ကျင်ငယ်ရည်မှသည် ဓာတ်မြေသြဇာသို့
မြန်မာနိုင်ငံမှာ စိုက်ပျိုးရေး လုပ်ငန်းများကိုဆောင်ရွက်ကြရာမှာ လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းဆောင်ရွက်နိုင်ရန် အားထုတ်ကြိုးပမ်းဆောင်ရွက်နေကြပါတယ်။ သို့သော် စိုက်ပျိုးရေးရဲ့အခြေခံလုပ်ငန်းများဖြစ်တဲ့ ထယ်ထိုးခြင်း၊ထွန်ယက်ခြင်း စတဲ့ မြေယာပြုပြင်ခြင်းလုပ်ငန်းများနဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် ခိုင်းနွား၊ ခိုင်းကျွဲများကိုပင် အသုံးပြုနေရမှုများ ရှိနေသေးကြောင်း တွေ့ရပါတယ်။
တောင်သူများဟာ တိရစ္ဆာန်များကစွန့်ထုတ်လုပ်တဲ့ ကျင်ကြီး၊ ကျင်ငယ် စတဲ့စွန့်ပစ္စည်းများကို မြေသြဇာအဖြစ် ရှေးကာလများမှာကတည်းကပင် အသုံးပြုလာခဲ့ကြပါတယ်။ တိရစ္ဆာန်စွန့်ပစ္စည်းများထဲတွင်နိုက်ထရိုဂျင်၊ ဖော့စပါးရပ်၊ ပိုတက်စီယမ် စတဲ့ အပင်အတွက်လိုအပ်တဲ့ အာဟာရဓာတ်များ ပါဝင်နေပါတယ်။ မြန်မာနိုင်ငံကတောင်သူများဟာလည်း အစဉ်အလာအရခိုင်းနွား၊ ခိုင်းကျွဲများကရရှိတဲ့ မစင်များကိုမြေဆွေးပြုလုပ်ကာ မြေသြဇာအဖြစ် စိုက်ပျိုးမြေထဲ ထည့်သွင်းပေးကြပါတယ်။ နွားချေး၊ ကျွဲချေးများရဲ့ စုဆောင်းရရှိနိုင်မှု ပမာဏဟာ မွေးမြူထားတဲ့ အကောင်ရေပေါ်မူတည်နေတဲ့အတွက် အများအားဖြင့် နွားချေး၊ ကျွဲချေးမြေဆွေးများ ပြုလုပ်ကြရာမှာ တခြားသောအပင်ထွက်ပစ္စည်းများ၊ စားဖိုဆောင်စွန့်ပစ္စည်းများကို ပေါင်းစပ်ပေးကာ မြေဆွေးပိုမိုပွားလာစေရန် ဆောင်ရွက်ပေးကြပါတယ်။
နွားများ၊ ကျွဲများက စွန့်ထုတ်တဲ့ ကျင်ငယ်ရည်များကို မြေသြဇာအဖြစ် ပြန်လည်အသုံးပြုနိုင်ပါတယ်။ သို့သော် နွားချေးနဲ့ ကျွဲချေးများကိုမူ စနစ်တကျစုဆောင်းကာမြေဆွေးပြုလုပ်ကြသော်လည်း ကျင်ငယ်ရည်ကို စုဆောင်းကာ မြေဆွေးပြုလုပ်မှုများမှာမူ နည်းပါးနေသေးတာကိုတွေ့ရပါတယ်။ ကျွဲ၊ နွား တိရစ္ဆာန်များကို နည်းစနစ်ကျနစွာ မွေးမြူထားတဲ့ ခြံများမှာမူ စွန့်ထုတ်လိုက်တဲ့ ကျင်ငယ်ရည်များကိုစုဆောင်းကာမြေဆွေးပြုလုပ်ရာမှာ ထည့်သွင်းအသုံးပြုမှုများ ရှိပါတယ်။
