထရိုဂျင်အာဟာရကို ပိုမိုရယူနိုင်စေမည်။ ထည့်ပေးသမျှ ထိန်းထားနိုင်စေမည်။ သို့ဖြစ်၍ နိုက်ထရိုဂျင်မြေသြဇာသုံးစွဲရန် လိုအပ်မှုနည်းမည် ဖြစ်ပါသည်။ ယခင်နှစ်ဆောင်းရာသီ သီးနှံပင်အကြွင်းအကျန်များကို ထယ်ထိုးထွန်မွှေ၍ မြေအတွင်း စနစ်တကျမြှုပ်ပါက မြေဆွေးမြေသြဇာဖြစ်စေသည်။ မြေကိုအာဟာရပိုမိုကြွယ်ဝစေသည်။ ထွန်တိုက်၍ လက်ဖြင့်ကောက်ယူဖယ်ရှားပစ်ပါက နိုက်ထရိုဂျင်အာဟာရကို ရယူထိန်းသိမ်းနိုင်မှု အားနည်းစေသည်။ သို့ဖြစ်၍ နိုက်ထရိုဂျင်မြေသြဇာပိုမိုလိုအပ်မည် ဖြစ်ပါသည်။
ရာသီဥတု
ပြောင်းဖူးကို တစ်နှစ်ပျမ်းမျှမိုးရေချိန် ၃၅ လက်မခန့် ရွာသွန်းပြီး အမြင့်ဆုံးအပူချိန် ၈၅ ဒီဂရီဖာရင်ဟိုက်နှင့် အနိမ့်ဆုံးအပူချိန်၇၀ ဒီဂရီဖာရင်ဟိုက်အတွင်းရှိသောဒေသများ၌ အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်သည်ဟု သိထားသည်။ အရေးအကြီးဆုံး
အချက်မှာ ပြောင်းဖူးအပင်ပေါက်သည်မှ ရင့်မှည့်သည်အထိ သက်တမ်းကာလအတွင်း မိုးရွာသွန်းမှု ညီညာမျှတရန် လိုအပ်ပါသည်။ပြောင်းဖူးပင် အတန်းကြား အပင်ခြေ၌နိုက်ထရိုဂျင်မြေသြဇာထည့်သည့် ကာလနှင့် မိုးကြီးရွာသွန်းချိန် ကြုံကြိုက်
ပါက မိုးရွာသွန်းမှုနည်းပါးသော အခြေအနေထက် နိုက်ထရိုဂျင်၏ အကျိုးအာနိသင်ကို ပိုမိုရရှိစေသည်ဟု ဆိုပါသည်။
မိုးခေါင်မှုနှင့် ကြုံကြိုက်ပါက အပင်က နိုက်ထရိုဂျင်ကို ရယူစားသုံးနိုင်မှု လျော့နည်းစေပြီး ပြောင်းဖူးအထွက် လျော့နည်းစေသည်။သို့ဖြစ်၍ မိုးကြီးရွာခြင်း၊ မိုးသင့်တင့်ခြင်း၊ မိုးခေါင်ခြင်း စသည့် ရာသီဥတုအခြေအနေနှင့် လိုက်လျောညီစွာ နိုက်ထရိုဂျင်မြေသြဇာကိုကျွေးပေးရန် ဖြစ်ပါသည်။
မြေသြဇာနှင့် ပြောင်းဖူးဈေးနှုန်း
ကုန်ဈေးနှုန်း အတက်၊ အကျသည် အချိန်အခါအလိုက် ပြောင်းလဲမှုရှိသည်။ စိုက်ပျိုးချိန်တွင် ပြောင်းဖူးဈေးနှုန်းမြင့်ပြီး သီးနှံပေါ်ချိန်တွင် ပြောင်းဖူးဈေးနှုန်း ကျလေ့ရှိသည်။ မြေသြဇာဈေးနှုန်းသည် အခြားကုန်ဈေးနှုန်းများနည်းတူ တက်လေ့ရှိပါသည်။နိုက်ထရိုဂျင်မြေသြဇာ ပိုမိုသုံးစွဲက ပြောင်းဖူးအထွက်တိုးမည်ဟု လယ်သမားများ ယုံကြည်ပြီးဖြစ်သည်။ သို့သော် ပြောင်းဖူးပေါ်ချိန်တွင် ပြောင်းဖူးဈေးနှုန်းကျမည်ကို စိုးရိမ်ခြင်းကြောင့် မြေသြဇာသုံးစွဲမည့်ပမာဏတိုးလိုမှုကို စွန့်စားလိုခြင်း ရှိမည်မဟုတ်ပါ။
