အရည်သောက် အုန်းသီးစျေးများ ရန်ကုန်မှာ စျေးမြင့်တက်လာ
ယခုရက်ပိုင်း နေအပူချိန် မြင့်တက်လာသဖြင့် အရည်သောက် အုန်းသီးစျေးနှုန်းမှာ ရန်ကုန်တွင် မြင့်တက် နေကြောင်း ရောင်းချသူများနှင့် ဝယ်ယူသူများကြားမှ သိရပါတယ်။
လွန်ခဲ့သော လပိုင်းအတွင်းက အရည်သောက်အုန်းသီးတစ်လုံးလျှင် ၂၀၀၀ ကျပ်ဝန်းကျင်ဖြင့်သာ ရောင်း ချကြခြင်းများ ရှိသော်လည်း ယခုအခါ တစ်လုံးလျှင် ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်ကြားဖြင့် ရောင်းချခြင်း များလည်း ရှိလာခဲ့ပါတယ်။
“ကျွန်တော်တို့လည်း စျေးတက်ပြီးမရောင်းချင်ပါဘူး၊ ဝယ်စျေးကိုက တက်နေလို့လိုက်တက်ရတာပါ၊ အ ရောင်းအဝယ်က ကောင်းတာမျိုးကြောင့်မဟုတ်ဘူး၊ သယ်ယူခတွေတက်နေတာကြောင့် စျေးတွေလိုက်တက် နေ တာ”ဟုလည်း အရည်သောက် အုန်းသီးများကို ဂါလီများပေါ်တင်၍ လှည့်လည်ရောင်းချသူတစ်ဦးက ဆိုပါတယ်။
အဆိုပါ အုန်းသီးအများစုမှာ မြစ်၀ကျွန်းပေါ်ဒေသများရှိ ညောင်တုန်း၊ မအူပင်၊ ဒေးဒရဲနှင့် တွံတေး စသည့် ဒေသများမှ အများဆုံးဝင်ရောက်နေခြင်းဖြစ်ပြီး ကားဖြင့်ရောက်လာခြင်းရှိသလို ရေလမ်းမှမော်တော်ဖြင့် ရောက် လာခြင်းများလည်း ရှိပါတယ်။
အလွန်နုသည့် အရွယ်အစားများကို ကျန်းမာရေးအဖြစ် ရောင်းချလေ့ရှိပြီး အနည်းငယ်ရင့်သော အုန်းသီး များကို ဂျယ်လီအဖြစ်လည်းကောင်း၊ ဇွန်းခြစ် အဖြစ်လည်းကောင်း စသည်ဖြင့် အသီးသီးသတ်မှတ်၍ ရောင်းချ လေ့ ရှိကြပါတယ်။
“အရည်သောက်အုန်းသီးက ဇွန်းခြစ်အနေအထားမျိုးလောက်ပဲ စားလို့ကောင်းတယ်၊ အုန်းခြံပိုင်ရှင်တွေ က တအားနုတဲ့ အုန်းသီးတွေပါ ရောထည့်လိုက်ပြီး ပို့လာတာ၊ ဒီဖက်ပြန်ရောင်းသူတွေက ကျန်းမာရေးအုန်း သီး ဆိုပြီး တအားနုတဲ့အလုံးတွေပါ ထည့်ရောင်းတယ်၊ အရမ်းနုတော့ အရည်သောက်လို့မကောင်းဘူး၊ ချဉ်သလိုလို ဖန် သလိုလို အရသာမျိုးဖြစ်နေတယ်” ဟုလည်း ကိုယ်တိုင်ကြုံရသူတစ်ဦးက ပြောပါတယ်။
စျေးနှုန်းမြင့်ခြင်းကြောင့် ရောင်းအားကျနေပြီး ယခင်က တစ်ရက်လျှင် အနည်းဆုံး ၃၀ ခန့် ရောင်းရသော် လည်း ယခုအခါ တစ်ရက် လုံး ၂၀ ကုန်အောင်ပင် မနည်းရောင်းနေရကြောင်း အရည်သောက် အုန်းသီး ရောင်းချ နေသူတစ်ဦးကဆိုပါတယ်။
“ဒီနေ့ဆိုရင် မနက်ကတည်းက အခုညမိုးချုပ်ချိန်အထိ ၇ လုံးပဲရောင်းရသေးတယ်၊ ဒါတောင် ရပ်ကွက် လမ်းသွယ်တွေထဲ ပတ်ပြီးလိုက်ရောင်းနေလို့ ဒီလောက်ကုန်တာ၊ အရင်ကဆိုရင် လူသွားလူလာများတဲ့ လမ်းထိပ် လိုမျိုးမှာပဲ ဂါလီကိုထိုးထားတာ အလုံး ၃၀ လောက် အေးဆေးရောင်းရတယ်ဗျာ၊ အခုက တော်တော်လေးကို အ ရောင်းအဝယ်ကျဆင်းနေတာ”ဟုလည်း ရောင်းသူတစ်ဦးကဆိုပါတယ်။
ရန်ကုန်မြို့တွင် ကျန်းမာရေးအရအပါအဝင် အုန်းရည်သောက်သူများရှိလာပြီး အရည်သောက်အုန်းမှာ စျေးကွက်တစ်ရပ် ဖြစ်လာကြောင်း၊ အချို့မှာ နေ့စဉ်ပုံမှန်ဖောက်သည်အဖြစ် ဝယ်ယူလာခြင်းများရှိသော်လည်း နောက်ပိုင်းတွင် စျေးနှုန်းကြီးမြင့်လာမှုနှင့်အတူ အလွန်နုသည့် အုန်းသီးများကြောင့် အရည်အသွေးကျဆင်းကာ နှစ်သက်သူနည်းလာ၍ ယခင်ကပုံမှန်ဝယ်သူများမှာ ဝယ်ယူကြခြင်းမျိုးမရှိတော့ကြောင်းလည်း သိရပါတယ်။
ထွတ်ခေါင်(ရန်ကုန်)
Opinion Leaders Media မှ ကူးယူဖော်ပြပါသည်။
✦✦✦✦✦✦✦✦
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။
စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752