စာရေးသူတို့ ကျောင်းသားဘ၀ စိုက်ခင်းများအတွက် အသုံးပြုတဲ့ ခိုင်းနွားများကို နွားတဲများနဲ့ စနစ်တကျ မွေးမြူထားကာစွန့်ထုတ်လိုက်တဲ့ ကျင်ငယ်ရည်များကိုမြောင်းသွယ်ပေးထားပြီး ကျင်းများထဲမှာ စုဆောင်းပေးထားပါတယ်။ စိုက်ခင်းများအတွက်မြေဆွေးများ လက်တွေ့ပြုလုပ်ကြရာမှာ စုဆောင်းထားတဲ့ နွားချေးနဲ့ နွားသေးများကို လက်ဖြင့် ရောမွှေပေးကာ ကောက်ရိုးများပေါ် ထည့်သွင်းရောနှောပေးပြီး မြေဆွေးပုံများ ပြုလုပ်ခဲ့ရတာကို မှတ်မိနေပါတယ်။ သတ္တဝါများက စွန့်ထုတ်လိုက်တဲ့ကျင်ငယ်ရည်မှာ အခြေခံဓာတ်ပစ္စည်းအဖြစ် ယူရီးယားပါဝင်နေပါတယ်။ ဒါကြောင့် ကျင်ငယ်ရည်ကို ယူရင်း (Urine) လို့ခေါ်ဆိုခဲ့ကြခြင်း ဖြစ်နိုင်ပါတယ်။ တိရစ္ဆာန်များရဲ့ ကျင်ငယ်ရည်ကို စုဆောင်းကာ မြေဆွေးများ ပြုလုပ်ရာတွင် အသုံးပြုခဲ့ကြသော်လည်းလူသားများ စွန့်ထုတ်လိုက်တဲ့ ကျင်ငယ်ရည်ကို စုဆောင်းကာ မြေဆွေးပြုလုပ်သုံးစွဲမှုမှာမူ အထူးနည်းပါးနေသေးတာကိုတွေ့ရပါတယ်။
တရုတ်နိုင်ငံမှာတော့ လူသားများက စွန့်ထုတ်လိုက်တဲ့ ကျင်ငယ်ရည်အပါအဝင်မစင်များကို စုဆောင်းကာ သီးနှံစိုက်ခင်းများထဲသို့ ထည့်သွင်းစိုက်ပျိုးကြကြောင်းသိရပါတယ်။ မစင်များနဲ့ ကျင်ငယ်ရည် ရောထားတဲ့မြေသြဇာကို Night soilလို့ ခေါ်ကြပါတယ်။ ယခုအခါ လူသားများရဲ့ ကျင်ငယ်ရည်ကို မြေသြဇာအဖြစ် ပြန်လည်ပြုပြင်အသုံးပြုနိုင်ရန် စမ်းသပ်ဆောင်ရွက်လာမှုများကို တွေ့လာရပါတယ်။
သီးနှံများ စိုက်ပျိုးထုတ်လုပ်ကြရာတွင် မြေကြီးကို အဓိကထားပြီး စိုက်ပျိုးနေခဲ့ကြတာ ဖြစ်ပါတယ်။ တိုးတက်လာနေတဲ့ကမ္ဘာ့လူဦးရေအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာများကို လုံလောက်စွာ ထုတ်လုပ်ပေးနိုင်ရန် စိုက်ပျိုးမြေဧရိယာ တိုးချဲ့ရရှိရေးမှာခက်ခဲလာနေပါတယ်။ ဒါကြောင့် သီးနှံများကို စိုက်ပျိုးထုတ်လုပ်ကြရာတွင် မြေကြီးကို သာမက မြေမဲ့စိုက်ပျိုးနည်းပညာများကိုလည်း အသုံးပြုလာနေကြပါပြီ။ တိုးတက်နေတဲ့နိုင်ငံများအနေနဲ့ လကမ္ဘာအပါအဝင် အာကာသထဲသို့ လေ့လာရေးခရီးများသွားရောက်နေကြပါပြီ။
ယခုအခါ အာကာသထဲတွင် အာကာသစခန်းများ တည်ထောင်ကာအာကာသစခန်းထဲတွင် လူသားများကာလကြာရှည်နေထိုင်ပြီး လိုအပ်တဲ့စမ်းသပ်မှုများ၊ သုတေသနလုပ်ငန်းများကိုလုပ်ဆောင်နေကြပါတယ်။ လူသားများအတွက် နေ့စဉ်စားသုံးရန် လိုအပ်တဲ့အစားအစာများကို ပံ့ပိုးမှုအစီအစဉ်များကို ဆောင်ရွက်ကြရာတွင် အာကာသထဲတွင်သီးနှံများကို စိုက်ပျိုးထုတ်လုပ်စားသုံးနိုင်ရေး စီမံကိန်းများလည်း ပါဝင်ပါတယ်။ အာကာသတွင် သီးနှံများ စိုက်ပျိုးရာတွင်လိုအပ်တဲ့ပစ္စည်းများအနက် အပင်များ ကြီးထွားဖွံ့ဖြိုးရန် လိုအပ်တဲ့ အာဟာရဓာတ်များ ဖြည့်ဆည်းပေးနိုင်ရေးလည်းပါဝင်ပါတယ်။