မြေသြဇာဈေးနှုန်းမြင့်မားသည့် အခြေအနေတွင် ပို၍လက်တွန့်လေ့ရှိပါမည်။ သို့ဖြစ်၍ မြေသြဇာဈေးနှုန်းနှင့်ပြောင်းဖူးဈေးနှုန်းတို့အပေါ် မူတည်ပြီး နိုက်ထရိုဂျင်မြေသြဇာသုံးစွဲမှု ပမာဏကို ပြောင်းလဲလေ့ရှိကြောင်း လေ့လာသိရှိရပါသည်။သို့ဖြစ်၍ ပြောင်းဖူးစိုက်ပျိုးရာတွင် စိုက်ပျိုးသူ တောင်သူလယ်သမားအချို့သည် ယူရီးယားမြေသြဇာ ၁၁၂ ပေါင်သာသုံးစွဲသည်။ အချို့မှာ ၂၂၄ ပေါင်မှ ၄၄၈ ပေါင်အတွင်း သုံးစွဲသူလည်းရှိသည်။ တစ်ဦးနှင့် တစ်ဦး မတူချေ။ အခြေအနေအရပ်ရပ်ကိုသုံးသပ်ပြီး ဤသို့ နိုက်ထရိုဂျင်မြေသြဇာနှုန်းထားအမျိုးမျိုးကို သုံးစွဲနေခြင်းဖြစ်ကြောင်း ထင်ရှားပါသည်။ပြောင်းဖူးစိုက်ပျိုးသူ တောင်သူလယ်သမားများသည် တစ်ဧကအထွက်နှုန်းမြင့်မားရေးကို လိုလားသည်။
သို့သော်အကျိုးအမြတ်ဝင်ငွေကောင်းရေးကို ပိုမိုလိုလားသည်။ အထွက်ကောင်းသော်လည်း စိုက်ပျိုးကုန်ကျစရိတ်များပြားပြီး ဝင်ငွေနည်းပါကဈေးကြီးသောမြေသြဇာကို သတ်မှတ်ထောက်ခံချက်အတိုင်း လိုက်နာသုံးစွဲရန် ဝန်လေးနေမည် ဖြစ်ပါသည်။သို့ဖြစ်၍ သတ်မှတ်ထောက်ခံချက်အတိုင်း နိုက်ထရိုဂျင်မြေသြဇာထည့်သွင်းခြင်း၊ လိုအပ်ပါက လျှော့ချသုံးစွဲခြင်းတို့ကို မိမိဒေသ၊ စိုက်ပျိုးသည့်ရာသီအချိန်ကာလ၊ ဖြစ်ပေါ်ကြုံတွေ့နိုင်သော ရာသီဥတုအခြေအနေ၊ မြေသြဇာဈေးနှုန်း၊ သီးနှံပေါ်ချိန်မျှော်မှန်းနိုင်သည့် ပြောင်းဖူးဈေးနှုန်းတို့ကိုသုံးသပ်ပြီး စီးပွားရေးအကျိုးအမြတ်ရှိနိုင်သည့် နိုက်ထရိုဂျင်မြေသြဇာနှုန်းထား ကိုသတ်မှတ်သုံးစွဲသင့်ကြပါသည်။
မောင်ဖူးဝေ(တောင်တွင်းကြီး)
မြန်မာတောင်သူကြီးများ ဂျာနယ်
-----
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - https://bit.ly/htwettoev2 ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။