သို့အတွက် အာကာသထဲမှာပင် အပင်အတွက် ဓာတ်မြေသြဇာများ ရရှိရန်လိုအပ်မှာ ဖြစ်ပါတယ်။
အာကာသစခန်းများတွင် ရောက်ရှိနေကြတဲ့ အာကာသသုတေသီများဟာ အသက်ရှင်ရပ်တည်နေနိုင်ရန် လိုအပ်တဲ့အစားအစာများကို နေ့စဉ်စားသုံးရန် လိုအပ်နေရာ စားသုံးသီးနှံများကို အာကာသထဲတွင် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ် စားသုံးကြရန် စမ်းသပ်ဆောင်ရွက်နေကြပါတယ်။ စာသုံးလိုက်တဲ့ အစားအစာများအနက် စားသုံးမှုကပိုလျှံလာတဲ့ အစာဟောင်းများကိုကျင်ကြီးနဲ့ ကျင်ငယ်ရည်များအဖြစ် ပြန်လည်စွန့်ထုတ်ကြရပါတယ်။ ဒါကြောင့် စွန့်ထုတ်လိုက်တဲ့ ကျင်ကြီးနဲ့ ကျင်ငယ်ရည်များကိုလည်း ပြန်လည်အသုံးပြုနိုင်ရေးအတွက် စမ်းသပ်အသုံးပြုမှုများကို ဆောင်ရွက်နေကြပါပြီ။
သုတေသနဆောင်ရွက်မှုများအနက်လူသားများ စွန့်ထုတ်လိုက်တဲ့ ကျင်ငယ်ရည်ကို ဓာတ်မြေသြဇာအဖြစ် ပြောင်းလဲပြုလုပ်အသုံးပြုနိုင်ရေးလည်းပါဝင်ပါတယ်။ လူသားများ စွန့်ထုတ်လိုက်တဲ့ ကျင်ငယ်ရည်များဟာ တခြားသော စွန့်ပစ္စည်းများနဲ့အတူစွန့်ထုတ်လိုက်တဲ့ရေဆိုးထဲသို့ ရောက်ရှိသွားကာ ချောင်းများ၊ မြစ်များမှတစ်ဆင့်နောက်ဆုံးတွင် ပင်လယ်ထဲသို့ ရောက်ရှိသွားစေတာ ဖြစ်ပါတယ်။
သို့အတွက် လူသားများရဲ့ ကျင်ငယ်ရည်များဟာ ရေထုညစ်ညမ်းမှုကိုဖြစ်စေပြီး ပါဝင်နေတဲ့ နိုက်ထရိုဂျင်ဓာတ်များစုနေစေကာ ရေထဲတွင် ရေညှိများ ပေါက်ပွားလာစေမှု၊ အောက်ဆီဂျင်ဓာတ် လျော့ကျသွားစေကာ ငါး စတဲ့ ရေနေသတ္တဝါများရဲ့ ရှင်သန်ပေါက်ပွားရေးကိုပါထိခိုက်စေတဲ့အပြင် မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကိုလည်း မြင့်လာစေနိုင်ပါတယ်။
လူသားများရဲ့ ကျင်ငယ်ရည်ကို ဓာတ်မြေသြဇာအဖြစ် ပြောင်းလဲအသုံးပြုနိုင်စေရန် သုတေသီများက ဆောင်ရွက်နေကြရာတွင် ဆွီဒင်နိုင်ငံ စိုက်ပျိုးရေးတက္ကသိုလ်၊ ပတ်ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာဌာနမှ ပါရဂူဘွဲ့လွန်သုတေသီ ဂျင်းနာဆီနီကယ်ဦးဆောင်တဲ့ အဖွဲ့လည်း ပါဝင်ပါတယ်။ လူသားများ စွန့်ထုတ်လိုက်တဲ့ ကျင်ငယ်ရည်ဟာ သန့်စင်တဲ့ရေထဲ ရောသွားပြီး ရေကို ညစ်ညမ်းမှုဖြစ်သွားစေပါတယ်။
၂၀၁၇ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနအစီရင်ခံစာအရ ကမ္ဘာမြေရဲ့ စွန့်ပစ်လိုက်တဲ့ရေဆိုးရဲ့ ၈၀ ရာခိုင်နှုန်းဟာ ရေမှာပါဝင်နေတဲ့ အန္တရာယ်ဖြစ်စေနိုင်တဲ့အရာပစ္စည်းများကို သန့်စင်မှုပြုလုပ်ပေးမထားကြောင်းသိရပါတယ်။ ရေဆိုးသန့်စင်စက်ရှိတဲ့ စက်ရုံများမှာလည်း ရေထဲရောက်ရှိသွားတဲ့ကျင်ငယ်ရည်မှာပါဝင်တဲ့ နိုက်ထရိုဂျင်ဓာတ်ဟာ ရေနဲ့ရောသွားပြီးဖြစ်လို့ ပြင်းအားလျော့ကျသွားစေပါတယ်။ သို့အတွက် ထိုရေဆိုးများထဲတွင် နိုက်ထရိုဂျင်ဓာတ်အပါအဝင် တခြားသောဓာတ်ပစ္စည်းများကို ခွဲထုတ်ပေးရန် ခက်ခဲမှုကို ဖြစ်စေပါတယ်။ ဆီနီကယ်နဲ့ သုတေသီများဟာ လူတစ်ဦးချင်းက စွန့်ထုတ်လိုက်တဲ့ ကျင်ငယ်ရည်များကို စနစ်တကျ စုဆောင်းကာ ကျင်ငယ်ရည်က အယ်လကာလီဆီး (ကျင်ငယ်)အခြောက် (Alkaline Urine Dehydration) ဖြစ်ပေါ်လာစေမဲ့နည်းစဉ်ကို စမ်းသပ်ဆောင်ရွက်ခဲ့ကြပါတယ်။ ဒီနည်းစဉ်မှာကျင်ငယ်ရည်ကို အခြောက်ပြုလုပ်ရာတွင် ချဉ်-ငန်ကိန်း pH (ပီအိပ်ချ်) ကို မြှင့်ပေးစေနိုင်ရန် ပီအိပ်ချ်ကို မြင့်လာစေနိုင်တဲ့ထုံး သို့မဟုတ် မဂ္ဂနီဆီယမ်ဟိုက်ဒရောဆိုဒ်များကို အသုံးပြုဆောင်ရွက်တာ ဖြစ်ပါတယ်။
နောက်ဆုံးရလာတဲ့ ဓာတ်ပစ္စည်းဟာ ကျစ်လျစ်သိပ်သည်းကာ ရောဂါဖြစ်စေနိုင်တဲ့ ပစ္စည်းများ မပါဝင်တော့တဲ့ အမှုန့်ဖြစ်လာပါတယ်။ ဒီအမှုန့်မှာ အပင်အတွက်လိုအပ်တဲ့ အာဟာရဓာတ်များ ပါဝင်ကာ တောင်သူများအနေနဲ့ ဓာတ်မြေသြဇာအဖြစ်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ လူသားများရဲ့ ကျင်ငယ်ရည် ၂၁ လီတာမှ ဓာတ်မြေသြဇာအမှုန့်၂ ဒသမ ၂ ပေါင်ခန့် ရရှိနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ ရရှိလာတဲ့ အမှုန့်ဟာ အနံ့မရှိဘဲ လွယ်ကူစွာ သယ်ယူပို့ဆောင်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။သုတေသီများဟာ အမှုန့်မှ အခဲငယ်များ ဖြစ်လာစေရန် ဆောင်ရွက်နေကြကြောင်း သိရပါတယ်။ သုတေသီအဖွဲ့ဟာ ဆွီဒင်နိုင်ငံ စည်ပင်သာယာနယ်နိမိတ်အတွင်း ကျင်ငယ်ရည်ကို ခွဲခြားပေးနိုင်မဲ့ အိမ်သာများကို ရှေ့ပြေးစမ်းသပ်မှုအဖြစ် စမ်းသပ်ဆောင်ရွက်သွားရန် စီစဉ်နေကြပါတယ်။
ဒီအိမ်သာစနစ်မှာ ကျင်ငယ်ရည်ကို သီးခြားခွဲထုတ်ပေးစေကာ အမှုန့်အဖြစ် တိုက်ရိုက်ပြောင်းလဲထုတ်လုပ်ပေးစေနိုင်မယ်လို့ ဆိုပါတယ်။ သုတေသီများရဲ့ မျှော်မှန်းချက်ကတော့ ရှေ့ပြေးစမ်းသပ်စနစ်အောင်မြင်ခဲ့သော် အိမ်တိုင်းမှာ ဒီအိမ်သာမျိုးများကို အသုံးပြုလာကြပြီး ကမ္ဘာ့နိုင်ငံအများမှာလည်း လိုက်ပါဆောင်ရွက်လာကြလိမ့်မယ်လို့ ဆိုပါတယ်။ ဆွီဒင်သုတေသီအဖွဲ့ရဲ့ စမ်းသပ်မှုဟာအသစ်ဖြစ်နေသော်လည်း အမေရိကန်ပြည်ထောင်စု၊ဗားမောက်မှာရှိတဲ့ “ချမ်းသာတဲ့မြေဆိုတဲ့ အဖွဲ့အစည်း” (Rich Earth Institute) ဟာ ယခင်ကာလများမှာကတည်းကပင်မတူကွဲပြားတဲ့နည်းလမ်းကို အသုံးပြုကာ ကျင်ငယ်ရည်မှ မြေသြဇာအဖြစ် ပြောင်းလဲပေးနည်းကို အသုံးပြုခဲ့ကြတာကိုတွေ့ရပါတယ်။
ဒီစနစ်မှာ ကျင့်သုံးတဲ့ ကျင်ငယ်ရည်စုဆောင်းမှုဟာ ဆွီဒင်နည်းစနစ်ထက် ရိုးရှင်းပါတယ်။ လူတိုင်းကိုယ်တိုင် ဆောင်ရွက်နိုင်ကြမဲ့ နည်းစနစ်လို့ ဆိုပါတယ်။ ခွက်တစ်ခုနဲ့ ကတော့ကိုသုံးကာ အိမ်သာထိုင်ခုံတွင် တင်ထားပြီး ဆီးသွားရန်နဲ့ ရရှိတဲ့ ကျင်ငယ်ရည်ကို စုဆောင်းနိုင်မဲ့ဂါလန် ၅၀ ဆံ့ တိုင်ကီ သို့မဟုတ် ပုံးများတွင် ထည့်သွင်းထားကြရန် ဖြစ်ပါတယ်။ စုဆောင်းရရှိလာတဲ့ ကျင်ငယ်ရည်ကို မြေသြဇာအဖြစ် အသုံးပြုတာ ဖြစ်ပါတယ်။ ကျင်ငယ်ရည်မှာ ရောဂါပိုးများ ကင်းစင်စေရန် အပူပေးပိုးသတ်သန့်စင်စေရန် အပူချိန်ပြောင်းလဲပေးတဲ့ ပိုးသတ်နည်းကို အသုံးပြုပါတယ်။
ဒီအဖွဲ့ဟာ ပိုးသတ်ပြီးတဲ့ ကျင်ငယ်ရည်ရဲ့ စွမ်းဆောင်နိုင်မှုကို သိရှိနိုင်ရန် နွားစာမြက်စိုက်ခင်း လေးခုမှာ အသုံးပြုစမ်းသပ်ခဲ့ကြောင်း သိရပါတယ်။ သုတေသီအဖွဲ့ဟာ တစ်နှစ်လျှင် ကျင်ငယ်ရည်ဂါလန် ၁၀၀၀၀ ခန့် စုဆောင်းစမ်းသပ်နေကြောင်း သိရပါတယ်။ သယ်ယူပို့ဆောင်ရ လွယ်ကူစေရန် ကျင်ငယ်ရည်ကို အေးခဲစေကာ ပြင်းအားများတဲ့ ကျင်ငယ်ရည်ဖြစ်လာစေရန် စမ်းသပ်နေကြကြောင်း သိရပါတယ်။မကြာသောကာလတွင် လူသားများရဲ့ ကျင်ငယ်ရည်ကို မြေသြဇာအဖြစ် ပြောင်းလဲ အသုံးပြုမှုကို လူတိုင်း လက်ခံဆောင်ရွက်လာကြလိမ့်မယ်လို့ သုတေသီအဖွဲ့နှစ်ဖွဲ့စလုံးကယုံကြည်မျှော်လင့်နေကြကြောင်းပါခင်ဗျာ။
ဒေါက်တာစိန်လှဗိုလ်
မြန်မာတောင်သူကြီးများ ဂျာနယ်